backup og meta

ဘေဘီလေး ရဲ့ အရေပြားပြဿနာတွေ ဘယ်လိုဖြေရှင်းပေးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ရဲ့ အရေပြားပြဿနာတွေ ဘယ်လိုဖြေရှင်းပေးရမလဲ

    ဘေဘီလေး တွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေဟာ အန္တရာယ်မရှိတာများပါတယ်။ ကလေးရဲ့အသားအရေကိုဂရုစိုက်ပေးရတာက မလွယ်ဘူးဆိုပေမယ့် ဒီအချက်သုံးချက်ကိုပဲအရင်ဆုံးကြည့်ဖို့လိုတာပါ။

  • အိမ်မှာကုသဂရုစိုက်ပေးလို့ရနိုင်မယ့်အမျိုးအစားလား
  • ဆေးခန်းပြဖို့လိုသလား
  • ဘယ်လိုဂရုစိုက်ပေးရမလဲ
  • အရေပြားပြဿနာဆိုတာ အဖုလေးတွေဖြစ်တာ၊ အနီကွက်ဖြစ်တာ၊ အင်ပျဉ်တွေထွက်တာ၊အရေခွံကွာတာ စတာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။မွေးကင်းစကလေးတွေမှာ နုနယ်လွန်းတဲ့အရေပြားက ပတ်ဝန်းကျင်အသစ်ကိုထိတွေ့ရကာစအချိန်ဖြစ်တာကြောင့် ဒီလိုအသေးစားအရေပြားပြဿနာလေးတွေကရှိတတ်တာ သဘာဝပါပဲ။ လက္ခဏာအများစုကတော့သူ့အလိုလိုပျောက်ကင်းသွားလေ့ရှိပါတယ်။

    ဘေဘီလေး တွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများနဲ့ ကုသစောင့်ရှောက်နည်း

    သေးခံလောင်ခြင်း(ဒိုင်ပါဝတ်တဲ့နေရာတဝိုက်လောင်ခြင်း)

    ကလေးငယ်တွေမှာအဖြစ်များဆုံးပြဿနာကသေးခံလောင်ခြင်းဖြစ်ပါတယ်။သေးခံလောင်တယ်ဆိုတာ စွတ်စိုထိုင်းမှိုင်းခြင်း၊ဆီးနဲ့ဝမ်းတွေကြောင့် အရေပြားမှာလောင်တာပါ။ ဒိုင်ပါဝတ်တဲ့ကလေးအတော်များများမှာ ဒီလက္ခဏာဖြစ်တတ်ပါတယ်။

    သေးခံလောင်တာဖြစ်လာရင် အဲဒီနေရာတဝိုက်ကိုခြောက်သွေ့အောင်ထားပါ။ ဒိုင်ပါတွေ စိုတာနဲ့ တတ်နိုင်သလောက်မြန်မြန်လဲပေးပါ။ ကလေးရဲ့အရေပြားကိုလေသလပ်ပြီးခြောက်သွေ့အောင်လုပ်ပါ။ မပွတ်သုတ်ရပါ။ ကလေးကိုသန့်ရှင်းရေးလုပ်ပေးတဲ့အခါ အယ်ကိုဟောပါတဲ့ wipesတွေမသုံးမိဖို့သတိထားပါ။

    အဆီနဲ့ခရင်မ်တွေက ပွတ်တိုက်မိတာ၊ ပွန်းတာတွေကိုသက်သာစေပြီး ကလေးအရေပြားနီမြန်းရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    မိတ် သို့မဟုတ် အပူဖု

    ချွေးဂလင်းတွေရဲ့ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာတာပါ။ မိတ်ပျောက်ဖို့ပေါင်ဒါလေးတွေလူးပေးကြပေမယ့် ကလေးရဲ့အသက်ရှူလမ်းကြောင်းကိုပေါင်ဒါမှုန့်တွေမဝင်ရောက်စေဖို့သတိထားပါ။ အဆီတွေ၊ ခရင်မ်တွေမလိမ်းပေးရပါဘူးနော်။ အသားကိုပူစေပြီးချွေးပေါက်တွေပိတ်စေနိုင်ပါတယ်။

    ကလေးဝက်ခြံ

    ကလေးရဲ့မျက်နှာမှာ အလယ်မှာအဖြူဆံလေးနဲ့အနီဖုလေးတွေတွေ့ရတတ်ပါတယ်။ ကလေးအသက် ၂ ပတ်နဲ့ ၄ ပတ်ကြားမှာ ဝက်ခြံအဖြစ်များဖြစ်ပြီး ၄လလောက်မှာပျောက်သွားတတ်ပါတယ်။ တစ်ခါတလေ ၁၂လကနေ ၁၈ လအထိလည်း ကြာရှည်တတ်ပါတယ်။ ကလေးဝက်ခြံအတွက်က ပုံမှန်ဆေးကြောသန့်စင်ဖို့သာလိုအပ်ပါတယ်။ သန့်စင်တဲ့ရေ၊ ဆပ်ပြာအပျော့စားလေးနဲ့ ကလေးကို နှစ်ရက်တစ်ကြိမ် သို့မဟုတ် သုံးရက်တစ်ကြိမ်ရေချိုးပေးပါ။ လူကြီးတွေရဲ့ဝက်ခြံအတွက်ရည်ရွယ်ထုတ်လုပ်တဲ့ပစ္စည်းတွေ၊ဆေးတွေကို ကလေးမှာမသုံးရပါဘူး။

    ဦးရေပြားအဆီပြန်ရောင်ရမ်းခြင်း (Cradle cap)

    Cradle capဖြစ်လာရင် အသက် ၃ လလောက်အတွင်း ကလေးရဲ့ဦးရေပြားမှာအဆီတွေပြန်ပြီး အရေခွံတွေကွာ၊အဖတ်တွေလန်စေပါတယ်။နောက်ပိုင်းကျရင်တဖြည်းဖြည်းပျောက်သွားတာများပေမယ့် တစ်ခါတလေကျဆေးကုသပေးဖို့လိုလာတတ်ပါတယ်။Cradle capဖြစ်ရင် ဆံသားနဲ့ဦးရေပြားကို ဘေဘီရှန်ပူလေးနဲ့လျှော်ပေးပါ။ အရေခွံကွာတဲ့အဖတ်လေးတွေကို ဘရက်ရှ်နုနုလေးနဲ့ ဖယ်ရှားပါ။ပြီးမှ အဆီတစ်မျိုးမျိုးလိမ်းပေးပါ။ ပုံမှန်အားဖြင့် သိပ်မကြာတတ်ပေမယ့် တာရှည်လာတဲ့အထိ မပျောက်ရင်တော့ ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ပြသင့်ပါတယ်။

    ကလေးနှင်းခူ

    အရေပြားမှာခြောက်သွေ့၊အဖတ်လန်ပြီး ယားယံတဲ့အနီကွက်လေးတွေဖြစ်လာတာပါ။ နည်းနည်းကြာလာရင် အဲဒီဧရိယာကအရေပြားထူလာနိုင်ပါတယ်။ ပန်းနာရင်ကျပ်၊ ဓါတ်မတည့်ခြင်းတို့နဲ့ဆက်နွှယ်နေတတ်သလို မိသားစုမျိုးရိုးလိုက်တာတွေလည်းရှိပါတယ်။ နှင်းခူကြောင့်ဖြစ်လာတဲ့အရေပြားပြဿနာတွေနဲ့ပတ်သက်ရင် အရေးကြီးတာက မကုတ်မိစေဖို့နဲ့ အရေပြားကို အစိုဓါတ်ထိန်းဖို့ပါ။ ဒါ့ကြောင့် ကလေးရဲ့လက်သည်းလေးတွေကိုညှပ်ပေးထားပြီး အဝတ်လက်အိတ်လေးဝတ်ပေးထားပါ။ အသားကိုခြောက်စေနိုင်တဲ့ဆပ်ပြာတွေ မသုံးရသလိုရေချိုးပြီးတိုင်းလည်း အစိုဓါတ်ထိန်းဖို့ အဆီတစ်မျိုးမျိုးလိမ်းပေးပါ။တော်ရုံလောက်နဲ့မသက်သာရင် ဒါမှမဟုတ် ပိုးဝင်လာရင် ဆရာဝန်ညွှန်းတဲ့အတိုင်းဆေးကုသမှုခံယူဖို့လိုအပ်လာမှာပါ။

    အင်ပျဉ်ထွက်ခြင်း

    ကလေးက တစ်စုံတစ်ရာနဲ့(ဥပမာ အစားအစာ)ဓါတ်မတည့်တဲ့အခါ histamine လို့ခေါ်တဲ့ဓါတ်တစ်မျိုး အရေပြားထဲမှာထွက်ရှိလာစေပါတယ်။ အဲဒီဓါတ်ကြောင့် အရေပြားမှာ နီရဲတဲ့အင်ပျဉ်တွေဖြစ်လာရပါတယ်။ ယားယံတဲ့ အင်ပျဉ် အနီကွက်တွေက အရွယ်အစားအမျိုးမျိုးဖြစ်နိုင်ပြီး ရက်သီတင်းပတ်အနည်းငယ်ကြာမြင့်နိုင်ပါတယ်။ အင်ပျဉ်က ပုံမှန်အားဖြင့် သက်သာပျောက်ကင်းမှုမြန်ဆန်တတ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း antihistamines ဆေးဝါးတွေနဲ့ ထိန်းလို့ရနိုင်ပါတယ်။
    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement