ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ

    ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးရတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာကိုဘေဘီလေးတွေရဲ့ မိဘတိုင်းသိကြမှာပါ။ ကလေးတွေက ခေါင်းလျှော်တဲ့အခါခေါင်းပေါ်ကနေရေလောင်းချတာကြောင့် မျက်လုံးဖွင့်မရတဲ့ ခံစားချက်နဲ့ ရေမွန်းတာကိုတော်တော်လေးကြောက်ကြပါတယ်။ အချို့ကလေးလေးတွေဆိုခေါင်းလျှော်ပေးရင် အော်ငိုတာ၊လျှောက်ပတ်ပြေးနေတာမျိုးတွေတောင်ရှိတတ်ပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရခက်တဲ့ဘေဘီလေးတွေကိုခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတဲ့ နည်းလေးလမ်းညွှန်ပေးချင်ပါတယ်။

    အချို့ကလေးလေးတွေက မွေးကင်းစအရွယ်မှာကတည်းက ဆံပင်ပါလာတတ်ပေမယ့် အချို့ကလေးငယ်လေးတွေကတော့ ဆံပင်မပါဘဲမွေးဖွားလာတာမျိုးရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ခေါင်းကတော့လျှော်ပေးရမှာပါပဲ။ ဆံပင်ရှိရင် ဆံပင်ကိုလျှော်ပေးရမှာဖြစ်ပြီး ဆံပင်မရှိရင် ဦးရေပြားကိုလျှော်ပေးရမှာဖြစ်ပါတယ်။ ကလေးကို ခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတာကို အသေးစိတ်လေးဆက်ကြည့်လိုက်ရအောင်ပါ။

    ကလေးကို ဘယ်လိုခေါင်းလျှော်ပေးမယ်

    ၁) ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး

    ကလေးရဲ့ ဆံပင်ကိုနေ့တိုင်းလျှော်ပေးဖို့ မလိုဘူးဆိုတာကိုတော့သိထားဖို့လိုပါမယ်။ ကလေးငယ်လေးတွေက လေ့ကျင့်ခန်းမလုပ်ကြသလို လူကြီးတွေလိုမျိုး ညစ်ပေတာမျိုးလည်းမရှိဘူးဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ ကလေးငယ်လေးတွေရဲ့ ဆံပင်က သာမန်အားဖြင့်တော့ လူကြီးတွေထက်သန့်ရှင်းပါတယ်။ ကလေးဆံပင်က အရမ်းညစ်ပတ်နေရင်တော့ လျှော်ပေးရပါမယ်။

    ၂) ကလေးအတွက် အပျော့စားခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပေးပါ

    ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေရဲ့အသားအရေထက် ပိုပြီး ဓာတ်ပြုတုံ့ပြန်လွယ်တာကြောင့် အရမ်းပြင်းထန်တဲ့ခေါင်းလျှော်ရည်တွေကို အသုံးမပြုသင့်ပါဘူး။ လူကြီးတွေသုံးတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးတာမျိုးကလည်း မသင့်တော်ပါဘူး။ မျက်လုံးမစပ်စေတဲ့ခေါင်းလျှော်ရည်မျိုးက ရွေးချယ်ဖို့အသင့်တော်ဆုံးပါ။ ကလေးအတွက် ခေါင်းလျှော်ရည်ရွေးတဲ့အခါ အနံ့မပါတဲ့ ခပ်ပျော့ပျော့ခေါင်းလျှော်ရည်မျိုးကိုရွေးချယ်ပေးတာက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

    ၃) ခေါင်းမလျှော်ခင် ရေအရင်ချိုးပေးပါ

    ကလေးငယ်လေးတွေကို ရေအရင်ချိုးပေးပြီးမှခေါင်းလျှော်ပေးတာကအသင့်တော်ဆုံးပါ။ ကလေးငယ်လေးတွေက အအေးမိလွယ်တာကြောင့် ကလေးကိုအရင်ဆုံးရေချိုးပေးပြီး ခန္ဓာကိုယ်ကို နွေးထွေးအောင်လုပ်ပေးပြီးမှခေါင်းလျှော်ပေးပါ။

    ဒီလိုလုပ်ပေးတာက ကလေးကို ပိုပြီးသက်သောင့်သက်သာရှိစေသလို လူကြီးတွေအတွက်လည်းခေါင်းလျှော်ပေးရတာပိုလွယ်ကူသွားပါလိမ့်မယ်။

    ၄) ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးမယ်ဆိုရင်

    ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးမယ်ဆိုရင် တဘက်ခပ်ထူထူလေးနဲ့ ကလေးကိုအနှီးထုတ်သလို ထုတ်လိုက်ပါ။ ပြီးရင်ပေါင်ပေါ်မှာတင်ထားပြီးခေါင်းကိုရေဖြည်းဖြည်းချင်းစွတ်ပေးပြီးလျှော်ပေးပါ။ ကလေးရဲ့ လည်ပင်းနဲ့ ဦးခေါင်းကို လက်တစ်ဖက်နဲ့ ထိန်းပေးထားဖို့လည်း မမေ့ပါနဲ့။ ကလေးက အရမ်းငယ်သေးရင်တော့ရေသန့်သန့်လေးနဲ့ လျှော်ပေးတာနဲ့လုံလောက်ပါတယ်။ ကလေးက နည်းနည်းလေးကြီးလာပြီဆိုရင်တော့ လက်ခုပ်ထဲမှာ ခေါင်းလျှော်ရည်နည်းနည်းလောက်ထည့်ပြီး ကလေးဦးခေါင်းပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေး လိုက်ပါ။ ပြီးရင်တော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေသုံးပြီးနှိပ်နယ်ပေးရင်းခေါင်းကိုလျှော်ပေးရပါမယ်။ ကလေးခေါင်းက ချွေးထွက်တာမျိုးရှိနိုင်တာကြောင့် စက္ကန့် ၂၀ – ၃၀လောက်တော့လျှော်ပေးရပါမယ်။

    ၅) ခေါင်းကိုရေဆေးချမယ်

    ကလေးက အရမ်းငယ်သေးတဲ့အခါမှာတော့ ပက်လက်အနေအထားပေါင်ပေါ်တင်ထားရတာက သိပ်ပြဿနာမရှိပေမယ့် ကလေးကထိုင်တဲ့အရွယ်၊ သွားလာနိုင်တဲ့အရွယ်ဆိုရင်တော့ရေချိုးဇလုံထဲမှာပေးထိုင်ပြီးခေါင်းလျှော်ပေးရတာဖြစ်တာကြောင့် မျက်လုံးထဲခေါင်းလျှော်ရည်တွေ၊ရေတွေဝင်တာနဲ့ နားထဲရေဝင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုခေါင်းကိုထိန်းပေးပြီး မျက်လုံးထဲရေမဝင်စေဖို့အတွက်နောက်ဘက်ကိုနည်းနည်းလေးစောင်းထားပေးရပါမယ်။ ရေကိုဖြည်းဖြည်းချင်းလောင်းပေးရပါမယ်။ ကလေးခေါင်းမှာ ခေါင်းလျှော်ရည်တွေပြောင်စင်သွားတဲ့အထိဆေးကြောပေးရပါမယ်။

    ၆)ခေါင်းရေသုတ်ပေးမယ်

    ကလေးကို ခေါင်းရေသုတ်ပေးတဲ့အခါ လူကြီးတွေလုပ်နေကျအတိုင်းခေါင်းတစ်ခုလုံးပေါ် တဘက်အုပ်လိုက်ပြီး သုတ်တာမျိုးမလုပ်ပါနဲ့။ ခြောက်သွေ့နေတဲ့ တဘက်ကို သုံးပြီး ကလေးငယ်ရဲ့ခေါင်းကိုဖြည်းဖြည်းချင်းသုတ်ပေးရပါမယ်။ ကလေးဆံပင်ခြောက်အောင်ဆိုပြီး အားသုံးပြီး သုတ်တာမျိုးမလုပ်ပါနဲ့။ ကလေးလန့်သွားတာမျိုး မတော်တဆနာသွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ပြီးရင်တော့ ကလေးရဲ့ ဦးရေပြားနဲ့ ဇက်ကြောကို လက်တစ်ဖက်နဲ့ဖြည်းဖြည်းချင်းနှိပ်နယ်ပေးရပါမယ်။

    မွေးကင်းစကလေးငယ်လေးတွေကိုတော့ ခေါင်းကိုခေါင်းလျှော်ရည်မသုံးဘဲရေသန့်သန့်လေးနဲ့ပဲလျှော်ပေးရပါမယ်။ မွေးကင်းစကလေးငယ်လေးကိုခေါင်းလျှော်ရည်နဲ့လျှော်ပေးတဲ့အခါ ဦးရေပြားခြောက်သွေ့ပြီး အဖတ်လန်တာမျိုးတွေဖြစ်နိုင်တာကြောင့်ပါ။ မွေးကင်းစကလေးလေးတွေကိုခေါင်းလျှော်ပေးတဲ့အခါ ပခုံးနဲ့ဦးခေါင်းကို လက်တစ်ဖက်နဲ့ထိန်းပေးထားရပါမယ်။ ကျန်လက်တစ်ဖက်နဲ့ ခေါင်းပေါ်ကိုရေဖြည်းဖြည်းချင်းလောင်းချပေးရပါမယ်။ မျက်လုံးထဲရေဝင်တာမျိုးမဖြစ်အောင် ခေါင်းကိုနောက်ဘက်ကိုနည်းနည်းလေးစောင်းပေးထာတာက ပိုအဆင်ပြေပါတယ်။

    ကလေးကို တစ်ပတ်ဘယ်နှကြိမ်လောက် ခေါင်းလျှော်ပေးမလဲ

    ကလေးကို ခေါင်းအရမ်းလျှော်ပေးတာက ဦးရေပြားကိုခြောက်သွေ့တာနဲ့ ဦးရေပြားယားယံကျိန်းစပ်တာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အသက်အရွယ်အလိုက် ဘယ်လိုခေါင်းလျှော်ပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    • ကလေးငယ် – မွေးကင်းစကလေးငယ်တွေဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ လျှော်ပေးရပါမယ်။ ကလေးက နည်းနည်းကြီးလာရင်တော့ နှစ်ရက်တစ်ကြိမ်လောက်ခေါင်းလျှော်ပေးရပါမယ်။ ကလေးက ဦးရေပြားအဆီထွက်တာ၊ ဗောက်ထတာမျိုးတွေရှိရင် ကလေးဦးရေပြားကို သံလွင်ဆီ၊ baby oilလေးသုံးပြီး ဦးရေပြားကိုနှိပ်နယ်ပေးပြီး တစ်ပတ်ကို နှစ်ကြိမ်ကနေသုံးကြိမ်လောက်လျှော်ပေးပါ။
    • လမ်းလျှောက်တတ်စ – တစ်ပတ်ကို သုံးကြိမ်က အသင့်တော်ဆုံးပါ။
    • ၃ နှစ်နဲ့ ၃ နှစ်အထက်ကလေးငယ် – ဒီအရွယ်မှာ ကလေးကဆံပင်တော်တော်လေးရှည်နေပါပြီ။ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက်လျှော်ပေးလို့ရပါတယ်။ ကလေးခေါင်းက နံနေတာ၊ညစ်ပေနေတာမျိုးရှိရင်တော့ အဆင်ပြေသလိုလျှော်ပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement