ခေါင်းဆောင့်မိ ပြီးနောက် စောင့်ကြည့်ရမယ့် ဦးနှောက်ထိခိုက်တဲ့ လက္ခဏာများ
ကလေးအများစုက သာမန်ဒဏ်ရာဆို အပေါ်ယံဦးရေပြား ထိခိုက်ရုံလောက်နဲ့ ပြီးသွားပါတယ်။ အတွင်းထဲက ဦးနှောက်ထိမထိ ဆိုတာက အပြင်ပန်း ကြည့်ရုံနဲ့ ပြောရခက်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ပြတဲ့ လက္ခဏာ၊ လက္ခဏာ ပြတဲ့အချိန်လည်း မတူတတ်ပါဘူး။ ဒါကြောင့် ခေါင်းဆောင့်မိပြီးလို့ ကလေးက ကောင်းတယ်ဆိုရင်တောင် ဒီလက္ခဏာတွေကို ဆက်စောင့်ကြည့်ဖို့ လိုပါတယ်။
- ကလေးက တစ်ရက်ထဲမှာ ခဏခဏ အန်နေလား။
- နားတွေ၊ နှာခေါင်းတွေကနေ သွေးထွက်နေလား။
- တက်တာ၊ အကြောဆွဲတာတွေ ရှိနေလား။
- အမြင်တွေ ဝါးနေတယ်လို့ ပြောသလား။ (စကားမပြောတတ်သေးတဲ့ ကလေးဆို မမြင်မစမ်းနဲ့ ပစ္စည်းတွေ ဝင်တိုက်တတ်ပါတယ်။)
- ကတုန်ကရင်နဲ့ အလွဲလွဲအချော်ချော် လုပ်နေသလား။ (ဥပမာ ပစ္စည်းကိုင်ရင် မမြဲတာမျိုး)
- ခြေတွေ လက်တွေ အားပျော့လာသလား။
- အစာစား၊ ရေသောက်တဲ့အခါ မမျိုနိုင်တာ၊ ခဏခဏ သီးတာမျိုး ဖြစ်သလား။
- အသံဆူဆူတွေကို မခံနိုင်တာမျိုး ဖြစ်သလား။
- စကားပြောတာ ဗလုံးဗထွေး ဒါမှမဟုတ် မပီမသ ဖြစ်လာသလား။
- အရင်ကနဲ့ မတူဘဲ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာသလား။
- ပြင်းပြင်းထန်ထန် ခေါင်းကိုက်ပြီး ပါရာစီတမောတိုက်တာတောင် မသက်သာဘဲ ဖြစ်နေသလား။
ဆေးရုံကို သွားသင့်တဲ့ အခြေအနေတွေက
ဒီလက္ခဏာတွေ ရှိနေရင် အိမ်မှာ အရေးပေါ် ကုသမှု လုပ်မနေဘဲ ဆေးရုံကို တန်းခေါ်သွားဖို့ လိုပါတယ်။
- တစ်နှစ်အောက် ကလေး ပြင်းပြင်းထန်ထန် ခေါင်းဆောင့်မိသွားရင် (ဥပမာ ပုခက်လွှဲရာက ကြိုးပြတ်ပြီး ပြုတ်ကျတာမျိုး)
- ခေါင်းထိပြီး ခဏလောက် သတိလစ်သွားရင် (မိနစ်ပိုင်းလောက်ပဲ သတိလစ်တယ်ဆိုလည်း အရေးကြီးပါတယ်။)
- ဒီလက္ခဏာတွေ ရှိနေရင်
-ကလေးက အငိုမရပ်ဘူး
-ခေါင်းနဲ့ ဇက်တွေ နာတယ်လို့ အဆက်မပြတ် ပြောနေရင် (စကားမပြောတတ်သေးတဲ့ ကလေးဆိုရင်တော့ ချော့မရအောင် ဂျီကျတာ၊ သူ့ခေါင်းလေးကို ကိုင်ပြတာ လုပ်ပါလိမ့်မယ်)
-တစ်ကြိမ်ထက်ပိုပြီး အန်ရင်
-ကလေးက နုံးပြီး နှိုးမရအောင် အိပ်နေရင်
-ခေါင်းဆောင့်ပြီး စကားပြောတာ၊ လမ်းလျှောက်တာ ပုံမှန်မဟုတ်တော့ရင်
-ခေါင်းကွဲတာ ကြီးပြီး သွေးထွက်များရင်
ဒါဆိုရင် ဆေးရုံချက်ချင်းသွားဖို့ လိုပါတယ်။
မေမေတို့ ကလေးမှာ ဒီလက္ခဏာတွေ မရှိဘူးဆိုရင်တောင် ကလေးက ခေါင်းဆောင့်အပြီးမှာ တစ်ခုခု ပုံမှန်မဟုတ်ဘူး။ ခေါင်းဆောင့်တာ ပြင်းထန်တယ်လို့ ယူဆရင်၊ စိုးရိမ်တယ်ဆိုရင်လည်း ဆေးရုံကို သွားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။