backup og meta

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ကလေးအသားအရေ က နူးညံ့ချောမွေ့ပြီး ထိတွေ့မိတဲ့အခါ စိတ်ကြည်နူးစရာကောင်းပါတယ်။ ဒီလို နူးညံ့ချောမွေ့တဲ့ အသားအရေလေးတွေကို အသက်ကြီးသွားတဲ့အထိ ရှိသွားစေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက စတင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုနဲ့ ကြမ်းတမ်းလာတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကိုကာကွယ်ပြီး မိမိရင်သွေးငယ်လေးရဲ့ အသားအရေ အမြဲနူးညံ့ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ရင်သွေးလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။

ကလေးအသားအရေ အမျိုးအစား ဘယ်နှမျိုးရှိသလဲ။

ကလေးငယ်လေးတွေရဲ့ အသားအရေကို (၄) မျိုးခွဲထားပါတယ်။

  • ပုံမှန်အသားအရေ –ချောမွေ့ပြီး အစက်အပြောက်နဲ့ အဖုအပိမ့်တွေကင်းစင်တဲ့အသားအရေမျိုးပါ။
  • ခြောက်သွေ့တဲ့ အသားအရေ –နည်းနည်းကြမ်းပြီး တစ်နှစ်ပတ်လုံး အရေပြားအဖတ်လေးတွေ လန်နေတတ်ပါတယ်။ ခြောက်သွေ့နေတတ်ပါတယ်။
  • တုံ့ပြန်လွယ်တဲ့ အသားအရေ – ကလေးတိုင်းရဲ့ အသားအရေက ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဒါပေမယ့် တုံ့ပြန်လွယ်တဲ့ ကလေးတွေရဲ့ အသားအရေက အခြားကလေးတွေထက်ပိုပြီး ထိခိုက်လွယ်နေတတ်ပါတယ်။ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ အရေပြားကနီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတာမျိုးပါ။
  • နှင်းခူဖြစ်နေတဲ့ အသားအရေ –ဒီအခြေအနေက တော်တော်လေးဆိုးပါတယ်။ မြင်လည်းမြင်သာပါတယ်။ သေချာအောင် အတည်ပြုနိုင်ဖို့တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အရေပြားက တော်တော်လေးယားယံနေတတ်ပြီး အနီရောင်အပိမ့်တွေထွက်နေတတ်ပါတယ်။

ကလေးအရေပြားကို ဘယ်အချိန်မှာ စစ်ဆေးဖို့အကောင်းဆုံးဖြစ်မလဲ

ကလေးအရေပြားမှာ ပြဿနာတစ်ခုခုရှိနေလားဆိုတာကို အတည်ပြုနိုင်မယ့် အကောင်းဆုံးအချိန်က ရေချိုးတဲ့အချိန်ပါ။ ရေချိုးပေးတဲ့အချိန်က ကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားကို ထိတွေ့ရတာကြောင့်လည် းဖြစ်ပါတယ်။ ရေချိုးပေးချိန်မှာ မိဘတွေအနေနဲ့ ကလေးအရေပြားကို သေသေချာချာစစ်ဆေးကြည့်ဖို့လည်းလိုပါလိမ့်မယ်။

ကလေးရေချိုးတဲ့အခါ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာနဲ့ ချိုးပေးပါ။ ရေချိုးပေးနေချိန်မှာလည်း ကလေးကို သက်သောင့်သက်သာဖြစ်စေဖို့အတွက် နှိပ်နယ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ရေသုတ်မယ်ဆိုရင်တော့ တဘက်နုနုလေးနဲ့ ဖြည်းဖြည်းချင်းသုတ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ပြီးရင် အစိုဓာတ်ထိန်းပေးမယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးလို့ရပါပြီ။ ဒီလိုလေးလူးပေးတာက ကလေးအသားအရေကို ထိန်းသိမ်းပေးရာရောက်ပါတယ်။

ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာအချို့

ကလေးလေးတွေရဲ့ အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့် မိဘတွေအနေနဲ့ ကလေးအရေပြားကို ဘယ်လိုထိန်းသိမ်းပေးရမလဲ ဆိုတာနဲ့ ဘယ်လိုလက္ခဏာတွေက ဘာအရေပြားပြဿနာလဲဆိုတာကို သိထားဖို့တော့လိုအပ်မှာပါ။ ဒါကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့်သိထားနိုင်အောင် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

  • ကလေးဝက်ခြံ (Baby acne) – အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အရေပြားပေါ်မှာ ပန်းရောင်အစက်လေးတွေထွက်တာပါ။ မျက်နှာပေါ်မှာအဖြစ်များပါတယ်။ မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်ရတာဖြစ်ပြီး သူ့ဘာသာသက်သာသွားတတ်ပါတယ်။
  • အရေပြား ပွန်းရှခြင်း – အဝတ်အစားကြောင့် ထိခိုက်ပွန်းရှတာမျိုးဖြစ်တတ်ပါတယ်။ အဝတ်စက ကြမ်းနေတာမျိုးကြောင့်ဖြစ်နိုင်သလို အဝတ်အရမ်းကျပ်ကျပ်ဝတ်ပေးထားမိလို့လည်းဖြစ်နိုင်ပါတယ်။ ကလေးကို အင်္ကျီအဝတ်အစား ချောင်ချောင်ချိချိဝတ်ပေးတာ၊ ကလေးပေါင်ဒါလူးပေးတာမျိုးတွေလုပ်ပေးပြီး ဒီပြဿနာကို ရှောင်ရှားလို့ရပါတယ်။
  • မိတ်ထွက်တာ (Heatrash) – ကလေးကိုယ်ပေါ်မှာ အနီရောင်အပိမ့်သေးသေးလေးတွေ ထွက်တာပါ။ စိုထိုင်းစနဲ့ အပူရှိန်ကြောင့်ဖြစ်တာပါ။ မိတ်ထွက်နေရင် ကလေးကို အဝတ်အစားချောင်ချောင်ချိချိဝတ်ပေးပြီး အရမ်းပူတဲ့နေရာမျိုးမှာ မထားပါနဲ့။
  • နှင်းခူ (Eczema) – အရေပြား နီရဲယားယံပြီး အဖတ်လေးတွေလန်နေတာမျိုးတွေ့ရတတ်ပါတယ်။ အရေပြားကို သန့်သန့်ရှင်းရှင်းခြောက်ခြောက်သွေ့သွေ့ထားဖို့လိုပါမယ်။ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။
  • ကလေးဦးရေပြား အဆီထွက်များ အရေခွံကွာသည့် ပြဿနာ (Cradle Cap) – ကလေးဦးရေပြားအပေါ်ယံလွှာ ကွာတာမျိုးပါ။ ဂလင်းတွေ က overactive ဖြစ်လွန်းတာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ ကလေးဦးရေပြားအပေါ်ယံလွှာ နူးညံ့သွားစေဖို့အတွက် ဆီလူးပေးပါ။ပြီးရင်တော့ ကလေးခေါင်းလျှော်ရည်သုံးပြီးခေါင်းလျှော်ပေးလိုက်ပါ။ ခေါင်းကို ဘီးနဲ့ဖြည်းဖြည်းချင်းဖြီးပေးပြီး ကွာနေတဲ့အရေခွံတွေကို ဖယ်ရှားပေးပါ။ မခွာလည်း အချိန်တန်ရင် သူ့အလိုလို ကွာသွားပါတယ်။
  • သေးခံလောင်ခြင်း (Diaper rash) – ညစ်ပေနေတဲ့ သေးခံကို အချိန်အကြာကြီး ဝတ်မိထားတာကြောင့် ဖြစ်ရတာပါ။ သေးခံစိုနေတာတွေ့တာနဲ့ ချက်ချင်းလဲပေးပါ။သေးခံအသစ်မလဲခင်မှာ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီး Diaper cream လူးပေးတာက သေးခံလောင်တာကို သိသိသာသာသက်သာစေပါလိမ့်မယ်။

သိထားသင့်တဲ့ ကလေးအသားအရေ ထိန်းသိမ်းမှု သုံးပစ္စည်းအချို့

ယနေ့ခေတ်မှာ ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက တော်တော်ကိုရွေးချယ်စရာများပါတယ်။ ဒါပေမယ့် ရင်သွေးလေးနဲ့ သင့်တော်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းကိုရွေးချယ်မိဖို့ကဖေဖေမေမေတွေကိုယ်တိုင်က ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြိး သိထားဖို့လိုပါလိမ့်မယ်။

  • ကလေးရေချိုးဆပ်ပြာရည် – ကလေးရေချိုးဆပ်ပြာရည်က အကောင်းဆုံးရွေးချယ်မှုလို့တော့ မဆိုသာပါဘူး။ အချို့ရေချိုးဆပ်ပြာရည်တွေမှာ detergentsတွေ ပါဝင်နေတတ်ပြီး ခန္ဓာကိုယ်ပေါ်က အကျိုးပြုဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ကလေးလေးတွေမှာ ဆီးလမ်းကြောင်းပိုးကူးစက်တာမျိုးတောင် ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရေချိုးဆပ်ပြာရည်ဝယ်မယ်ဆိုရင်တောင် လာဗင်ဒါဆီလိုမျိုး အသားအရေအတွက် အထောက်အကူဖြစ်တဲ့ အဆီပါဝင်တဲ့ ရေချိုးဆပ်ပြာရည်မျိုးကိုရွေးချယ်ပေးပါ။
  • ကလေးရေချိုးဆပ်ပြာ – တကယ်တော့ ကလေးကငယ်သေးရင် ရေသန့်သန့်လေးနဲ့ ချိုးပေးရုံနဲ့ လုံလောက်ပါပြီ။ ဆပ်ပြာသုံးဖို့ လိုတယ်ထင်ရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာမျိုး သုံးပေးလို့ရပါတယ်။ အုန်းဆီ၊ သံလွင်ဆီလိုမျိုး သဘာဝ ပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ ဆပ်ပြာမျိုးကိုပဲ အသုံးပြုပေးပါ။ ပြီးရင် ကလေးအသားအရေ အစိုဓာတ်ရှိနေစေဖို့အတွက် lotion ဒါမှမဟုတ် အဆီတစ်မျိုးမျိုးလူးပေးဖို့လိုပါမယ်။
  • ကလေးခေါင်းလျှော်ရည် – ကလေးက ဆံပင်ပါးတယ်ဆိုရင်တော့ ခေါင်းလျှော်ရည်နဲ့မလျှော်လည်း ရပါသေးတယ်။ ဒါပေမယ့် ခေါင်းလျှော်ရည်လေးနဲ့ပဲလျှော်ပေးချင်တယ်ဆိုရင်တော့ ခပ်ပျော့ပျော့ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေးလို့ရပါတယ်။ triethanolamine (သို့မဟုတ်) diethanolamine တို့ပါတဲ့ ခေါင်းလျှော်ရည်မျိုးတော့ မရွေးပါနဲ့။ ကလေးအတွက်ဝယ်မယ့် ခေါင်းလျှော်ရည်ထဲမှာ parabens ၊ သဘာဝမဟုတ်တဲ့ အရောင်တွေနဲ့ အနံ့တွေပါဝင်နေလားဆိုတာကို စစ်ဆေးပါ။
  • ကလေးပေါင်ဒါ – ကလေးပေါင်ဒါက အသုံးများတဲ့ ကလေးသုံးကုန်တစ်ခုပါ။ ပေါင်ဒါကို ကလေးမျက်နှာပေါ်မှာ မသုံးသင့်ပါဘူး။ ကလေးရဲ့ပေါင်ကြား၊ လည်ပင်းနဲ့ ချိုင်းတို့မှာပဲအသုံးပြုပေးသင့်ပါတယ်။
  • Baby Oils and Lotions –Baby Oils နဲ့ Lotionတွေက ကလေးအရေပြားအစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားခြောက်သွေ့ယားယံတာအပါအဝင် အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဆေးဖက်ဝင်အပင်တွေကို အခြေခံပြီးထုတ်ထားတဲ့ Baby Oils နဲ့ Lotionတွေကိုပဲ ရွေးချယ်ပေးသင့်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ အချက်လေးတွေကိုဖတ်ကြည့်ပြီး သားသားမီမီးလေးတွေကို အရေပြားပြဿနာကင်းအောင်စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.seventhgeneration.com/raising-kids/what-you-need-know-about-your-babys-skin

https://mumsvillage.com/pregnancy-parenting/yvonnek-need-to-know-babys-skin/

http://baby.more4kids.info/2010/08/baby-skin-care-tips/

https://www.skincare.net/essential-baby-skin-care-tips-parents-must-know/

ယခုပုံစံ

15/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးငယ်အတွက် ဂရုစိုက်ပေးရမယ့် အချက် (၁၀) ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement