backup og meta

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့ တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်း  အရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာ ဖြစ်ပေမယ့် အိမ်ကို ပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေး မွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း ကို ကြိုတင်လေ့လာထားသင့်ပါတယ်။

အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးကို ချီတဲ့အခါ

ကလေးသိပ်မချီဖူးတဲ့သူတွေ၊ ကလေးတွေနဲ့ အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့ အခြေခံတချို့ကတော့ –

  • ကလေးမချီခင် လက်ကို သေချာဆေးကြောပါ ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။ မွေးကင်းစအရွယ်လေးတွေဟာ လူကြီးတွေလောက် ကိုယ်ခံအားမကောင်းသေးတာကြောင့် ရောဂါကူးစက်ခံရလွယ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ဘယ်သူပဲချီချီ လက်သန့်နေဖို့အရေးကြီးပါတယ်။
  • ပွေ့ချီတဲ့အခါ ကလေးရဲ့ ခေါင်းနဲ့ လည်ပင်းကို ထိန်းထားပေးဖို့ သတိထားပါ။ ကလေးကိုချီတဲ့အခါ ခေါင်းကို တံတောင်ဆစ်အကွေးမှာပွေ့ထားပေးပါ ဒါမှမဟုတ် ကလေးကို ထောင်ပြီးချီတဲ့အခါ၊ ကလေးကို အောက်မှာချတဲ့အခါ ခေါင်းကို ထိန်းပေးထားရပါမယ်။
  • ကလေးကို ချော့မြှူတဲ့အခါ မလှုပ်ရမ်းဖို့၊ မလှုပ်ခါဖို့ သတိထားပါ။ ခပ်ပြင်းပြင်းလှုပ်ရမ်းမိမယ်ဆိုရင် ကလေးရဲ့ နုနယ်တဲ့ ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်းဖြစ်လာစေနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကလေးကို နှိုးချင်တယ်ဆိုရင် လှုပ်ခါပြီး မနှိုးပါနဲ့။ ခြေဖဝါးလေးကို ကိုင်ပြီးနှိုးတာဖြစ်ဖြစ်၊ ပါးလေးကို လေနဲ့လှမ်းမှုတ်တာဖြစ်ဖြစ် နှိုးလို့ရပါတယ်။
  • ကလေးက အရမ်းကို ငယ်သေးတယ်ဆိုတာ မမေ့ပါနဲ့။ ပေါင်ပေါ်၊ ဒူးပေါ်တင်ပြီး မြှောက်လိုက်ချလိုက်လုပ်တာ၊ လေထဲမြှောက်တင်တာတွေ မလုပ်ရပါဘူး။

ကလေးကို နို့တိုက်ကျွေးတဲ့အခါ

မွေးစကလေးတွေက တစ်နေ့ကို ၈ခါကနေ ၁၂ခါလောက် နို့စို့ပါတယ်။ အစာအိမ်လေးက သေးသေးလေးမို့လို့ နည်းနည်းနဲ့ ခဏခဏ နို့စို့ကြပါတယ်။ မိခင်နို့ဖြစ်ဖြစ်၊ နို့ဘူးတိုက်တာဖြစ်ဖြစ် ကလေးကို ၂ နာရီကနေ ၄ နာရီခြားတိုင်း နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ညတရေးနိုးလည်း နို့ထတိုက်ရမယ်ဆိုတာပါပဲ။

ကလေးက ဗိုက်ဆာနေတဲ့အရိပ်အယောင်ပြနေရင် (ဥပမာ – လက်ချောင်းစုပ်နေတာ၊ နှုတ်ခမ်းမှာ လျှာသပ်နေတာ၊ နှုတ်ခမ်းက တပြွတ်ပြွတ်နဲ့စုပ်တဲ့ အသံထွက်နေတာ၊ ရှိုက်ငိုတာစတဲ့လက္ခဏာ) ဘယ်အချိန်ဖြစ်ဖြစ် ကလေးကို နို့တိုက်ပါ။ ငိုတယ်ဆိုတာက အတော်နောက်ကျမှပြတဲ့ လက္ခဏာဖြစ်ပါတယ်။

နောက်ပြီး ကလေးကို နို့တိုက်ရင် နို့ဝင်ရဲ့လား ကြည့်ပေးပါ။ ကလေးရဲ့ ပါးစပ်က နို့သီးခေါင်းကွင်းကို ငုံမိပြီး နို့သီးခေါင်းက အာခေါင်မှာ ထိနေရပါမယ်။ မျိုချတဲ့ အမူအရာလည်း ရှိရပါမယ်။ ကလေး နို့ကောင်းကောင်းတင်နိုင်ဖို့ တစ်ခါတိုက်ရင် ၁၀မိနစ် ၁၅မိနစ်လောက်ကြာအောင် တိုက်ပေးပါ။

နို့တိုက်ပြီးရင်လည်း ကလေးကို ပုခုံးပေါ်တင်ပြီး လေထုတ်ပေးပါ။

သေးခံ ဒိုင်ပါ / အနှီးလဲပေးခြင်း

ကလေးတွေကို သက်တောင့်သက်သာဖြစ်စေဖို့နဲ့ အရေပြားလောင်တာတွေမဖြစ်စေဖို့ သေးခံ သို့မဟုတ် အနှီး မကြာခဏလဲပေးဖို့လိုအပ်ပါတယ်။ ကလေးကိုသေးခံမလောင်စေဖို့

  • သေးခံကို မကြာခဏလဲပေးပါ။ ဒိုင်ပါဝတ်ပေးထားတယ်ဆိုပြီး ဆီး၊ ဝမ်းသွားလည်း အတော်ကြာမှ လဲပေးတာမျိုးမလုပ်ပါနဲ့။
  • ဝမ်းသွားထားတဲ့နေရာတဝိုက်ကို baby wipe သို့မဟုတ် ရေနဲ့ အသာအယာသန့်စင်ပေးပါ။ သေးခံလောင်တဲ့လက္ခဏာရှိနေရင် baby cream တစ်ခုခုလိမ်းပေးပါ။
  • အနှီးပဲသုံးတဲ့ ကလေးတွေမှာတော့ အရောင်၊  အနံ့မပါတဲ့ ဆပ်ပြာသုံးပြီးလျှော်ဖို့ သတိပြုပါ။ ပြီးရင် နေပူသေချာလှမ်းပါ။
  • ကလေးကို တခါတလေလောက် ဒိုင်ပါမဝတ်ဘဲ/အောက်ပိုင်းအနှီးမပတ်ဘဲ ထားပေးပါ။ ရှူးပေါက်ပြီးစ၊ ဝမ်းသွားပြီးစဆိုရင် ဘာမှမဝတ်ဘဲ ခဏထားပေးလို့ ရပါတယ်။ ချက်ချင်း ထပ်သွားဦးမှာမှ မဟုတ်တာနော်။ ကလေးရဲ့ အသားအရေကို  ပြင်ပလေနဲ့ ထိတွေ့ခွင့်ပေးလိုက်ပါ။
  • သေးခံလောင်ခြင်းက ၃ ရက်ကျော်လို့ မသက်သာသေးရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးကုသမှုခံယူဖို့ လိုအနိုင်ပါတယ်။

ရေချိုးပေးချိန်

ငယ်ရွယ်လွန်းတဲ့ ကလေးလေးကို နေ့တိုင်းရေချိုးပေးဖို့ မလိုအပ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေက သိပ်ညစ်ပတ်မှာမဟုတ်လို့ တစ်ပတ်ကို သုံးကြိမ်လောက်ပဲ ရေချိုးပေးရင်ရပါပြီ။ ကလေးရဲ့ မျက်နှာ၊ လည်ပင်းနဲ့ ဒိုင်ပါဝတ်မယ့်နေရာတဝိုက်ကိုတော့ နေ့တိုင်းဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ကလေးက ချက်မကြွေသေး၊ ချက်မှာအနာမကျက်သေးတဲ့အရွယ်ဆိုရင်ရေမြှုပ်လေးနဲ့ပဲ  ရေချိုးသန့်စင်ပေးပါ။

မွေးကာစဆို ရေနွေးဝတ်လေးနဲ့ ရေပတ်တိုက်ပေးပါ။ နောက်ပိုင်းကျရင် ဆပ်ပြာအပျော့စား၊ ရှန်ပူအပျော့စားလေးတွေ သုံးပေးပါ။ ချိုးပြီးရင် ရေခြောက်အောင်သုတ်ပြီး နွေးနွေးထွေးထွေးထားပါ။ ဘီးအနုလေးနဲ့ ခေါင်းကို ဖြီးပေးပါ။ အနှီးသန့်သန့်လေး ပတ်ပေးပါ။

နောက်ထပ် အရေးကြီးတာက ကလေးကိုယ်မှာ ကပ်နေတဲ့ မလိုင်ဖတ်လို အဖြူလေးတွေကို သွားမခွာပါနဲ့။ ဒါက ကလေးအရေပြားကို ချောမွေ့စေပြီး အပြင်က ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်ပေးပါတယ်။

အိပ်ချိန်

ကလေးတွေက တစ်နေ့ကို ၁၆နာရီလောက် အိပ်ပါတယ်။ အိပ်တာကလည်း လူကြီးတွေကို ညဘက်ဆက်တိုက်အိပ်တာ မဟုတ်တဲ့အတွက် မေမေတွေက ညဆို ကလေးထထိန်းရမှာပါ။ နောက်တစ်ခုက ကလေးတွေက ညဘက် ဗိုက်ဆာလို့ရှိရင်လည်း ကောင်းကောင်းအိပ်မှာ မဟုတ်ပါဘူး။

နောက်ထပ်အရေးကြီးတာက ကလေးကို သိပ်ရင် ပက်လက်ပဲ သိပ်ပေးပါ။ ကလေးဘေးမှာ ခေါင်းအုံးတွေ၊ အမွေးပွ အရုပ်တွေ မထားပါနဲ့။ ကလေးက လှိမ့်ရင်း ခေါင်းအုံးနဲ့ ဖိမိတဲ့အခါ အသက်ရှူကျပ်ပြီး သေတတ်ပါတယ်။ နောက်ပြီး ကလေးကို တစ်ခန်းထဲမှာပဲ ကုတင်ခွဲသိပ်ပေးပါ။ ဒါမှမေမေ ကလေးကို စောင့်ကြည့်နိုင်မှာပါ။

မွေးစကလေးတွေက ပုံမှန်လည်း နေ့နဲ့ ညနဲ့ မှားတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ညအိပ်ရင် တိတ်ဆိတ်ပြီး မှောင်နေအောင် ထားပါ။ မနက်ဆို လင်းတဲ့နေရာမှာ ထားပါ။ ကလေးနဲ့ ဆော့ပေးပါ။ စကားပြောပေးပါ။ ကိုယ့်ဟာကိုယ် အချိန်သတ်မှတ်ထားပြီး ပုံမှန်သိပ်ပေးပါ။

ချက်ကြိုးကို ဂရုစိုက်ဖို့

ချက်ကြိုးကို ဒီတိုင်းထားရင် တစ်လနောက်ရင် ကြွေပြီး ချက်ဖြစ်သွားပါတယ်။ ချက်ထဲကို ဘာမှထည့်စရာ မလိုပါဘူး။ အရက်ပြန်တွေ၊ ဆေးနီတွေ၊ ဆေးတို့ဖတ်တွေ ဘာမှမလိုပါဘူး။ ရေနွေးလေးနဲ့ ပိုးသတ်ထားတဲ့ ဂွမ်းလေးသုံးပြီး သန့်ပေးရင်ရပါပြီ။

နောက်တစ်ခုက ငယ်ပါထိပ်ဖြတ်တာပါ။ တချို့က မွေးကတည်းက ကလေးကို ငယ်ပါထိပ်အရေပြားလေး ဖြတ်ထားပေးကြပါတယ်။ ပုံမှန်ဆို ၂ပတ်လောက်နေရင် အနာကျက်သွားပါပြီ။ ဖြတ်ကာစမှာ အနာနဲ့ အနှီးနဲ့ ပွန်းမှာစိုးလို့ တချို့က petroleum jellyလေး တို့ပေးတတ်ပါတယ်။ သေးခံလဲတိုင်းမှာ ထိပ်လေးကို ရေနွေးဝတ်လေးနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။

တခြားရော ဘာတွေ သတိထားဖို့ လိုသေးလဲ။

ဒါတွေအပြင် မေမေတို့ကို ထပ်ပြီး အကြံပေးချင်တာကတော့

  • ဘေးလူအကူအညီယူပါ။

မီးတွင်းမှာ အပင်ပန်းဆုံးက မေမေပါပဲ။ မီးဖွားထားတဲ့အရှိန်နဲ့ရော ကလေးနို့တိုက်ရတာနဲ့ရောနဲ့တင် မေမေတော်တော်ပင်ပန်းနေပါပြီ။ ကလေးထိန်းဖို့ဆိုတာ မေမေတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ဒါကြောင့် ဖေဖေ့ကိုလည်း အကူအညီတောင်းပါ။

အတွေ့အကြံရှိတဲ့ ဘိုးဘိုးဘွားဘွားတွေကိုလည်း ကူထိန်းခိုင်းပါ။ မြေးဆိုတာ သူတို့အတွက် ဆေးပါပဲ။ မေမေလည်း ကလေးပြုစုနည်းတွေကို စာအုပ်တွေဖတ်ပြီး၊ ဗီဒီယိုကြည့်ပြီး လေ့လာလိုက်ပါ။

  • မေမေနဲ့ ကလေးလေး သံယောစဉ်တိုးပါစေ။

မေမေနဲ့ ကလေးလေး သံယောစဉ်တိုးဖို့ (bonding) ကောင်းဖို့ဆိုရင် ကလေးလေးကို ပွေ့ချီပေးပါ။ ကလေးအသားနဲ့ မေမေ့အသားထိထားပေးပါ။ ကလေးလေးကို ပွတ်သပ်ပေးပါ။ စကားတွေပြော၊ သီချင်းတွေဆိုပြပြီး ချော့မြှူပေးပါ။ ကလေးလေးရဲ့ တုံ့ပြန်မှုအားတွေ ကောင်းလာပါလိမ့်မယ်။

ဒါ့ပြင် ကလေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ကျန်းမာရေးစစ်ဆေးမှုမှန်မှန်လုပ်ပေးသင့်သလို ကာကွယ်ဆေးလည်းလိုအပ်သလို ထိုးပေးသင့်ပါတယ်။ ဒီလို ဂရုစိုက်ပေးရင်းနဲ့ပဲ ပုံမှန်နေသားကျလာတဲ့အခါ ကလေးရဲ့ အမူအကျင့်၊ အထာလေးတွေ၊ ကလေးမှာဖြစ်တဲ့ လက္ခဏာတွေကိုသိလာပြီး အရာရာအဆင်ပြေသွားမှာပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://kidshealth.org/en/parents/guide-parents.html#

http://babies411.com/babies411/articles/newborn-101-baby-care-basics.html

https://www.webmd.com/parenting/baby/baby-prep-17/baby-products

 

ယခုပုံစံ

14/06/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement