backup og meta

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ကလေးက နှာတချေချေဖြစ်နေသလား၊ အသက်ရှူသံတရွှီရွှီဖြစ်နေသလား၊ အသားတွေ ယားယံနေတဲ့ပုံ တွေ့ရသလား။ ကလေးမှာ အရေပြားဓာတ်မတည့်မှု တွေ ဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်နော်။

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုလက္ခဏာပြသလဲ

ဓာတ်မတည့်မှုတွေဟာ ကလေးတွေကို ဒီလိုလက္ခဏာတွေ ဖြစ်စေရုံတင်မကပါဘူး။ အရေပြားမှာလည်း လက္ခဏာအမျိုးမျိုးပြလာစေနိုင်ပါတယ်။ ဆရာဝန်တွေက ချက်ချင်းတော့ အရေပြားပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို တပ်အပ်မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ကလေးအရေပြားမှာ အရင်ဆုံးတွေ့ရမှာက အနီကွက်တွေ၊ အနီစက်တွေပဲဖြစ်ပါတယ်။ အနီစက်တွေက အချိန်ခဏလေးအတွင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့လာပါတယ်။ ပြီးရင်တော့ အရေပြားမှာ ခြောက်သွေ့ယားယံနေတာကြောင့် ကလေးတွေအနေခက်လာတာပဲဖြစ်ပါတယ်။ ကလေးငယ်တွေမှာတွေ့ရတဲ့ ဓာတ်မတည့်မှုလက္ခဏာတွေက –

  • အရေပြားအနီကွက်ဖြစ်ခြင်း
  • အရေပြားပေါက်ပြဲစေတဲ့အထိ ကုတ်ခြင်းနဲ့ ကုတ်လေပိုယားလေဖြစ်လာခြင်း
  • အရေပြားခြောက်သွေ့ခြင်း
  • ယားယံမှုကြောင့် ကုတ်တာပွတ်တာများလာတဲ့အခါ အသားမာဖြစ်လာခြင်း
  • အရေပြားပိုးဝင်မှု မကြာခဏဖြစ်ခြင်း
  • အနည်းငယ်ရောင်ရမ်းခြင်း
  • ယားယံခြင်း
  • နှာချေခြင်း၊ နှာရည်ကျခြင်း
  • မျက်ရည်ထွက်ခြင်း
  • ခန္ဓာကိုယ်မှာ အနီစက်လေးတွေပေါ်လာခြင်းတို့တွေ့ရတတ်ပါတယ်။

အရေပြားဓာတ်မတည့်မှု လက္ခဏာပြင်းထန်ရင်တော့

  • နှုတ်ခမ်း သို့မဟုတ် လျှာရောင်လာခြင်း
  • မျိုချရခက်ခြင်း
  • အသက်ရှူရခက်လာပုံရခြင်း
  • ဗိုက်အောင့်၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း
  • သတိလစ်ခြင်း တို့ဖြစ်လာရင် အမြန်ဆုံးဆရာဝန်ပြပြီး ကုသမှုခံယူပါ။

ယားယံမှုကို ပိုဆိုးစေနိုင်တဲ့ အရာတွေက –

  • အရေပြားကို ခြောက်သွေ့စေတဲ့ လေတိုက်ခံခြင်း
  • ချွေးထွက်ခြင်း
  • အသားကြမ်းတဲ့ အဝတ်အထည်တွေ
  • ဆပ်ပြာ
  • ဓာတ်မတည့်မှုဖြစ်နိုင်ခြေရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။

ကလေးကို ဓာတ်မတည့်မှုဖြစ်စေတာက အမျိုးမျိးရှိနိုင်ပါတယ်( ဥပမာ – ပန်းဝတ်မှုန်ကြောင့်၊ ဖုန်မှုန့်တွေကြောင့်)။ ပြီးတော့ ဓာတ်မတည့်မှုဆိုတာ အချိန်မရွေး နေရာမရွေးမှာ ဖြစ်လာနိုင်တဲ့အခြေအနေတွေပါ။ ဒီတော့ ကလေးမှာ အထက်ပါလက္ခဏာတွေတွေ့လာပြီဆိုရင် ဆရာဝန်ညွှန်ကြားချက်အပြင် သူနေရသက်သာအောင် ဒီအချက်လေးတွေအတိုင်း ပြုစုပေးတာ ပိုကောင်းပါလိမ့်မယ်။

ကလေးမှာ အရေပြားဓာတ်မတည့်မှုဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

  • သွားရည်တွေကို သုတ်ပေးပါ။

ကလေးငယ်လေးတွေမှာ သွားရည်က အရေပြားပြဿနာကို ပိုဆိုးစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

  • ထိတွေ့မှု ညင်သာပါ။

ကလေးရဲ့အသားအရေကို ထိတွေ့တဲ့အခါ ညင်သာပါ။ အရောင်ဆိုးဆေးနဲ့ အနံ့ကင်းတဲ့ ဆပ်ပြာတွေကိုပဲသုံးပါ။ အပျော့စားဖြစ်တဲ့ ကလေးဆပ်ပြာတွေမဟုတ်ဘဲ ရိုးရိုးဆပ်ပြာဆိုရင် ကလေးအရေပြားကို ခြောက်သွေ့စေပြီး အရေပြားအပေါ်ယံအကာအကွယ်အလွှာကို ထိခိုက်စေနိုင်ပါတယ်။

  • လက်သည်းလေးတွေ သေချာညှပ်ပေးပါ။

ကလေးငယ်အများစုဟာ ယားလာရင် မကုတ်ဘဲမနေနိုင်ပါဘူး။ ယားတာလည်းမပျောက်ဘဲ ကုတ်ရင်း ကုတ်ရင်းနဲ့ အရေပြားမှာသာ ပေါက်ပြဲပြီး ပိုးဝင်ဖို့အလားအလာများပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ လက်သည်းကို သပ်သပ်ရပ်ရပ်တိပေးထားမယ်ဆိုရင် ကလေးက ကုတ်လည်း သိပ်မထိခိုက်စေနိုင်တော့ပါဘူး။

ကြက်သီးနွေးရေကိုသာသုံးပါ။ သိပ်မပူပါစေနဲ့။ ရေချိုးဆပ်ပြာ သိပ်မများပါစေနဲ့။ ရေချိုးချိန်ကို ၃ မိနစ်ကနေ ၅ မိနစ်အတွင်းပဲ ချိုးပေးပါ။ ရေချိုးချိန်ကြာရင် အသားကိုပိုခြောက်သွေ့စေနိုင်ပါတယ်။

  • ရေချိုးပြီးရင် moisturizer လိမ်းပေးပါ။

ရေချိုးပြီးရင် တဘက်နုနုနဲ့ အသာအယာတို့သုတ်ပြီး ကလေးရဲ့အသားအရေကို အစိုဓာတ်ထိန်းပေးမယ့် moisturizer တစ်ခုခုလိမ်းပေးပါ။

  • ကလေးကို ချည်သားအထည်တွေ ဝတ်ပေးပါ။

အသားကြမ်းတဲ့ အဝတ်အထည်တွေက ကလေးကို ပိုယားယံစေနိုင်တာကြောင့် ချည်သားနုနု အဝတ်အထည်တွေကို ဝတ်ဆင်ပေးပါ။

ပြည်တည်တာ၊ အရမ်းနီရဲလာတာ၊ အနာဖြစ်လာတာ၊ အရေပြားအဖတ်တွေ လန်လာတာလိုမျိုး ကလေးမှာ အရေပြားပိုးဝင်တဲ့လက္ခဏာတွေတွေ့ရရင် ဆရာဝန်ချက်ချင်းပြပါ။

ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ပြုစုစောင့်ရှောက်ပေးလိုက်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://kidshealth.org/en/parents/allergic-reaction-sheet.html

https://www.webmd.com/allergies/treating-skin-allergy-symptoms-kids

https://www.webmd.com/allergies/common-skin-allergies-kids

https://www.parents.com/baby/health/allergy/baby-allergies-prevention-treatment-tips/

 

ယခုပုံစံ

01/07/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement