ကိုယ့်ရဲ့ သားသားမီးမီးလေးတွေအတွက်ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့အတွက်ပဲ ဖြစ်ဖြစ် ကလေး အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဘာတွေထည့်ပြီး စဉ်းစားဖြစ်လဲ။ ကျသင့်မယ့် ဈေးနှုန်းလား၊ ဘရန်းဖြစ်မဖြစ်လား၊ လှတပတလေးတွေလား။ ဒါတွေထက်ပိုပြီး အရေးကြီးတဲ့အချက်က နုနယ်တဲ့ ကိုယ်ခန္ဓာပိုင်ရှင် ဘေဘီလေးအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေမယ့် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ဖို့ပါပဲ။ အရေပြားနုနုလေးပေါ်မှာ အသုံးပြုမယ့်ပစ္စည်းတွေဆို သက်ရောက်မှုက ပိုသိသာတာပေါ့။ ဓာတ်မတည့်ခြင်းဖြစ်လွယ်တာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ကလေး ရေချိုးဆပ်ပြာ အပါအဝင် ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုဝယ်ယူရာမှာ ဒီအချက်လေးတွေ မေမေတို့ သတိထားဖို့လိုတယ်နော်။
ကလေး ရေချိုးဆပ်ပြာ ဝယ်မယ်ဆိုရင် ဘာတွေ သတိထားသင့်လဲ။
- ဘာတွေပါဝင်လဲသိရအောင် Label ကို သေချာဖတ်ပါ။
ကလေး အသားအရေသုံးပစ္စည်းတွေမှာ အရောင်ဆိုးဆေး၊ ရေမွှေးနံ့နဲ့ ဓာတုပစ္စည်းတွေပါနေခဲ့ရင် ပြဿနာရှိပါတယ်။
အဲဒီဓာတုပစ္စည်းတွေက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
- ကလေး ရေချိုးဆပ်ပြာက အပျော့စားပဲဖြစ်ပါစေ။
အဆိပ်အတောက်ကင်း၊ ဓာတုအပြင်းစားတွေကင်းပြီး ကလေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အပျော့စားဆပ်ပြာပဲ ဖြစ်ရပါမယ်။
- လူကြီးသုံး ရေချိုးဆပ်ပြာတွေကို ရှောင်ပါ။
ကလေးရဲ့ အသားအရေကို လူကြီးသုံးဆပ်ပြာတွေ မသုံးမိပါစေနဲ့။ လူကြီး ဆပ်ပြာဆိုတာ ဓာတုပစ္စည်းတွေပိုပါတတ်လို့ ကလေးအသားအရေအတွက် မသင့်တော်ပါဘူး။
- အမွှေးနံ့တွေ ပါဝင်တာလည်း မကောင်းပါဘူး။
ရနံ့မွှေးကြိုင်နေတဲ့ ကလေး ရေချိုးဆပ်ပြာ တွေမှာ ကလေးအသားအရေကို မကောင်းတဲ့ ဓာတ်ပြုပြောင်းလဲမှုတွေ ရှိလာစေနိုင်တဲ့ အပြင်းစားဓာတုပစ္စည်းတွေပါနေနိုင်တဲ့အတွက်ကြောင့်ပါ။ အနံ့မွှေးမွှေးလေးမှ ကလေးကကြိုက်တယ်ဆိုတိုင်း အလိုမလိုက်ကြပါနဲ့။
- Hypoallergenic ဖြစ်တဲ့ ရေချိုးဆပ်ပြာ ကို ရွေးပါ။
ကလေးရဲ့ အသားအရေက ဓာတ်မတည့်ဖြစ်လွယ်တတ်ရင်၊ ခြောက်သွေ့တတ်ရင်၊ အရေပြားပြဿနာတစ်ခုခုရှိရင် အသားအရေမရွေး သုံးနိုင်တဲ့ hypoallergenic အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
ရေချိုးဆပ်ပြာမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်။
- Paraben
တာရှည်ခံပစ္စည်းအနေနဲ့ ပါဝင်တတ်ပြီး ကလေးရဲ့ အရေပြားကနေ အလွယ်တကူ စုပ်ယူနိုင်တာကြောင့် သတိထားသင့်ပါတယ်။
- အရောင်ဆိုးဆေး
အရောင်ပါတဲ့ ရေချိုးဆပ်ပြာတွေက အရေပြားယားယံတာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။
- ဆပ်ပြာအစွန်းချွတ်ဆေး
ဆပ်ပြာအစွန်းချွတ်ဆေးက ကလေးတွေမှာ မျက်ရည်ပူတွေကျတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။
- Sodium Lauryl Sulfate (SLS)
အာရုံကြောပစ္စည်းတွေကို ပျက်စီးစေတဲ့ neurotoxin တစ်မျိုးဖြစ်ပြီး အသားအရေနဲ့ မျက်စိကို ထိခိုက်စေတဲ့အပြင် ကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။
- Gluten
တချို့ကလေးတွေက ဂလူတန်မတည့်ပါဘူး။ ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာတွေက အနည်းနဲ့ အများတော့ ပါးစပ်ထဲ ဝင်နိုင်တာကြောင့် ဂလူတန်မပါတာကို သုံးနိုင်ရင် ပိုကောင်းပါတယ်။
- Ethyl alcohol
ကလေးအသားအရေကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။
- Petroleum
Petroleumတွေက ချွေးပေါက်တွေကို ပိတ်စေနိုင်တာကြောင့် ကလေးသုံးပစ္စည်းတွေထဲမှာတော့ မပါသင့်ပါဘူး။
- Formaldehyde
Formaldehydeကို တာရှည်ခံပစ္စည်း၊ ပိုးသေစေတဲ့ ပစ္စည်းအနေနဲ့ သုံးတယ်ဆိုပေမယ့် ကလေးသုံးရေချိုးဆပ်ပြာတွေမှာ ပါနေခဲ့ရင် အရေပြားယားယံတာ၊ ဓာတ်မတည့်တာ၊ အာရုံကြောထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။
- Triclosan
Triclosanက ပိုးသေစေတဲ့ အာနိသင်ရှိပြီး ဆပ်ပြာတွေ၊ သွားတိုက်ဆေးတွေမှာ ပါတတ်ပါတယ်။ လေ့လာချက်တွေအရ Triclosanက ဟော်မုန်းတွေ ကမောက်ကမဖြစ်စေတာ၊ ပိုးသတ်ဆေးမတိုးတော့တာတွေကို ဖြစ်စေနိုင်ပါတယ်။
- Animal-derived ingredients
Animal-derived ingredientsတွေက ကလေးတွေမှာ အခန့်မသင့်ရင် ဓာတ်မတည့်တာကို ဖြစ်စေတတ်ပါတယ်။
- Dioxane
ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေက တွေ့ရှိထားတဲ့ ဓာတုပစ္စည်းပါ။
- Diethanolamine (DEA)
ဒီပါဝင်ပစ္စည်းက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ကိုလင်းဓာတ် စုပ်ယူနိုင်စွမ်းကို ဟန့်တားတာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
- Propylene Glycol
ဒီပစ္စည်းက အသည်းရဲ့လုပ်ဆောင်ချက်ကို မူမမှန်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ကလေးအတွက် ရေချိုးဆပ်ပြာ အသစ်ကို စသုံးတဲ့အခါ သုံးပြီးပြီးချင်း ၁ရက်၊ ၂ရက်လောက် စောင့်ကြည့်ပါ။ ကလေးအရေပြားမှာ နီရဲရောင်ရမ်းလာရင်၊ ကလေးက ကုတ်နေရင်၊ အသားခြောက်သွားရင် အပြင်းစား ဓာတုပစ္စည်းတွေပါတာ ဒါမှမဟုတ် ကလေးနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သုံးတာကို ချက်ချင်းရပ်လိုက်ပါ။ ဒါနဲ့တောင် အရေပြားပြဿနာတွေက မသက်သာသေးရင် ကလေးဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
ဒီလောက်ဆိုရင် ကလေးလေးတွေအတွက် ရေချိုးဆပ်ပြာ ဝယ်ယူတဲ့အခါ အန္တရာယ်ကင်းတာကို ရွေးပြီး ဝယ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
[embed-health-tool-baby-poop-tool]