home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Shaken baby syndrome (ကလေး ဦးနှောက်ဒဏ်ရာရခြင်း)

Shaken baby syndrome (ကလေး ဦးနှောက်ဒဏ်ရာရခြင်း)

Shaken baby syndrome ဆိုတာ ကလေးငယ် အထူးသဖြင့် လသားကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တဲ့အတွက် ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဒီရောဂါစုက လူက လုပ်လို့ ဖြစ်တာပါ။ Traumatic ထိခိုက်ဒဏ်ရာလို့ ပြောလို့ရပါတယ်။ အခန့်မသင့်ရင် ကလေး အသက်ရှူရပ်ပြီး နေရာမှာတင် သေသွားနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ဒုက္ခိတလေး ဖြစ်သွားနိုင်ပါတယ်။ လုံးဝမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့ စကားလုံးဖြစ်တာကြောင့် သေချာ ရှင်းပြပေးပါမယ်။

Shaken baby syndrome ဆိုတာဘာလဲ။

ခုနကပြောခဲ့သလိုပဲ ကလေးကို အားနဲ့ လှုပ်ရမ်းလိုက်လို့ ဦးနှောက်ဒဏ်ရာရသွားတာပါ။ စသလို နောက်သလိုနဲ့ လှုပ်ရမ်းလိုက်တာ ဖြစ်နိုင်သလို ဒေါသထွက်ပြီး အားနဲ့ လှုပ်ရမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို ၅စက္ကန့်လောက် ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်ရုံနဲ့ Shaken baby syndromeဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

ကလေးလေးတွေဟာ ဇက်လည်း ကောင်းကောင်းမခိုင်သေးသလို ဦးနှောက်ကလည်း ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး။ သွေးကြောတွေကလည်း နုနုနယ်နယ်လေးတွေပါ။ ဒီအချိန်မှာ ကလေးကို အားနဲ့ လှုပ်ခါလိုက်ရင် ဦးနှောက်နဲ့ ဦးခေါင်းခွံနဲ့ တိုက်ပြီး ဦးနှောက်ပွန်းတာ၊ သွေးထွက်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ အားသိပ်များသွားရင် ကလေးရဲ့ မျက်ခုံးရိုး၊ ကျောရိုးနဲ့ လည်ပင်းရိုးတွေအထိ ကျိုးတတ်ပါတယ်။

Shaken baby syndromeက ၂နှစ်အောက်ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ၅နှစ်အရွယ်အထိ တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ၆ပတ်ကနေ ၈ပတ်သား ကလေးတွေပါ။ ဒီအရွယ်လေးတွေက အကြောင်းအရင်း မည်မည်ရရမရှိဘဲ ငိုတတ်တော့ ဒေါသထွက်ပြီး မကြာခဏ ကိုင်ဆောင့်ခံရပါတယ်။

သာမန် ကလေးနဲ့ ဆော့ရုံ၊ ပေါင်ပေါ်တင်ပြီး လှုပ်ရုံ၊ ကလေးကို လေထဲမြှောက်ပြီး ဆော့ရုံနဲ့တော့ မဖြစ်ပါဘူး။ Shaken baby syndromeရဲ့ အဓိက အကြောင်းရင်းက ခုနကပြောသလို ကိုင်ဆောင့်လို့ပါ။

Shaken baby syndrome ရဲ့ လက္ခဏာများ

ကလေးကို ကိုင်ဆောင့်မိလို့ Shaken baby syndromeဖြစ်သွားပြီဆိုရင်

  • ကလေးက ဂျီကျမယ် ဒါမှမဟုတ် မှိန်းနေမယ်
  • တုန်နေမယ်
  • အသက်ရှူရခက်မယ်။ တစ်ခါတစ်လေ အသက်ရှူပါရပ်သွားမယ်
  • အစားမဝင်တော့ဘူး
  • အန်မယ်
  • အသားတွေ ဖြူဖျော့လာမယ်
  • တက်မယ်
  • ခြေတွေ လက်တွေ မလှုပ်နိုင်တော့ဘူး
  • ပိုဆိုးရင် ကိုမာဝင်သွားနိုင်ပါတယ်။

ဒီလက္ခဏာတွေ ရှိပြီး ကလေးကို မသင်္ကာရင် ဆေးရုံကို အမြန်ခေါ်သွားပါ။ အခန့်မသင့်ရင် ဦးနှောက်က လုံးဝပျက်စီးသွားနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ။

ဇက်ကလည်း ကောင်းကောင်းမခိုင်၊ ဦးနှောက်ကလည်း ဦးခေါင်းခွံထက်စာရင် သေးနေတဲ့အရွယ်မှာ အပြင်ကနေ အားနဲ့ ခဏခဏ လှုပ်ရမ်းနေရင် ဦးနှောက်နဲ့ ဦးခေါင်းခွံရိုးနဲ့ ပွတ်ပြီး ဦးနှောက်ရောင်တာ၊ သွေးကြောပေါက်တာ ဖြစ်သွားပါတယ်။ လူကြီး ကလေးအငိုမတိတ်ရကောင်းလားဆိုပြီး ကိုင်လှုပ်လိုက်တော့ အငိုတိတ်သွားပါတယ်။ ကြောက်လို့တော့ မဟုတ်ပါ။ ဦးနှောက်ပျက်စီးပြီး မငိုနိုင်တော့လို့ပါ။ အခန့်မသင့်ရင် တစ်ခါတည်း အသက်ရှူပါရပ်သွားပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

စက္ကန့်လေးခဏ လှုပ်လိုက်တာနဲ့ ကလေးရဲ့ ဦးနှောက်ကို ကုမရအောင် ပျက်စီးသွားနိုင်ပါတယ်။ ကံကောင်းလို့ အသက်ရှင်ရင်တောင် နောက်ဆက်တွဲအနေနဲ့

  • မျက်လုံးမမြင်ရတော့တာ
  • နားမကြားတာ
  • အတက်ရောဂါ ဖြစ်လာတာ
  • ဖွံ့ဖြိုးမှုနောက်ကျတာ
  • အသိဉာဏ်မဖွံ့ဖြိုးတာ
  • Cerebral palsyလို့ ခေါ်တဲ့ ဦးနှောက်ထိခိုက်ပျက်စီးတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ကာကွယ်လို့ရလား။

Shaken baby syndromeဟာ ၁၀၀ရာခိုင်နှုန်း ကာကွယ်လို့ရပါတယ်။ ကလေးရဲ့ ဦးခေါင်းကို အားနဲ့ ခါရမ်းတဲ့ ကိစ္စမျိုးကို ရှောင်နိုင်မယ်ဆိုရင် ကာကွယ်လို့ရပါတယ်။ ဒီအဖြစ်ဆိုးဟာ ကလေးငိုတာကို ချော့မရလို့ ဒေါသနဲ့ ကိုင်လှုပ်မိတာကြောင့် အဖြစ်များပါတယ်။ ကလေးငိုတာ သဘာဝပါ။ ဒါပေမယ့် ကိုင်လှုပ်တာနဲ့တော့ ဖြေရှင်းလို့မရပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကလေးခေါင်းကို လှုပ်ရမ်းမိတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.healthline.com/health/shaken-baby-syndrome#prevention

https://www.mayoclinic.org/diseases-conditions/shaken-baby-syndrome/symptoms-causes/syc-20366619

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 29/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။