backup og meta

ကလေးတွေ ခေါင်းကိုက် တတ်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ ခေါင်းကိုက် တတ်လား

    ဒီတခါတော့ ခေါင်းကိုက်တတ်တဲ့ သားသား၊ မီးမီးလေးတွေအကြောင်းကို မေမေတို့ပိုနားလည်စေဖို့နဲ့ တကယ်ပဲ ခေါင်းကိုက်တာလား၊ ဘာတွေလုပ်ပေးဖို့လိုမလဲ၊ ဘာတွေကြိုတင်ရှောင်ရှားဖို့လိုမလဲဆိုတာကို ‌ပြောပြပေးသွားပါမယ်။

    သားသား၊ မီးမီးလေးတွေ ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တယ်နဲ့ ‌ပြောတတ်ကြတာ မေမေတို့ မကြာခဏကြားဖူးကြမှာပါ။ အဲဒီအခါကျရင် သူတို့လေးတွေ ဘယ်လိုခံစားနေရမလဲ၊ ဘာလုပ်ပေးရမလဲ ဆိုတာနဲ့ ဆောင်ရန်၊ ‌ရှောင်ရန်လေးတွေသိထားရင် ဖေဖေ၊ မေမေတို့လည်း စိတ်အေးရမှာပါ။

    သားသား၊ မီးမီးလေးတွေ ခေါင်းကိုက် ရတဲ့အကြောင်းရင်းတွေကတော့-

    (၁) သွားကိုက်လို့

    (၂) နှာစေး၊ ချောင်းဆိုး၊ ဖျားတဲ့အခါ

    (၃) ဦးခေါင်းကို တစ်ခုခုနဲ့ခိုက်မိတဲ့အခါ

    (၄) စိတ်ခံစားချက်၊ စိတ်ဖိစီးမှု တစ်ခုခုရှိတဲ့အခါ (ဥပမာ-စာမေးပွဲနီးတဲ့အခါ၊ လိုတာမရတဲ့အခါ၊ ဆရာ၊ ဆရာမ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့အခါ၊ ရွယ်တူသူငယ်ချင်းတွေက လှောင်‌ပြောင်ကြတဲ့အခါ၊ ဖေဖေ၊မေမေက ဆူတဲ့အခါ)

    (၅) အိပ်ချိန်မမှန်၊ အိပ်ရေးမဝတဲ့အခါ

    (၆) အစားအသောက်‌ကြောင့် (ကော်ဖီ၊ လဖက်ရည်၊ ချော့ကလက်၊ ဆိုဒါ၊ စည်သွပ်ဘူးတွေ အစားများတဲ့အခါ၊ အစားမှားပြီး အစာဆိပ်သင့်တဲ့အခါ)

    (၇) အတက်ရောဂါရှိရင် (မတက်မီနဲ့ တက်ပြီး)

    (၈) မျိုးရိုးလိုက်လို့ (မိသားစုထဲမှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ (Migraine) ရှိရင် သားသား၊ မီးမီးလေးတွေမှာလည်း ရောဂါဖြစ်နိုင်ချေများပါတယ်)

    (၉) ဦးနှောက်ဆိုင်ရာ ရောဂါတစ်ခုခုရှိနေရင် ( ဦးနှောက်အမြှေးရောင်တာ၊ ပိုးဝင်တာ၊ အကျိတ်ရှိနေတာ)။ အဲဒါတွေက များသောအားဖြင့် တခြားလက္ခဏာတွေနဲ့တွဲနေနိုင်ပါတယ်။ ဥပမာ- ဖျားတာ၊ ဇက်ခိုင်တာ၊ အမြင်ဝါးတာ၊ တစ်ခုခုကို ထိကိုင်ရင် လွဲနေတာ စသဖြင့်ပေါ့။

    ခေါင်းကိုက်တာ အဖြစ်များတဲ့အရွယ်တွေကတော့ အပျိုဖော်ဝင်စ မီးမီးလေးတွေ၊ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ မိသားစုမျိုးရိုးရှိနေရင်ပဲ ဖြစ်ပါတယ်။

    ဘာလို့ ခေါင်းကိုက်လဲ သိသွားပြီဆိုရင် တကယ်ပဲ ခေါင်းကိုက်တာလား၊ စာမလုပ်ချင်လို့ ဉာဏ်များပြီးခေါင်းကိုက်တာလား (ခုခေတ်က သူတို့လေးတွေကို ကြောက်ရတယ်လေ) ဆိုတာကိုကွဲကွဲပြားပြားသိဖို့နဲ့ ခေါင်းကိုက်ရင်ဖြစ်တတ်တဲ့ပုံစံတွေနဲ့ ဘာတွေလုပ်ပေးဖို့လိုမလဲဆိုတာကို သိနိုင်ဖို့ ဆက်လက်ပြောပြသွားပါမယ်။

    ခေါင်းကိုက် ရင် ဖြစ်တတ်တဲ့ပုံစံတွေ-

    (၁) ခေါင်းတစ်ခြမ်းတည်း ကိုက်ခြင်း (Migraine-type headache)

    ခေါင်းကိုက်တယ် ဒါမှမဟုတ် ခေါင်းနာတယ်ပြောရင် ဘယ်နားနာလဲမေးကြည့်ပါ။ ခေါင်းတစ်ခြမ်းတည်းကိုပဲ ထိုးပြတယ် ဒါမှမဟုတ် တစ်ခြမ်းတည်းကိုပဲကိုင်ပြီးငိုနေတယ်ဆိုရင် Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရတာဖြစ်ဖို့များပါတယ်။ Migraine က တဒိန်းဒိန်းနဲ့ထိုးနေတတ်တာဖြစ်ပြီး လှုပ်ရှားမှုလုပ်ရင်၊ အိပ်ရေးပျက်ရင်၊ အလင်းရောင်ကြည့်ရင်၊ ပျို့အန်တာ၊ ဗိုက်နာတာဖြစ်ရင် ဒါမှမဟုတ် အသံ (သို့) အနံ့ဆိုးဆိုးတခုခုကြောင့်ပိုဆိုးတတ်ကြပါတယ်။

    (၂) ခေါင်းလေးခြင်း၊ ခေါင်းအုံခြင်း(Tension-type headache)

    ဒီအမျိုးအစားက လည်ပင်းတွေပါလေးနေတတ်ပြီး၊ ခေါင်းတစ်ခုလုံးကိုက်တတ်ပါတယ်။ သူက Migraine လို တဒိန်းဒိန်းထိုးနေတတ်တာမျိုးမဟုတ်ဘဲ လှုပ်ရှားမှုတွေ၊ ပျို့တာ၊ အန်တာတွေကြောင့်လည်း ပိုဆိုးမလာစေပါဘူး။ များသောအားဖြင့် ကလေးငယ်လေးတွေဆိုရင် ဆော့ကစားနေရင်း ဒါမှမဟုတ် တရေးလောက်အိပ်လိုက်ရင် သက်သာသွားတာများပါတယ်။

    (၃) ပြင်းပြင်းထန်ထန် တစ်ခြမ်းတည်းထိုးကိုက်ခြင်း

    သူကတော့ အသက် ၁၀နှစ်အောက်ကလေးတွေမှာ အဖြစ်နည်းပါတယ်။ ထိုးကိုက်လိုက်၊ ပျောက်သွားလိုက်နဲ့ အနည်းဆုံးငါးကြိမ်နှင့်အထက်ဖြစ်တတ်ပြီး တစ်ဖြစ်ရင် ၁၅မိနစ်မှ ၃နာရီအထိကြာတတ်ပါတယ်။ သူကတစ်ခြမ်းတည်းကို စူးပြီးထိုးကိုက်တတ်ပါတယ်။ များသောအားဖြင့် မျက်ရည်ကျတာ၊ နှာရည်ယိုတာ၊ စိတ်ရှုပ်တာ၊ ဂနာမငြိမ်တာတွေနဲ့ တွဲနေတတ်ပါတယ်။

    တကယ်လို့ ခေါင်းကိုက်တာဟာပျောက်မသွားဘဲနဲ့ တစ်လကို ၁၅ရက်နှင့်အထက် ကြာနေတယ်ဆိုရင်တော့ ပိုးကြောင့်၊ ခေါင်းကိုခိုက်မိတာကြောင့် ဒါမှမဟုတ် အကိုက်ခဲပျောက်ဆေး ဆေးယဉ်သွားလို့ဖြစ်နိုင်ပါတယ်။

    ဘယ်လိုသက်သာအောင် လုပ်ပေးမလဲ

    အပေါ်က ခေါင်းကိုက်တတ်တဲ့ အကြောင်းအရာတွေနဲ့ ပုံစံတွေသိသွားပြီဆိုရင် ကလေးတွေကို သက်သာအောင် ဘယ်လိုလုပ်ပေးမလဲ-

    • Air-con ဖွင့်ထားတဲ့ ဒါမှမဟုတ် အပူချိန်မများတဲ့အခန်းထဲမှာ မီးပိတ်ပြီး တရေးတမောအိပ်ပါစေ
    • မျက်လုံး ဒါမှမဟုတ် နဖူးပေါ်မှာရေခဲကပ်ပေးပါ
    • ဘာ‌ကြောင့်ဖြစ်လဲဆိုတဲ့ အကြောင်းရင်းကိုသိရင် နောက်တခါမဖြစ်အောင်မှတ်ထားပြီး ရှောင်ပါ။
    • Migraine မဟုတ်ရင် ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းပါ။
    • စိတ်ဖိစီးမှု လျှော့ချပေးပါ။
    • ခေါင်းကိုအသာယာ နှိပ်နယ်ပေးပါ။
    • အိပ်ချိန်နဲ့ အစာစားချိန်မှန်ပါစေ။
    • ရေများများတိုက်‌ပေးပါ။
    • Paracetamol   အရည် (သို့) အခဲကို ခေါင်းကိုက်နေတဲ့အချိန် တိုက်လို့ရပါတယ်။ (ပမာဏ မှန်ဖို့ နဲ့ အကြိမ်ရေ မှန်ဖို့ လိုပါတယ်။)
    • အန်နေရင် အအန်ပျောက်ဆေးတိုက်နိုင်ပါတယ်။

    ဘယ်အချိန်ဆရာဝန်ဆီခေါ်သွားမလဲ

    • မကြာခဏ ခေါင်းကိုက်နေရင်၊ မသက်သာဘဲ ပိုဆိုးလာရင်
    • ဦးခေါင်းကို တခုခုနဲ့ ခိုက်မိထားရင်
    • တောက်လျှောက်အန်နေရင် ဒါမှမဟုတ် အမြင်ဝါးနေရင်
    • ဖျားပြီး ဇက်ခိုက်နေရင်
    • လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ယိုင်နေရင်၊ တက်တာ၊ မေ့တာရှိရင်
    • ခြေတွေ၊ လက်တွေ တောင့်တာ သို့မဟုတ် အားနည်းတာဖြစ်နေရင်
    • မျက်နှာရွဲ့နေရင်
    • စကားကောင်းကောင်းမပြောနိုင်ရင်
    • အသက် ၃နှစ်အောက်ဆိုရင်

    ကဲ သားသား၊ မီးမီးလေးတွေ ခေါင်းကိုက်ရတဲ့အကြောင်းရင်းတွေ စုံစုံလင်လင်သိပြီဆိုရင် နောက်ထပ်မဖြစ်အောင်၊ အဖြစ်နည်းအောင် ဖေဖေ၊ မေမေတို့က သေချာဂရုစိုက်ပေးကြပါနော်။

    ရေးသားသူ – အမရာကျော်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement