backup og meta

ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ နို့ပွေး

ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ နို့ပွေး

မေမေတို့ ကလေးလေးတွေရဲ့ ပါးနားတစ်ဝိုက်မှာ၊ နဖူးမှာ နီရဲပြီး အဖက်လေးတွေ လန်နေမှာကို တွေ့ဖူးမှာပါ။ မေမေတို့ ထင်တာက ဒါက ကလေးကို ရေပုံမှန်မချိုးပေးလို့ ဒါမှမဟုတ် နို့တိုက်လို့ ဖြစ်တာလို့ တွေးကြမှာပါ။ တကယ်တော့ ဒါက ကလေးတွေမှာ အဖြစ်များတဲ့ နို့ပွေး ပါ။

နို့ပွေး ဆိုတာ

နို့ပွေးဆိုလို့ ဒါက လူကြီးတွေမှာ ဖြစ်တဲ့ ပွေးကွက်တွေ မဟုတ်ပါဘူး။ ပွေးလိုမျိုး အကွက်လိုက်လေးတွေ ပေါ်တတ်ပေမယ့် ဒါက ပွေးလို ကူးစက်ရောဂါမဟုတ်ပါဘူး။

မေမေတို့ နားလည်အောင် ပြောရရင် လူကြီးတွေမှာ ဖြစ်တဲ့ နှင်းခူနဲ့ တူပါတယ်။ အလာဂျီရောဂါနဲ့ အနီးစပ်ဆုံးတူပါတယ်။

ဘာလို့ ကိုယ့်ကလေးမှာမှ နို့ပွေးဖြစ်ရတာလဲ

တကယ်တော့ နို့ပွေးက တွေ့ရတာ မရှားပါဘူး။ မေမေတို့ကတော့ ထင်မှာပေါ့။ ဘာဖြစ်လို့ သူများကလေးတွေမှာ မဖြစ်ဘဲ ကိုယ့်ကလေးကျမှ လာဖြစ်ရတာလဲ။ ဘာတစ်ခုခုများ စားမိလို့လဲ။ ကလေးကို သန့်ရှင်းအောင် မထားလို့လား စသဖြင့်ပေါ့။ ကိုယ်လိုရာ ဆွဲတွေးမိတတ်ပါတယ်။

တကယ်တော့ နို့ပွေးက ဘာအကြောင်းကြောင့် ဖြစ်တယ်လို့ အတိအကျ ပြောလို့မရပါဘူး။ ကလေးမှာ နို့ပွေးမှာ ဖြစ်ချင်တဲ့ ဗီဇလေး ပါလာမယ်။ ပတ်ဝန်းကျင်ကလည်း အခြေအနေပေးတယ်ဆိုရင်  ဖြစ်တာပါပဲ။

ပတ်ဝန်းကျင်အခြေအနေဆိုတာက ကလေးက အသားခြောက်တာ၊ သူနဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ (ဥပမာ အဝတ်အထည်၊ ဆပ်ပြာ၊ တချို့သောအစားအစာ)တွေနဲ့ ထိတွေ့မိမယ်ဆိုရင် ခုခံအားက အလွန်အကျွံတုံ့ပြန်တာကြောင့် နို့ပွေးဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ကလေးမှာ နို့ပွေးဖြစ်ရတာ မေမေ့အပြစ် မဟုတ်လို့ ကိုယ့်ကိုယ်ကို စိတ်ညစ်စရာမလိုပါ။

ကလေးမှာ နို့ပွေးဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ဖြစ်လာနိုင်လဲ

ကလေးက ပါးနားမှာရဲနေတာ အဲ့တာ နို့ပွေးလား ဒါမှမဟုတ် တခြားအရေပြားပြဿနာတစ်ခုခု (ဥပမာ မိတ်)လား။ ဘယ်လိုခွဲကြမလဲ။

အကြမ်းဖျင်းတော့ နို့ပွေးက ဒီလိုလက္ခဏာလေးတွေ ပြတတ်ပါတယ်။

  • အရေပြားခြောက်သွေ့တာ
  • အရေပြားယားယံတာ (ကလေးက သူယားတဲ့နေရာကို လက်နဲ့ သွားသွားပွတ်ပါလိမ့်မယ်)
  • အနီဖုလေးတွေ ထတာ
  • အဖက်လေးတွေ ကွာတာ
  • အရေပြား နီရဲတာတွေဖြစ်တတ်ပါတယ်။

မွေးစကနေ ၆လ ကလေးတွေမှာဆိုရင်တော့ မျက်နှာ (အထူးသဖြင့် ပါးစပ်တစ်ဝိုက်)၊ နဖူးနဲ့ ဦးရေပြားမှာဖြစ်တတ်ပါတယ်။ လေးဖက်ထောက်အရွယ်ဆိုရင်တော့ အရေပြားပွတ်တိုက်မှုများတဲ့ ဒူးတို့၊ တံတောင်တို့မှာပါ တွေ့ရတတ်ပါတယ်။

ကလေးမှာ နို့ပွေး ရှိနေပြီ။ ဘယ်လိုသက်သာအောင် လုပ်ပေးကြမလဲ။

မေမေတို့ အရင်သိထားရမှာက နို့ပွေးဆိုတာ ခုခံအားစနစ်၊ မျိုးဗီဇပြဿနာကြောင့် ဖြစ်တဲ့ရောဂါဆိုတော့ တစ်ခါတည်းနဲ့ အပြီးပျောက်အောင် ကုလို့ ရမှာ မဟုတ်ပါ။ ရောဂါရဲ့ သဘောသဘာဝအရ ကလေးကြီးလာတဲ့အခါ ပျောက်ကောင်းပျောက်နိုင်ပေမယ့် လောလောဆယ်ဖြစ်နေတာကိုတော့ အပြီးပျောက်အောင် လုပ်လို့ မရဘဲ သက်သာအောင်ပဲ ထိန်းလို့ ရပါတယ်။

နို့ပွေးအများစုကတော့ မေမေတို့သာ သေသေချာချာ ဂရုစိုက်ပေးရင် သက်သာတာကို တွေ့ရပါတယ်။

မေမေတို့ လုပ်ပေးနိုင်တာတွေကတော့

  • နို့ပွေးက အသားခြောက်လေ ပိုဆိုးလေပါ။ ဒါကြောင့် ကလေးကို အသားမခြောက်အောင် ဂရုစိုက်ပါ။
  • ရေချိုးပြီးတိုင်းမှာ သဘက်နဲ့ ဖွဖွသုတ်ပြီး အရေပြား စိုထိုင်းနေတုန်း ကလေးသုံး moisturizer ကို သုံးပါ။ အသားခြောက်တိုင်း ပြန်ပြန်လိမ်းပေးပါ။

    Moisturizer သုံးမယ်ဆိုရင် ကလေးနဲ့ တည့်မတည့် စမ်းပြီးမှ သုံးပါ။

  • ရေချိုးချိန် မကြာပါစေနဲ့။ ရေပူနဲ့ မချိုးပါနဲ့။ အဲ့ဒါတွေက ကလေးကို အသားခြောက်စေလို့ နို့ပွေးကို ပိုဆိုးစေပါတယ်။
  • ဆပ်ပြာကို လူကြီးဆပ်ပြာမသုံးဘဲ ကလေးသုံး အသားမခြောက်စေတဲ့ ဆပ်ပြာအပျော့စားလေးတွေ သုံးပါ။

ဒါပြီးရင် နို့ပွေးခဏခဏ ထပ်မဖြစ်ဖို့ ဘာလုပ်ပေးရမလဲဆိုတော့

  • ကလေးကို လက်သည်းတိုတို ညှပ်ပေးပါ။ သူယားလို့ ကုတ်မိရင် အနာဖြစ်တတ်ပါတယ်။
  • ကလေးနဲ့ မတည့်တာတွေကို ဖယ်ပါ။ ဥပမာ ဘယ်လိုအရာတွေနဲ့ ထိတွေ့ရင် သူ့နို့ပွေးက ပိုဆိုးတတ်သလဲ။ တိရစ္ဆာန်အမွေးလား၊ ဖုန်တွေလား စသဖြင့်။
  • ကလေးကို ရေချိုးတဲ့အခါ သုံးတဲ့ဆပ်ပြာအပြင် သူ့အနှီးတွေ၊ အဝတ်အစားတွေကို လျှော်တဲ့ဆပ်ပြာကလည်း အပျော့စားပဲ သုံးပါ။ အမွှေးဆီတွေ မသုံးပါနဲ့။
  • ကလေးကို ယားယံစေနိုင်တဲ့ အထည်တွေ မဝတ်ပေးပါနဲ့။ ဥပမာ သိုးမွေးထည်၊ ချည်ထွက်လွယ်တဲ့ အဝတ်အစားတွေ။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြဖို့ လိုအပ်မလဲ

အပေါ်က နည်းလမ်းတွေနဲ့ဆို မေမေ့ကလေးရဲ့ နို့ပွေးက တော်တော်လေး သက်သာနေပါပြီ။ ဒါပေမဲ့

  • နို့ပွေးက ပိုပိုဆိုးလာရင်
  • အရေပြားက နီရဲရောင်ရမ်းနေရင်
  • ပြည်ဖုလေးတွေ ထွက်လာရင်
  • ကုတ်ရာကနေ ပိုးဝင်လာရင်တော့ ကလေးဆရာဝန်နဲ့ ပြသပါ။

အရောင်ကျဖို့ စတီးရွိုက်လိမ်းဆေးတွေ ပေးတာ၊ ပိုးသတ်လိမ်းဆေးတွေ ပေးတာတွေ လုပ်ပါလိမ့်မယ်။ ဒီဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးတာ ပိုကောင်းပါတယ်။

မေမေတို့ ဘာတွေ မလုပ်သင့်ဘူးလဲ

နို့ပွေးကို လူကြီးပွေးလို့ ထင်ပြီး ပွေးဆေးတွေ လူးပေးတတ်ပါတယ်။ ဒါတွေက အနာတခြား ဆေးတခြားဖြစ်တဲ့အပြင်  အရေပြား‌ခြောက်သွေ့စေတာကြောင့် နို့ပွေးကို ပိုဆိုးစေတတ်ပါတယ်။

နို့ပွေးက အနာဖေးလေးတွေ မခွာပါနဲ့။ Moisturizerသာ နိုင်နိုင်လိမ်းပေးပါ။ အဖက်လေးတွေကို သွားခွာရာကနေ ပိုးဝင်တတ်ပါတယ်။။

နို့ပွေးက အမေနို့ကြောင့် ဖြစ်တာမဟုတ်လို့ နို့ဆက်တိုက်လို့ ရပါတယ်။ နို့ပွေးကြောင့် ကလေးကို နို့ဖြတ်စရာ မလိုပါ။ အကြောင်းအမျိုးမျိုးကြောင့် နို့ဗူးတိုက်နေတဲ့ မေမေတွေလည်း ဆက်တိုက်လို့ ရပါတယ်။ နို့ဗူးနဲ့လည်း မဆိုင်ပါ။

နို့ပွေး က မပျောက်တော့ဘူးလား

နို့ပွေးအများစုက ကလေးအသက် ၄-၅နှစ်လောက်နေရင် သက်သာသွားကြပါတယ်။ အရွယ်ရောက်လာလေလေ လက္ခဏာတွေက ပိုသက်သာလေပါ။ တချို့ကလေးတွေမှာတော့ အရေပြားနှင်းခူအဖြစ် ဆက်ရှိနေတတ်ပါတယ်။ ကိုယ့်ကလေးရဲ့ နို့ပွေးက ဘယ်လိုဖြစ်မလဲဆိုတာ ပြောရခက်လို့ စောင့်ကြည့်ရုံသာ တတ်နိုင်ပါတယ်။

မေမေတို့ ကလေးလေးမှာ နို့ပွေးဖြစ်တဲ့အခါ စိတ်မပူပါနဲ့။ ခုပြောတဲ့နည်းလမ်းတွေနဲ့ဆို ကလေးမှာဖြစ်တဲ့ နို့ပွေးကို သက်သာအောင် ကူညီနိုင်မှာပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Baby eczema https://nationaleczema.org/eczema/children/ Accessed date Feb 13, 2024

How can I treat baby eczema? https://www.mayoclinic.org/diseases-conditions/atopic-dermatitis-eczema/expert-answers/baby-eczema/faq-20450999 Accessed date Feb 13, 2024

Baby eczema https://my.clevelandclinic.org/health/diseases/23408-baby-eczema Accessed date Feb 13, 2024

HOW TO TREAT ECZEMA IN BABIES https://www.aad.org/public/diseases/eczema/childhood/treating/treat-babies Accessed date Feb 13, 2024

Babies and eczema https://eczema.org/information-and-advice/information-for-parents-and-children/babies-and-eczema/ Accessed date Feb 13, 2024

ယခုပုံစံ

13/02/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေး ရဲ့ အရေပြားပြဿနာတွေ ဘယ်လိုဖြေရှင်းပေးရမလဲ

ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement