backup og meta

20 လအရွယ်ကလေးငယ်

20 လအရွယ်ကလေးငယ်

လ၂၀ အရွယ်ကလေးငယ်

လ၂၀အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူ

ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။

လ၂၀အရွယ်မှာ သင့်ကလေးဟာ ဝါကျတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်တော့ပြောနိုင်နေပါပြီ။ သူဟာစာအုပ်တွေကိုအရမ်းစိတ်ဝင်စားပါလိမ့်မယ်။ ဒါဟာစာဖတ်ခြင်းကိုအားပေးဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ သင့်ကိုဖတ်ပြခိုင်းစေချင်တဲ့ သူအနှစ်သက်ဆုံးစာအုပ်လည်းရှိနေနိုင်ပါတယ်။ စာအုပ်ထဲကမတူညီတဲ့ ပုံတွေကိုလည်းသူပြပေးနိုင်ပါလိမ့်မယ်။ ဒါဟာသူ့ရဲ့ ပြောဆိုဆက်သွယ်ခြင်းနဲ့ နားလည်သိတတ်မှုစွမ်းရည်တွေ တိုးတက်လာတဲ့ သင်္ကေတပါ။

စာအုပ်ကိုသူကိုယ်တိုင်ကိုင်ထားတာ ကြည့်ခြင်းအားဖြင့် သူ့ရဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တိုးတက်လာတာကိုလည်း မြင်နိုင်ပါတယ်။ ဒါကတကယ်ကောင်းပါတယ်။ စာရွက်တွေကိုလည်းသူကိုယ်တိုင် လှန်ကောင်းလှန်နိုင်ပါလိမ့်မယ်။ ဒီအချက်ကောင်းလေးတွေကို ကြည့်ခြင်းအားဖြင့် သင့်ကလေးဟာပုံမှန်ဖွံ့ဖြိုးတိုးတက်လာတာကိုသိနိုင်ပါတယ်။ သူဟာဘောလုံးကိုပစ်နိုင် ကန်နိုင်တဲ့အခြေအနေမှာလည်းရှိနေနိုင်ပါတယ်။

ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။

အကောင်းဆုံးနည်းလမ်းကတော့ စာဖတ်ချိန်မှာစာဖတ်ဖို့ စာအုပ်တွေဝယ်ပေးတာပါ။ အိပ်ရာမဝင်ခင်မှာ စာဖတ်ချိန်ဆိုပြီးစီစဉ်ထားရှိပေးနိုင်ပါတယ်။ ဒါကသင့်ကလေးအိပ်ရာမဝင်ခင်မှာ အေးအေးချမ်းချမ်းအနားယူနိုင်ဖို့အတွက် တကယ်ကောင်းတဲ့နည်းလမ်းပါ။ အခြားအချိန်တွေမှာလည်းစာဖတ်ချိန်တွေ ထပ်ထည့်ပေးနိုင်ပါတယ်။ ဥပမာ ကစားချိန်အတွင်းမှာ၊ နေ့လည်မအိပ်ခင်အချိန်မှာနဲ့ ရေအိမ်ဝင်တဲ့အချိန်မှာရောပေါ့။

ပုံအမည်ပေးစာအုပ် ကဗျာစာအုပ် စသဖြင့်လည်းစာအုပ်အမျိုးမျိုးကိုသင်ရွေးချယ်နိုင်ပါသေးတယ်။ သင့်ကလေးကိုစာအုပ်ဆိုင်ခေါ်သွားပြီးသူဘယ်စာအုပ်အမျိုးအစားကို စိတ်ဝင်စားလဲဆိုတာ သိအောင်လုပ်နိုင်ပါတယ်။ စာအုပ်ရွေးချယ်ရာမှာသင့်ကလေးပါ ပါပါစေ။ ဒါကသူ့ကိုစိတ်လှုပ်ရှားပျော်ရွှင်စေမှာပါ။

သင့်ကလေးဟာသူတစ်ယောက်တည်းပိုပြီးရပ်တည်နိုင်လာပါပြီ။ “ကိုယ့်ဖာသာလုပ်မယ်”ဆိုတဲ့စကားတွေကိုစပြောလာပါတော့မယ်။ သင့်ကလေးတွေကိုအလုပ်သေးသေးလေးတွေ လုပ်ကြည့်ခိုင်းလိုက်ပါ။ ဥပမာညစ်ပတ်နေတဲ့ဇွန်းကိုဆေးမယ့်ထဲထည့်တာတို့ ၊ သူထွေးထုတ်ထားတာတွေကို ပြန်ပြီးသန့်ရှင်းခိုင်းတာမျိုးတို့ပေါ့။ ဒါကသူ့ကိုစွမ်းအားတွေပေးလိုက်သလိုပါပဲ။ သူဟာတကယ်အရေးပါတယ်လို့ သူထင်လာပါလိမ့်မယ်။ အလုပ်ဟာ ပြီးပြည့်စုံစွာ ပြီးသွားသည်ဖြစ်စေမပြီးသည်ဖြစ်စေသေချာလေးချီးကျူးပေးပါ။ “ဝိုး ညစ်ပတ်နေတဲ့ဇွန်း ကိုယူသွားပေးတာကျေးဇူးပါ”ဆိုတာမျိုးပေါ့။

ကျန်းမာရေးနှင့် လုံခြုံမှု

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ဆွေးနွေးသင့်သလဲ။

ဒီလအတွက်ကတော့ ဆရာဝန်နဲ့တွေ့ဖို့ အချိန်ဇယားချထားတဲ့ဆီမှာမပါဘူးထင်ပါတယ်။ လွန်ခဲ့တဲ့ ၁၈လလောက်က ဆေးစစ်ဖို့ကျန်ခဲ့တာရှိရင်နဲ့ အရေးတကြီးသိချင်တာစိတ်ပူစရာရှိတာမျိုးမှ သွားတွေ့သင့်ပါတယ်။ တကယ်လို့သင့်ကလေးကကျန်းမာသွက်လက်နေတယ်ဆိုရင်ကတော့ ၂၄လပြည့်တဲ့အထိစောင့်ပေးလိုက်ပါ။

ဘာတွေသိသင့်သလဲ။

သင့်ကလေးရဲ့သွားတွေကိုဂရုစိုက်နေဖို့ အရေးကြီးပါတယ်။ ဖလိုရိုက်ပါဝင်တဲ့သွားတိုက်ဆေးတွေကို ၂နှစ်မပြည့်ခင် မသုံးပေးသင့်ပါဘူး။ အကြောင်းရင်းကတော့ သင့်ကလေးဟာဒီအရွယ်မှာသွားတိုက်ဆေးကိုထွေးထုတ်ရမယ်ဆိုတာမသိသေးဘူးလေ။ တကယ်လို့ ဖလိုရိုက်အများကြီး မြိုချလိုက်မိတယ်ဆိုရင် တကယ်အန္တရာယ်ကြီးပါတယ်။ ဖလိုရိုက်မပါဝင်တဲ့ ကလေးသွားတိုက်ဆေးတွေကိုပဲသင်ရှာသင့်ပါတယ်။ သင့်ကလေးကိုသွားတိုက်ပေးဖို့ကတကယ့်စိန်ခေါ်မှုကြီးပါ။ ဒီမှာသင့်ကိုကူညီပေးနိုင်မယ့် အချက်တွေရှိပါတယ်။

  • သင့်ကိုအတုယူပါစေ။ သင့်သွားကိုသင်တိုက်ပြနေတဲ့အချိန်မှာသင့်ကလေးကလည်းသူ့သွားကိုသူပြန်တိုက်နေနိုင်ပါတယ်။ ဒါကကလေးတွေနှစ်သက်တဲ့ သင်တို့အတူတူလုပ်လို့ရတဲ့ အပြုအမူလေးတစ်ခုပါ။
  • ထွေးထုတ်တဲ့အပိုင်းကိုပိုလုပ်ပြပါ။ ကလေးငယ်တော်တော်များများဟာအဲ့ဒါကိုလုပ်တတ်သွားပြီဆိုရင် ထွေးထုတ်ရတာကိုသဘောကျနှစ်သက်သွားတတ်ပါတယ်။ ရေကိုဘယ်လိုစုပ်ရတယ်ဆိုတာနဲ့ ဘယ်လိုထွေးထုတ်ရတယ်ဆိုတာသူ့ကိုပြပေးပါ။ ပြီးတဲ့နောက်မှာသူလုပ်ချင်သလောက် လေ့ကျင့်ခိုင်းလိုက်ပါ။
  • သူ့ကိုယ်သူမှန်ထဲမှာပြန်မြင်ရအောင် ခြေနင်းခုံပေါ်မှာရပ်ခိုင်းပါ။ သွားတိုက်နေရင်းသွားဘယ်နှစ်ချောင်းရှိလဲဆိုတာအတူတူရေပါ။
  • ရိုးရိုးသွားတိုက်တံနဲ့ သွားမတိုက်ချင်တဲ့ကလေးတွေကိုဘက်ထရီသုံးရတဲ့ သွားပွတ်တံလေးတွေ ဒါမှမဟုတ် သီချင်းသံထွက်တဲ့သွားပွတ်တံလေးတွေပေးသုံးပါ။
  • သေးငယ်ပြီးနူးညံ့တဲ့ သွားပွတ်တံတွေကအသင့်တော်ဆုံးပါပဲ။

ဒီအချက်တွေကသင့်ရဲ့ကလေးငယ်ကိုအချိန်တိုအတွင်းသူကိုယ်တိုင်သွားတိုက်နိုင်စေမဲ့ နည်းတွေပါ။

စိုးရိမ်ပူပန်မှုများ

ဘာတွေကိုစိတ်ပူနေတာလဲ။

သင့်ကလေးဟာသင့်စကားနားမထောင်မှာကိုစိတ်ပူနေတာလား။ သူတို့ဟာမလုပ်နဲ့ဆိုတဲ့စကားကိုနားလည်ပေမဲ့ အမြဲတမ်းတော့သင့်စကားနားထောင်မှာမဟုတ်ပါဘူး။ ဒါကကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့ကိုသူတို့မသင်ရသေးလို့ပါ။ သင်အခုလုပ်နိုင်တာကတော့ ကလေးတွေအန္တရာယ်ကင်းအောင် သင့်အိမ်ကိုပြင်ဆင်ဖို့ပါပဲ။ ဆိုလိုတာကကျိုးပဲ့လွယ်တဲ့ပစ္စည်းတွေကို အဝေးမှာထားပြီး ထိရှလွယ်တဲ့ပစ္စည်းတွေကိုပလတ်စတစ်နဲ့ ဖုံးထားပါ။ ဒီလိုလုပ်လိုက်တာကမလုပ်နဲ့လို့အများကြီးပြောနေစရာမလိုတော့ဘူးလေ။ သင်မလုပ်နဲ့လို့ပြောကိုပြောရမယ့်အချိန်မှာသင့်ကလေးကိုလမ်းညွှန်နိုင်ပြီး အန္တရာယ်ကင်းကင်းနဲ့ဆော့လို့ရဖို့ အကြံပေးလို့ရပြီလေ။ အန္တရာယ်ကင်းကင်းထိန်းချုပ်ထားတာကဖွံ့ဖြိုးဖို့ အချိန်ယူတာပဲမဟုတ်လား။

တခြားစိတ်ပူရမှာတစ်ခုကသင့်ကလေးရဲ့ဝေါဟာရအသုံးတွေ တိုးတက်လာမလာပါပဲ။ ကလေးတိုင်းဖွံ့ဖြိုးတိုးတက်နှုန်းကမတူကြပါဘူး။ သင့်ကလေးတိုးတက်လာအောင်ဘယ်အချိန်မှာကူညီထောက်ပံ့ပေးရမလဲဆိုတာသိဖို့ကအရေးကြီးပါတယ်။ ဥပမာသင့်ကလေးကသင့်လက်ကိုဆွဲပြီးသူကစားချင်တဲ့အရုပ်ဆီခေါ်သွားတဲ့အခါမှာသူ့အတွေးကိုသင်ကနှုတ်ကနေအသံထွက်ပြတာမျိုးပေါ့။ ဒီနည်းအားဖြင့် နောက်တစ်ခေါက် သူလိုချင်တာကိုဖော်ပြတဲ့အခါမှာသူအဲ့ဒီစကားကိုသုံးလာနိုင်ပါတယ်။

၂၁လမြောက်မှာ သူဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်ဖို့ကတကယ်ကိုရင်ခုန်စရာပါ။

Hello Health Group ဟာကျန်းမာရေးဆိုင်ရာအကြံပေးခြင်းရောဂါရှာဖွေကုသခြင်းတို့ကိုမပြုလုပ်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Warning signs of a social cognitive delay. http://www.babycenter.com/0_warning-signs- of-a- social-cognitive-delay_12654.bc. Accessed date. 01/10/2015.

You 20 month old baby: Week 1. http://www.babycenter.com/6_your-20- month-old- week-1_5991.bc.
Accessed date. 01/10/2015.

You 20 month old baby: Week 2. http://www.babycenter.com/6_your-20- month-old- week-2_10329426.bc. Accessed date. 01/10/2015.

You 20 month old baby: Week 3. http://www.babycenter.com/6_your-20- month-old- week-3_10329427.bc. Accessed date. 01/10/2015.

You 20 month old baby: Week 4. http://www.babycenter.com/6_your-20- month-old- week-4_10329428.bc. Accessed date. 01/10/2015.
20 month old baby.http://www.whattoexpect.com/toddler/20-month- old.aspx. Accessed date.01/10/2015.Warning signs of a social cognitive delay. http://www.babycenter.com/0_warning-signs- of-a- social-cognitive-delay_12654.bc. Accessed date. 01/10/2015.

 

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement