backup og meta

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

    ကလေးဆံသား နဲ့ ဦးရေပြားဟာ လူကြီးဆံပင်ထက် နုနယ်လို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကလေးလေးတွေအတွက် ဆံသားဂရုစိုက်စောင့်ရှောက်မှုတွေ လိုအပ်သလောက် မလုပ်ပေးတာတွေကြောင့်လည်း ဆံပင်ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။

    ကလေးတွေမှာ မွေးဆံပင်လေးတွေ ပါလာတတ်ပေမယ့် အများစုက ရက်သားကနေ လသားအရွယ်အတွင်းမှာ ရိတ်ပစ်ကြတာများပါတယ်။ ကလေးလေးတွေရဲ့ဆံသားက ကောက်ကွေးကွေးလေးတွေ ၊ အဖြောင့်လေးတွေ၊ ဆံပင်ထူတာ၊ ဆံပင်ပါးတာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘယ်လိုဆံသားမျိုးပဲဖြစ်နေပါစေ။ ကလေးဆံသားက နုနယ်လွန်းတာကြောင့် လူကြီးတွေထက် ထိခိုက်လွယ်၊ ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ဆံသားခြောက်သွေ့မှု၊ ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပေးနိုင်မယ့် အချက်လေးတွေ သိထားသင့်ပါတယ်။

    ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

    • မလိုအပ်ဘဲ ခဏခဏ ခေါင်းမလျှာ်ပေးပါနဲ့

    ၆လအောက် ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဆီနည်းတာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ ကလေးငယ်လေးအတွက် ခဏခဏခေါင်းလျှော်တာ အအေးမိနိုင်ခြေလည်း ပိုများတာကြောင့် ဂရုစိုက်ပေးပါ။

    နောက်တစ်ချက်က ကလေးကို ခေါင်းလျှော်ပေးရင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းစေမယ့် baby shampoo ကိုပဲ ရွေးသုံးပါ။ ကလေးသီးသန့်မဟုတ်ဘဲ လူကြီးသုံး ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် ကြုံရာခေါင်းလျှော်ရည်တွေနဲ့ အလွယ်မလျှော်ပေးပါနဲ့။ ဓာတုပစ္စည်းတွေပါဝင်လို့ ကလေးရဲ့ဦးရေပြား နုနုလေးကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းလျှော်ပေးဖို့ သင့်မသင့်ကို ရာသီဥတုပြောင်းလဲမှုတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

    ကလေးမှာ ဗောက်ထသလိုမျိုး ဦးရေပြား အဆီထွက်များ၊ အရေခွံကွာတဲ့ cradle cap ဖြစ်နေတယ်ဆိုရင်တော့ တစ်ပတ် သုံးကြိမ်အထိ တိုးပြီးလျှော်နိုင်ပါတယ်။ ဒါပေမယ့် အရေခွံအဖတ်လေးတွေ သက်သာအောင်ခေါင်းမလျှော်ခင်တိုင်းမှာ ဦးရေပြားကို သံလွင်ဆီနည်းနည်းလိမ်းပေးပါ။

    • ရှန်ပူကို ကလေးရဲ့ ဦးရေပြားမှာ နှိပ်နယ်ပေးပါ

    ဦးရေပြားကို ရေဆွတ်ပြီး ရှန်ပူအနည်းငယ်ကို ကလေးရဲ့ ဦးရေပြားမှာ ညင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရှန်ပူတွေ စင်အောင် ရေနဲ့သေချာလျှော်ပေးဖို့တော့ လိုပါတယ်။

    -ဒီလို နှိပ်နယ်တဲ့အခါ လက်ချောင်းထိပ်လေးနဲ့ပဲ အသာအယာလုပ်ပေးပါ။ လက်သည်းနဲ့မထိအောင် ဂရုစိုက်ပါ။

    -ကလေးရဲ့ဆံပင်က ကပ်နေတဲ့ ဆံပင်ကောက်ခွေလေးတွေဖြစ်ရင် လုံးထွေးပြီးမလျှော်ပါနဲ့။ ဆံပင်လေးတွေ ရှုပ်ထွေး၊ ထုံးသွားစေနိုင်လို့ပါ။ လက်ချောင်းလေးနဲ့ ထိုးဖွဖွပြီးရေလောင်းပေးပါ။

    -ကလေးရဲ့ဆံသားကို မူတည်ပြီး ရှန်ပူပမာဏကို အတိုးအလျော့ချင့်ချိန်ပါ။

    -ကလေးမှာ ဦးရေပြားယားယံတာ၊ ခြောက်သွေ့တာ၊ အရေခွံအဖတ်လန်တာတွေ ဖြစ်လာရင် ခေါင်းလျှော်ရည်တွေ မစင်တာကြောင့် ဖြစ်နိုင်ပါတယ်။

  • Conditioner သုံးဖို့သင့်မသင့် ဆုံးဖြတ်ပါ
  • ခြောက်သွေ့တဲ့ဆံသား၊ ကောက်တဲ့ဆံသားတွေကို ခေါင်းလျှော်ပြီးရင် conditioner သုံးပေးသင့်ပါတယ်။ Conditioner က ဆံသားကို တောက်ပစေ၊ပျော့ပျောင်းစေပါတယ်။ ခြောက်သွေ့တဲ့ရာသီ၊ အေးစိမ့်တဲ့ရာသီတွေမှာ conditioner ကို ပိုလိုအပ်ပါတယ်။

    • ဓာတုပစ္စည်းအပြင်းတွေ ကိုရှောင်ပါ

    လူကြီးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆံသားထိန်းသိမ်းရေးပစ္စည်းတွေကို ကလေးတွေမှာ မသုံးပါနဲ့။ ဓာတုပစ္စည်းတွေ ပါဝင်တတ်လို့ နုနယ်တဲ့ကလေးဦးရေပြားကို ထိခိုက်စေနိုင်ပါတယ်။

    • ကလေးကို ဆံပင်ညှပ်ပေးပါ

    သင့်ကလေးက တစ်နှစ်ဝန်းကျင်ရှိပြီဆိုရင် ဆံပင်စညှပ်ဖို့ အချိန်ရောက်ပါပြီ။ ကလေးငယ်တစ်ယောက်အတွက် ဆံပင်အညှပ်ခံဖို့ကို ကြောက်လန့်ကောင်းကြောက်လန့်နိုင်ပေမယ့် ဘာမှကြောက်စရာမရှိကြောင်း မိဘကဘေးမှာနေပြီး ချော့ပေးလိုက်ပါ။ ဆံပင်ပုံမှန်ညှပ်ပြီး သပ်ရပ်စွာရှိနေမှ ဆံသားကျန်းမာပြီး သန်စွမ်းလာနိုင်မှာပါ။

    ဆံပင်မညှပ်ဘဲ၊ မဖြီးဘဲ ကလေးဆံသား ကို ဂရုမစိုက်ခဲ့ရင် ရှုပ်ထွေးတာ၊ ဆံပင်ကျိုးပြတ်တာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာနိုင်ပြီး ဦးရေပြားမှာ ယားယံလာရင် ကုတ်ဖဲ့ရာက အနာတွေဖြစ်စေနိုင်တဲ့အထိ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    • ဦးရေပြားကို ကာကွယ်ပါ

    ဆောင်းတွင်း သို့မဟုတ် နွေရာသီမှာ ကလေးကို ဦးထုပ်ဆောင်းပေးရပါမယ်။ ဒါဟာ ဦးရေပြားကို ကာကွယ်ပေးရာရောက်ပြီး ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။

    ကလေးမှာ ဆံပင်ကျွတ်လာတာ၊ ဦးရေပြားပြဿနာတွေ ရှိလာတာမျိုးဆိုရင် ဆရာဝန်နဲ့ပြသပါ။ ခေါင်းလျှော်ရည်နဲ့ conditionerတွေ ကလေးမျက်လုံးထဲ မဝင်စေဖို့ ဂရုစိုက်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement