backup og meta

ကလေး ခေါင်းဆောင့် မိတိုင်း စိုးရိမ်စရာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး ခေါင်းဆောင့် မိတိုင်း စိုးရိမ်စရာလား။

    ကလေး သဘာဝကတော့ လမ်းလျှောက်တတ်စကနေ စလို့ ကျောင်းနေရွယ်ရောက်လည်း ပြေးရင်း လွှားရင်း ချော်လဲတာ၊ ခိုက်မိတာ ရှိတာပါပဲ။ ကလေးငယ်ငယ် လေးဖက်ထောက် အရွယ်ဆိုရင်တောင်မှ သွားရင်း လာရင်း စားပွဲစောင်းနဲ့ တိုက်မိတာ၊ ခိုက်မိတာ ရှိနိုင်ပါတယ်။ တခြားနေရာဆို သိပ်မစိုးရိမ်ပေမယ့် ခေါင်းထိတယ်ဆို မေမေတို့ သိပ်စိုးရိမ်ကြပါတယ်။ အပြင်ကနေ ကြည့်လို့ ဘာမှမရှိရင်တောင် အထဲမှာများ သွေးယိုနေမလား၊ သွေးခဲနေမလားဆိုပြီး စိတ်ပူရပါတယ်။ ကလေးတွေ ခေါင်းဆောင့် မိတိုင်း ဆေးရုံသွားစရာ လိုမလား၊ ဘယ်လိုအခြေအနေမျိုးဆိုရင်တော့ သွားသင့်တယ်ဆိုတာကို ပြောပြပေးပါ့မယ်။

    ကလေးတွေ ခေါင်းဆောင့် မိတဲ့အခါ

    ကလေးတွေမှာ သာမန်စားပွဲစွန်းနဲ့ ဆောင့်မိတာကစလို့ ချော်လဲပြီး သံမံတလင်းနဲ့ ခေါင်းနဲ့ရိုက်တာအဆုံး ဦးခေါင်းထိခိုက်ဒဏ်ရာထဲမှာ ပါပါတယ်။ ထိခိုက်ဒဏ်ရာတွေကို ဒီလို ခွဲခြားနိုင်ပါတယ်။

    သာမန်ဒဏ်ရာ

    • ဖြစ်ပြီးပြီးချင်းမှာ ကလေးက ရုတ်တရက် ကြောင်သွားပေမယ့် ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားရင်
    • ကလေးက လန်းတယ်၊ အရင်လိုပဲ ဆော့တယ်၊ ကစားတယ်ဆိုရင်
    • အန်တော့အန်တယ်၊ ဒါပေမယ့် တစ်ခါလောက်ပဲဆိုရင်
    • ခေါင်းမှာ ခပ်သေးသေး အညိုအမည်းစွဲ ဒါမှမဟုတ် ခေါင်းပေါက်သွားတယ်
    • ကလေးက ပုံမှန်ပဲ စားတယ်၊ အိပ်တယ်၊ ဆော့တယ်

    ဒါဆိုရင်တော့ သာမန်ဒဏ်ရာလို့ပဲ သတ်မှတ်ပါတယ်။ သိပ်စိုးရိမ်စရာ မရှိဘူးပေါ့။ ဒါပေမယ့် မိဘတွေအနေနဲ့ စိုးရိမ်တယ်ဆိုရင်တော့ ဆေးရုံကို ခေါ်သွားနိုင်ပါတယ်။

    အသင့်အတင့် ဒါမှမဟုတ် ပြင်းထန် ဒဏ်ရာ

    • ကလေးက ခေါင်းဆောင့်ပြီးနောက်မှာ သတိလစ်သွားတယ်ဆိုရင်
    • မူးဝေပြီး ခေါ်တာ၊ မြှူတာကို ပြန်မတုံ့ပြန်ဘူးဆိုရင်
    • အလွန်အမင်း လန့်ပြီး ကြက်သေသေသွားတယ်ဆိုရင်
    • ကလေးငယ်လေးတွေမှာ ခေါင်းဆောင့်မိလို့ နာပေမယ့် မငိုနိုင်ဘူးဆိုရင်
    • သတိမကောင်းဘဲ သူရောက်နေတဲ့ နေရာ၊ အချိန်၊ ဘေးက လူတွေကို မမှတ်မိဘူးဆိုရင်
    • အမြင်တွေ ဝေဝါးလာတယ်ဆိုရင်
    • ခြေလက်တွေ မလှုပ်နိုင်တော့ဘူးဆိုရင်
    • ခေါင်းမှာ တစ်ခုခု စိုက်နေတာ၊ သွေးတွေ မတရားထွက်နေတာ၊ အဖုကြီးကြီး ထပြီး ညိုမည်းစွဲနေတာဆိုရင်
    • တက်နေရင်
    • တစ်ကြိမ်ထက်ပိုပြီး အန်ရင် ဆေးရုံကို အမြန်ခေါ်သွားသင့်ပါတယ်။

    ခေါင်းဆောင့် မိတဲ့ ကလေးကို အိမ်မှာပဲ ထားမယ်ဆိုရင်

    တစ်ခါတလေ ကလေးက ခေါင်းဆောင့်မိသွားတယ်။ ဘာမှကြီးကြီးမားမား ဒဏ်ရာ မရဘူး၊ အပေါ်က အချက်တွေ မရှိဘူးဆိုရင် အိမ်မှာပဲ ထားလို့ရပါတယ်။ ကလေးအများစုက ခေါင်းဆောင့်မိပြီး ရက်ပိုင်းလောက်နေရင် သူ့ဟာသူပြန်ကောင်းသွားကြပါတယ်။ တချို့ကျတော့လည်း တစ်လလောက် အချိန်ယူတတ်ပါတယ်။ သာမန်ဒဏ်ရာဆိုရင်တော့ ကလေးကို များများ အနားယူ၊ များများအိပ်ခိုင်းဖို့ လိုပါတယ်။ အထူးသဖြင့် ထိခိုက်မိပြီးပြီးချင်း ၂၄-၄၈ နာရီအတွင်းမှာပါ။

    ကလေးက ခေါင်းဆောင့်ပြီးရင် ခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။ ပါရာစီတမောကို ကလေး ကိုယ်အလေးချိန်နဲ့တွက်ပြီး တိုက်ပေးပါ။

    ကလေး အိပ်နေရင် မလိုအပ်ဘဲ သွားသွားမနှိုးပါနဲ့။ ကလေးက လှုပ်ကို မလှုပ်၊ ဟိုဘက် ဒီဘက်တောင် မစောင်းဘဲ အကြာကြီး အိပ်နေတယ်ဆိုရင်တော့ နှိုးကြည့်ပါ။ မရရင် ဆေးရုံသွားပါ။

    ကလေးတွေမှာ ခေါင်းဆောင့်တိုင်း ဦးနှောက်ပါ ထိသလားဆိုတာ ပြောဖို့ခက်ပါတယ်။ ကလေး တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာပြတဲ့အချိန်လည်း တူချင်မှ တူမှာပါ။ တချို့က နာရီပိုင်းလောက်နဲ့ လက္ခဏာ ပြပေမယ့် တချို့က ရက်တွေ၊ အပတ်တွေ တော်တော်ကြာမှ လက္ခဏာ ပြပါတယ်။

    ဒါကြောင့် အိမ်မှာ ထားပေမယ့်လည်း အောက်ကအချက်တွေကို ဆက်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။

    • ကလေးက တစ်ရက်ထဲမှာ ခဏခဏ အန်နေလား။
    • နားတွေ၊ နှာခေါင်းတွေကနေ သွေးထွက်နေလား။
    • တက်တာ၊ အကြောဆွဲတာတွေ ရှိနေလား။
    • အမြင်တွေ ဝါးနေတယ်လို့ ပြောသလား။ (စကားမပြောတတ်သေးတဲ့ ကလေးဆို မမြင်မစမ်းနဲ့ ပစ္စည်းတွေ ဝင်တိုက်တတ်ပါတယ်။)
    • ကတုန်ကရင်နဲ့ အလွဲလွဲအချော်ချော် လုပ်နေသလား။ (ဥပမာ ပစ္စည်းပိုင်ရင် မမြဲတာမျိုး)
    • ခြေတွေ လက်တွေ အားပျော့လာသလား။
    • အစာစား၊ ရေသောက်တဲ့အခါ မမျိုနိုင်တာ၊ ခဏခဏ သီးတာမျိုး ဖြစ်သလား။
    • အသံဆူဆူတွေကို မခံနိုင်တာမျိုး ဖြစ်သလား။
    • စကားပြောတာ ဗလုံးဗထွေး ဒါမှမဟုတ် မပီမသ ဖြစ်လာသလား။
    • အရင်ကနဲ့ မတူဘဲ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာသလား။
    • ပြင်းပြင်းထန်ထန် ခေါင်းကိုက်ပြီး ပါရာစီတမောတိုက်တာတောင် မသက်သာဘဲ ဖြစ်နေသလား။

    ဒီအချက်တွေကို စောင့်ကြည့်ပြီး ရှိနေခဲ့ရင် ဆေးရုံကို သွားရမှာပဲ ဖြစ်ပါတယ်။

    ခေါင်းထိထားတဲ့ ကလေးကို ကျောင်းပြန်တက်ဖို့ အတင်းမတိုက်တွန်းပါနဲ့။ ရက်အနည်းငယ်လောက် နားပါစေ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံပါ။

    ခေါင်းဆောင့်မိပြီးရင် မှတ်ဉာဏ်အားနည်းတတ်သလား။

    ခေါင်းထိခိုက်ထားတဲ့ ကလေးတွေမှာ Cognitive fatigue ဆိုတဲ့ ပြဿနာ တစ်ခုတွေ့ရတတ်ပါတယ်။ ဒီပြဿနာက အာရုံစူးစိုက်မှု မကောင်းတဲ့ ပြဿနာပါ။ သာမန်အလုပ်တွေဖြစ်တဲ့ တီဗွီကြည့်တာ၊ စကားကြာကြာပြောတာလိုမျိုးမှာ အာရုံမရဘဲ ဖြစ်နေတာမျိုးပါ။ ဒါက ကလေးရဲ့ မှတ်ဉာဏ်၊ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်စေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အာရုံစူးစိုက်မှ မကောင်းတာကြောင့် စာမလိုက်နိုင်တာ၊ စိတ်အတက်အကျဖြစ်တာမျိုးပါ။

    သူ့ရဲ့ လက္ခဏာတွေကတော့

    • တစ်ခုခုကို တွေးတာ၊ ပြန်ဖြေတာတွေ နှေးကွေးတာ
    • အာရုံစူးစိုက်မရတာ
    • အမှတ်သညာ မကောင်းတာ
    • တစ်ခုခုပြောဖို့ စကားလုံး စဉ်းစားမရတာ
    • အရင်ကထက်ပိုပြီး ဂျီကျတာ၊ စိတ်တိုလွယ်တာ
    • ပိုကြောက်ပြီး ပိုစိုးရိမ်တတ်တာ
    • အိပ်တဲ့ပုံစံ ပြောင်းသွားတာ စတာတွေ ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ခေါင်းဆောင့် မိပြီး နောက်ပိုင်းမှာ ကလေးရဲ့ အပြုအမူတွေက အရင်ကနဲ့ မတူဘဲ ပြောင်းလဲလာတယ်ဆိုရင် မပေါ့ဆဘဲ ဆေးရုံကို ခေါ်သွားသင့်ပါတယ်။ ဒီလို ကလေးတွေက သေချာ အနားယူဖို့ လိုပါတယ်။ တိဗွီကြည့်တာ၊ ဖုန်းသုံးတာ ကန့်သတ်ရပါမယ်။ စူးစိုက်မှု ပြန်ကောင်းအောင် လေ့ကျင့်ပေးရပါမယ်။

    အကောင်းဆုံးကတော့ မိဘတွေ အနေနဲ့ ကလေးတွေ ခေါင်းဆောင့်မိပြီဆိုရင် ဆေးရုံသွားလောက်အောင် မပြင်းထန်သည့်တိုင် အနားမှာ လူကြီးတစ်ယောက်က ကလေးရဲ့ လက္ခဏာတွေကို သေချာစောင့်ကြည့်နေဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement