home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မေမေ့ကလေးက ဘာလို့ နို့မစို့ တာလဲ။

မေမေ့ကလေးက ဘာလို့ နို့မစို့ တာလဲ။

မွေးစကလေးတွေအတွက် မေမေနို့ရည်က အာဟာရအပြည့်ဆုံးနဲ့ အလိုအပ်ဆုံးပါ။ ကလေးအသက် ၆လလောက်အထိ မိခင်နို့က အရေးပါတာကြောင့် မိခင်နို့ကို ကောင်းကောင်းမစို့ဘူးဆိုရင် မေမေတွ သိပ်စိတ်ပူကြပါတယ်။ ဒီနေရာမှာ ၂ပိုင်း ရှိပါတယ်။ ကလေးက မွေးစတည်းက နို့မစို့ တာလား ဒါမှမဟုတ် အရင်က ကောင်းကောင်းစို့နေပါလျက်နဲ့ ခုမှ မစို့တော့တာလား။ နှစ်ခုလုံးအတွက် ဖြေရှင်းစရာနည်းလမ်း ရှိပါတယ်။

မွေးစကလေး နို့မစို့ ရတဲ့ အကြောင်းရင်း

ဟုတ်ပါတယ်။ မွေးစကလေးတွေက နို့ကောင်းကောင်း မစို့တတ်ပါဘူး။ နို့ကို ဘယ်လိုငုံရမှာလဲ။ ဘယ်လိုစို့ရမှာလဲဆိုတာ သူတို့ အကျင့်မရသေးပါဘူး။ ကလေးပါးစပ်ထဲကို နို့ရောက်နေပေမယ့် နို့စို့လို့ မရတာမျိုးတွေ ရှိပါတယ်။ စို့နေရဲ့သားနဲ့ နည်းလမ်းမမှန်လို့ နို့ထွက်မလာဘူးဆိုရင် ကလေးက ဆက်စို့မှာ မဟုတ်တော့ပါဘူး။

ဒိလိုနဲ့ ဆာလေလေ၊ ငိုလေလေ၊ နို့စို့မရလေလေ၊ ပိုသောင်းကျန်းလေ၊ နို့တိုက်ရခက်လေလေ ဖြစ်လာမှာပါ။ ဒီလို မဖြစ်ဖို့ဆိုရင် ကလေးမမွေးခင်တည်းက မေမေက နို့တိုက်နည်းကို သင်ထားရမှာပါ။ ကလေးရဲ့ ပါးစပ်ထဲကို နို့သီးခေါင်းဘေးက အညိုကွင်းလေး ဝင်နေရမှာဖြစ်ပြီး နို့သီးခေါင်းက အာခေါင်မှာ ထောက်နေရမှာပါ။ ကလေးနို့ကောင်းကောင်းစို့ရရဲ့လား သိချင်ရင် လည်ချောင်းကို ကြည့်ပါ။ ပုံမှန်လေး မျိုချနေရပါမယ်။ ပါးစပ်လေး လှုပ်ရုံနဲ့ မရပါဘူး။

ကလေးက လမစေ့ဘဲ မွေးလာပြီး ဖန်ပေါင်းချောင်လေးထဲမှာ နေနေရတယ်ဆိုရင်လည်း နို့စို့ဖို့ နောက်ကျနေမှာပါ။ ကလေးလေးက သာမန်ကလေးတွေထက် ပါးစပ်လေးလည်း ပိုသေးတဲ့အတွက် နို့ကို ငုံဖို့ ခက်ခဲနေနိုင်ပါတယ်။ နောက်ပြီး ဒီကလေးလေးတွေက အားလည်း နည်းနေတဲ့အတွက် စို့အားလည်း မရှိပါဘူး။ ဒါကြောင့် ဒီလိုကလေးလေးတွေကို စစချင်းမှာ နို့ညှစ်ပြီး ဇွန်းသန့်သန့် ဒါမှမဟုတ် ဆေးထိုးပြွန်ကို အပ်ဖြုတ်ပြီး တိုက်ရပါတယ်။ နောက်ပိုင်း ကလေးနည်းနည်းကြီးမှ နို့စို့ခိုင်းရပါတယ်။

  • ကလေးမွေးတုန်းက ထိခိုက်ဒဏ်ရာရတာ

ကလေးက မွေးရခက်လို့ ညှပ်ဆွဲ၊ လေစုပ်ရင်း အညိုအမည်းလေးတွေ စွဲလာတာ၊ လက်လေးတွေ၊ ခြေထောက်လေးတွေ ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါဆိုရင် ကလေးက နာတဲ့အတွက် နို့စို့ဖို့ အာရုံရမှာ မဟုတ်ပါဘူး။ ဒါ့ပြင် မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးတွေကလည်း သာမန်ကလေးတွေထက် နို့စို့ရတာ အခက်အခဲရှိနိုင်ပါတယ်။

ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုနည်းနဲ့ နို့တိုက်သင့်တယ်ဆိုတာကို ဆွေးနွေးတာအကောင်းဆုံးပါပဲ။

  • နို့ထွက်နောက်ကျတာ

သားဦးမေမေတို့၊ တချို့ကျန်းမာရေး သိပ်မကောင်းတဲ့ မေမေတို့ဆိုရင် မွေးပြီးပြီးချင်းမှာ နို့သိပ်ထွက်ဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်က ကလေးက နို့စို့လို့ နို့မထွက်ဘူးဆိုရင် စိတ်ဆိုးလာပါတယ်။ ဒါကြောင့် နို့မစို့တော့ပါဘူး။ ဒါပေမယ့် မစို့လို့ဆိုပြီး မတိုက်ဘဲ မနေပါနဲ့။ မကြာခဏ နို့တိုက်ပေးပါ။ ကလေးနို့စို့မှ နို့ထွက်လာမှာမို့လို့ပါ။

  • ကလေးက အိပ်နေတာ

မွေးစကလေးတွေက တစ်နေ့လုံးနီးပါး အိပ်နေတတ်ပါတယ်။ မွေးလို့ အားကုန်နေတာရော၊ ကလေးမွေးတုန်းက ဆေးထိုးဆေးသောက်တွေ လုပ်ထားတာ၊ ခါးဆစ်ရိုးထုံဆေးတွေ ထိုးတာတာကြောင့်ရော ကလေးက ပိုအိပ်နေတတ်ပါတယ်။ အသားဝါတဲ့ကလေး၊ နေမကောင်း ဖြစ်နေတဲ့ ကလေးတွေဆိုလည်း ဒီတိုင်းပါပဲ။

အိပ်နေတဲ့ ကလေးက နို့ဘယ်စို့ပါ့မလဲ။ ဒီတော့ ကလေးကို သတိတရနဲ့ နှိုးပြီး နို့တိုက်ရပါမယ်။ ကလေးရဲ့ ကျောလေးတွေ၊ ခြေထောက်လေးတွေကို ပွတ်ပေးတာ၊ အနှီးထုပ်လေး ဖြေလိုက်တာ၊ သေးခံလဲပြီးတိုင်း နို့တိုက်ပေးတာ စတာတွေ လုပ်ပေးလို့ရပါတယ်။ အရေးကြီးတာက ခဏခဏနို့တိုက်ပေးဖို့ပါ။ ကံကောင်းတာက ဒီလိုအိပ်ချင်မူးတူးဖြစ်တာက ရက်ပိုင်းလောက်ပါပဲ။

ကလေးက အရင်ကတော့ စို့ပါရဲ့။ ခုရက်ပိုင်း နို့ကောင်းကောင်း မစို့ဘူးဆိုရင် ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
  • နေမကောင်း ဖြစ်နေတာ
နို့စို့အရွယ်ကလေးတွေက မကြာခဏ နေမကောင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခဏခဏ အအေးမိတတ်ပါတယ်။ အအေးမိလို့ နှာပိတ်နေရင် ကလေးက နို့စို့နိုင်မှာ မဟုတ်ပါဘူး။ နှာခေါင်းပိတ်လျက်သားနဲ့ နို့စို့ဖို့ဆိုတာ ကလေးအတွက် အတော်ပင်ပန်းပါတယ်။
  • အာရုံမရတာ

ငယ်ငယ်ကလို နို့စို့ရင် မျက်လုံးလေးမှိတ်ပြီး စို့တာ မဟုတ်ပါဘူး။ အရွယ်ရလာာတာနဲ့အမျှ ဟိုကြည့်ဒီကြည့် ကြည့်လာပါပြီ။ တစ်ခါတလေ စိတ်ဝင်စားတာ တွေ့တယ်ဆိုရင် နို့စို့ရင်းတန်းလန်းနဲ့ လေးဖက်ထောက်ပြီး ထွက်သွားပါသေးတယ်။

  • မြန်မြန်ဗိုက်ပြည့်သွားတာ

ကလေးကြီးလာတာနဲ့အမျှ နို့စို့တဲ့အခါ များများထွက်ပါတယ်။ မြန်မြန်စို့ပါတယ်။ ဒီတော့ မြန်မြန်ဗိုက်ပြည့်သွားပါတယ်။ မေမေ့စိတ်ထဲမှာတော့ ကလေးက ခဏလေးပဲ စို့ရသေးတယ်။ ဗိုက်မဝဘူးလို့ ထင်သွားတာပါ။

  • နို့မထွက်တာ

ကလေးလေး ကြီးလာလေလေ သဘာဝအရ မေမေလည်း နို့ထွက်နည်းလာပါတယ်။ မေမေနို့မထွက်ရင်လည်း ကလေးက နို့ဆက်စို့မှာ မဟုတ်တော့ပါဘူး။

  • ပါးစပ်နာတာ

သွားပေါက်စအရွယ်မှာ သွားဖုံးတွေ နာတာ၊ ပါးစပ်ထဲမှာ မှက္ခရုတွေ ပေါက်နေတဲ့အခါ ကလေးက နို့စို့တိုင်း ပါးစပ်နာပါတယ်။ ဒါ့ပြင် လေနာနေရင်လည်း ငြိမ်ငြိမ်လေး နို့စို့နိုင်မှာ မဟုတ်ပါဘူး။

  • အရသာ ပြောင်းသွားတာ

အမေက ရာသီပြန်လာတာ၊ တားဆေးတွေ သုံးတာက ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး နို့အရသာ ပြောင်းတတ်ပါတယ်။ ဆေးလိပ်သောက်တာ၊ တချို့ အစားအစာတွေကလည်း နို့ရဲ့ အရသာကို ပြောင်းစေပါတယ်။ ဒီတော့ ကလေးက သူသောက်နေကျနဲ့ မတူလို့ဆိုပြီး မသောက်တော့ပါဘူး။

ကလေး နို့စို့အောင် ဘယ်လိုလုပ်ကြမလဲ။

  • နို့တိုက်ပါ။

အမေနို့ရဲ့ သဘောတရားက စို့လေ ထွက်လေပါ။ ကလေးနို့မစို့လို့ မတိုက်ရင် နို့ထွက်မှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် တိုက်ရ ပိုခက်သွားပါလိမ့်မယ်။ သတိထားရမှာက ကလေးကို အတင်းအကျပ် မလုပ်ပါနဲ့။ ကလေးက နို့စို့ရမှာကို ကြောက်စရာလို့ ထင်သွားရင် နောက်ထပ်စို့မှာ မဟုတ်တော့ပါဘူး။

  • နို့တိုက်ခါနီးရင် ပြင်ဆင်ပါ။

ကလေးကို တိတ်ဆိတ်ပြီး လူရှင်းတဲ့ ပတ်ဝန်းကျင်မှာ နို့တိုက်ပါ။ ဒါမှ သူစပ်စုလို့ မရမှာပါ။ ကလေးနိုးနေတဲ့ အချိန်ထက်၊ အိပ်ငိုက်နေတဲ့အချိန်၊ အိပ်ပျော်စအချိန်တွေမှာ နို့တိုက်ပေးပါ။ အဲ့အချိန်ဆို ဘာလုပ်လုပ် ကလေးက အလိုက်သင့်လေး ပါလာပါတယ်။

  • ပုံစံပြောင်းပါ။

လှဲတိုက်တာ၊ ထိုင်တိုက်တာ၊ ကလေးကို ပေါင်ပေါ်ထိုင်ခိုင်းပြီး တိုက်တာ အမျိုးမျိုး စမ်းကြည့်ပါ။ ကလေးက နှာပိတ်နေတယ်ဆို သူထိုင်ပြီး စို့တာက ပိုအဆင်ပြေပါတယ်။

  • ကလေးကို ပွေ့ဖက်ပါ။

ကလေးကို ပွေ့ဖက်ပြီး နို့တိုက်တာက သူတို့ကို သက်သောင့်သက်သာဖြစ်စေပြီး စိတ်လုံခြုံမှု ရစေပါတယ်။ အထူးသဖြင့် မွေးစကလေးတွေမှာ အသားချင်းထိထားတာက ကလေးတွေကို နို့ပိုစို့စေပါတယ်။

သာမန်အားဖြင့်တော့ ကလေးက ဒီလောက်ဆို နို့ပြန်စို့ပါတယ်။ ကလေးက နို့မဝင်ဘူး။ ဆီးတွေပါ နည်းသွားတယ်။ ကိုယ်အလေးချိန်မတက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။