backup og meta

အာရုံစူးစိုက်မှု မပြုနိုင်ခြင်းအကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံစူးစိုက်မှု မပြုနိုင်ခြင်းအကြောင်း

    လူတိုင်းလိုလို ကျောင်းမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ အာရုံစူးစိုက်မှု လိုအပ်တဲ့ ကိစ္စရပ်တွေ နေ့စဉ် ကြုံဆုံရပါတယ်။ အာရုံစူးစိုက်မှု အားကောင်းရင် ရှင်းလင်းစွာ တွေးတောနိုင်ခြင်း၊ လုပ်ငန်းတာဝန်အပေါ် ပြတ်သားစွာ မြင်လွယ်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။

    အာရုံစူးစိုက်မှုကျဆင်းရင်တော့ မိမိရဲ့လုပ်ငန်းတွေမှာ လစ်ဟင်းလာပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ဖို့တောင် ခက်ခဲလာပါလိမ့်မယ်။

    အာရုံစူးစိုက်မှု အားမကောင်းခြင်းရဲ့ လက္ခဏာများ

    အာရုံစူးစိုက်မှုအားမကောင်းရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာများကတော့

    – သိပ်မကြာသေးခင်က ဖြစ်ပျက်တာတွေကို မမှတ်မိနိုင်ခြင်း

    – ငြိမ်ငြိမ်ထိုင်နေရန်ခက်ခဲခြင်း

    – ရှင်းလင်းစွာ တွေးတောရန် ခက်ခဲခြင်း

    – ပစ္စည်းများ မကြာခဏပျောက်ခြင်း၊ မည်သည့်နေရာတွင် ထားသိုသည်ကို မမှတ်မိခြင်း

    – ဆုံးဖြတ်ချက်တစ်ခုကိုချရန် ခက်ခဲခြင်း

    – ခက်ခဲသည့်လုပ်ငန်းတာဝန်များ မဆောင်ရွက်နိုင်ခြင်း

    ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ စွမ်းအင်နည်းပါးနေခြင်း

    – အာရုံများခြင်း၊ အာရုံထွေပြားခြင်း

    – အလျင်စလိုပြုမူပြီး အမှားများခြင်း စတာတွေ ဖြစ်ပါတယ်။

    အာရုံစူးစိုက်မှုအားနည်းရခြင်းရဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

    အာရုံစုစည်းနိုင်ခြင်းကို ထိခိုက်စေတဲ့ အကြောင်းအရာများကတော့

    – အရက်အလွန်အကျွံသောက်ခြင်း

    – အာရုံစိုက်နည်းပြီး တက်ကြွလွန်သော ရောဂါ (ADHD) ဖြစ်ခြင်း

    – ကာလကြာရှည် ပင်ပန်းနွမ်းနယ်ခြင်း

    – ကူးရှင်းရောဂါလက္ခဏာစုဖြစ်ခြင်း

    – သတိမေ့ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း

    – အတက်ရောဂါဖြစ်ခြင်း

    – အိပ်မပျော်ခြင်း

    – အကြီးအကျယ်စိတ်ဓာတ်ကျဆင်းခြင်း

    – စိတ်ကျန်းမာရေးဝေဒနာတမျိုးမျိုး ခံစားရခြင်း (ဥပမာ စိတ်ကစဉ့်ကလျားရောဂါ)

    – စိတ်ဖိစီးခြင်း

    – ဆာလောင်ခြင်း

    – စိတ်ပူပန်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဒါ့အပြင် ဆေးဝါးအချို့သောက်သုံးရချိန်မှာလည်း အာရုံမစိုက်နိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဆေးဝါးအချို့ကို စတင်သောက်သုံးတော့မယ်ဆိုရင် အညွှန်းစာသေချာဖတ်ပါ။ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ကုသမှုခံယူသင့်သလဲ

    များသောအားဖြင့် အာရုံစူးစိုက်မှုအားနည်းရခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်တတ်ပါဘူး။ ဒါပေမယ့် အာရုံစူးစိုက်မှု မပြုနိုင်တဲ့အပြင် အောက်ပါရောဂါလက္ခဏာတွေကိုပါ ကြုံလာရတယ်ဆိုရင် အရေးပေါ် ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။

    – သတိလစ်ခြင်း

    – ကိုယ်ခန္ဓာတစ်ခြမ်းတွင် ထုံခြင်း/ကျင်ခြင်း

    – ရင်ဘတ် ပြင်းထန်စွာ အောင့်ခြင်း

    ခေါင်းအလွန်ကိုက်ခြင်း

    – မှတ်ဉာဏ်များ ရုတ်တရက်ချို့ယွင်းကုန်ခြင်း

    – မိမိ ဘယ်နေရာ ရောက်နေသည်ကို မသိခြင်း စတာတွေ ဖြစ်ပါတယ်။

    အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုနေသင့်သလဲ

    သင့်ရဲ့နေထိုင်မှုပုံစံဟာ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အာရုံစူးစိုက်မှုအား ကောင်းစေဖို့

    – အာဟာရမျှတစွာ စားသုံးခြင်း (အစေ့အဆန်များ၊ အသီးအနှံများ၊ ပရိုတင်းဓာတ် စသဖြင့်)

    – တစ်ကြိမ်တည်း တနင့်တပိုးမစားဘဲ အကြိမ်ရေများများခွဲပြီး စားသုံးခြင်း

    အိပ်ရေးဝအောင်အိပ်ခြင်း

    – ကဖင်း လျှော့ချခြင်း

    – စိတ်ဖိစီးမှုကို လျှော့ချခြင်း (တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း) စတဲ့ နည်းလမ်းတွေနဲ့ နေထိုင်သင့်ပါတယ်။

    အာရုံစူးစိုက်မှုအားနည်းခြင်းဆိုတာ ကိုယ်/စိတ်ပင်ပန်းချိန်မှာ ကြုံတွေ့နိုင်တဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဒါပေမယ့် တခြား ရောဂါလက္ခဏာတွေနဲ့ တွဲပြီး ကြုံတွေ့ရရင် အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်သွားနိုင်တာမို့ သတိပြုသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement