home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်သက်သာစေဖို့

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်သက်သာစေဖို့

ကလေးက ဂျီကျနေတယ်။ အသက်ရှုသံလည်းပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲလုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့တွေးစရာတစ်ခုရှိတာကဘေဘီလေးက နှာစေးနှာပိတ်များဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ဘေဘီလေးတွေနှာစေးနှာပိတ်တဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင်တော်တော်လေးနေရခက်ပါတယ်နော်။ ဘာမှတောင်မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များခံရခက်လိုက်မလဲ။

နှာစေးနှာပိတ်ခြင်း

နှာစေးနှာပိတ်တယ်ဆိုတာ နှာခေါင်းနဲ့လေပြွန်ထဲမှာ အရည်တွေ(ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ပြင်ပအရာတစ်ခုခုနှာခေါင်းတွင်းဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ဓါတ်မတည့်တဲ့အရောတွ ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါဘေဘီလေးတွေမှာ

  • အသက်ရှုရခက်တာ
  • အသက်ရှုတဲ့အခါ တခွီခွီမြည်တာမျိုးတွေကြားရတာ
  • နို့မစို့ဘဲ ငိုနေတာ
  • ပုံမှန်ထက် အသက်ရှုနှုန်းမြန်နေတာ
  • နှာခေါင်းထဲမှာချွဲတွေဖြစ်နေတာ
  • ချောင်းဆိုးတာ
  • အိပ်နေစဉ်မှာ အသက်ရှုသံပြင်းတာ၊ဟောက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေ နှာခေါင်းပိတ်တာ သက်သာစေဖို့

မိခင်နို့ – သဘာဝဆေးတစ်လက်ပေါ့။ အလွယ်ကူဆုံးနဲ့အရိုးစင်းဆုံးပါ။ စိတ်အချရဆုံးဆိုလည်းဟုတ်ပါတယ်နော်။ နည်းလမ်းကတော့ ကလေးရဲ့နှာခေါင်းထဲကို မိခင်နို့ရည် တစ်စက် နှစ်စက်လောက်ချပေးလိုက်ပါ။ပြီးရင် ကလေးကိုမှောက်ထားလိုက်ပါ။ခေါင်းလေးကို ခပ်မတ်မတ်လေးထားပေးဖို့တော့လိုပါမယ်နော်။ပြီးရင် ကလေးကို ထိုင်ရက်အနေအထားမှာထားပေးပါ။ ချွဲတွေပျော်ကျလာပါလိမ့်မယ်။

ဆားရည်ဆားကိုရေနွေးလေးနဲ့ဖျော်ပြီး နှာခေါင်းထဲကို တစ်စက်၊ နှစ်စက်လောက်ချပေးလိုက်ပါ။ရေ တစ်ဗူးစာကို ဆားလက်ဖက်ရည်ဇွန်းနဲ့ ၄ ပုံတစ်ပုံပဲရောစပ်ရမှာပါနော်။

အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးပါ – ကလေးအိပ်နေတဲ့နေရာနားလေးမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးတာ၊ ကလေးနားနေတဲ့နေရာမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးကလည်း ကလေးကိုနှာစေးနှာပိတ်သက်သာစေမှာပါ။

ရေနွေးငွေ့ခံပေးပါ – ကလေးကိုရေနွေးနွေးဇလုံထဲထည့်ပြီးရေနွေးငွေ့ခံပေးတာမျိုးလုပ်ပေးပါ။ နို့တိုက်ရင်းဖြစ်ဖြစ် မိခင်ကချီထားရင်းဖြစ်ဖြစ် မိနစ် ၂၀လောက်ရေနွေးငွေ့ခံပေးပါ။ ဒါကလည်း ကလေးနှာစေးနှာပိတ်တာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပေါ့။

နှာခေါင်းတွင်းပိတ်နေတဲ့ ချွဲတွေကိုဖယ်ရှားပေးပါ – ကလေးရဲ့ နှာခေါင်းတွင်းထဲနဲ့ အပြင်ဘက်မှာ နှပ်ချေးတွေ ချွဲတွေကပ်နေနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဂွမ်းစမှာရေနွေးနွေးလေးစွတ်လို့ သေချာဂရုတစိုက်လေးဖယ်ရှားပေးပါ။

ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးပါ -ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးတာကလည်း ကလေးကနှာစေးတာကို သက်သာစေနိုင်ပါတယ်။ ကလေးကိုပေါင်ပေါ်မှာမှောက်ရက်အနေအထားတင်ထားပြီးကျော်လေးကို လက်ဖဝါးသုံးလို့ ခပ်ဖွဖွလေးပုတ်ပေးပါ။ပြီးရင် ကလေးကိုပေါင်ပေါ်မှာထိုင်ခိုင်းပြီးခန္ဓါကိုယ်ကို အရှေ့ဘက်ကို ၃၀ ဒီဂရီလောက် ကိုင်းထားပေးပါ။ ဒီလိုလုပ်တာကခမဲတွေကိုပျော်စေပြီးပြင်ပကိုထွက်လာစေမှာပါ။ နှာခေါင်းပိတ်တာကို သက်သာစေဖို့ အသုံးဝင်တဲ့ နည်းလေးတစ်ခုပေါ့။

ဘေဘီလေးတွေမှာ နှာစေးနှာပိတ်ခံစားနေရပြီးဆေးတိုက်ဖို့ကလည်း ငယ်လွန်းသေးတယ်၊ဆေးခန်းပြရမှာလည်း စိုးရိမ်မိတယ်ဆိုရင်တော့ ဒီနည်းလေးတေါက အသုံးတည့်မှာပေါ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

5 Ways to Treat Your Baby’s Stuffy Nosehttps://www.webmd.com/parenting/baby/features/baby-stuffy-nose Accessed Date 18 February 2019

7 Doctor-Approved Home Remedies to Relieve Baby Congestionhttps://www.thebump.com/a/baby-congestion Accessed Date 18 February 2019

How to Treat Nasal and Chest Congestion in a Newbornhttps://www.healthline.com/health/newborn-congestion Accessed Date 18 February 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။