backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ဘေဘီလေးတွေက မေမေတိုင်းအတွက်တော့ ချစ်မဝတဲ့သူတွေပေါ့။ ဒီလို ချစ်မဝတဲ့ ဘေဘီလေးတွေကို အစစအရာရာကျန်းမာနေစေချင်တဲ့ ဆန္ဒကလည်း မေမေတိုင်းမှာရှိနေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင် မလိုပါဘူး။ အခုတစ်ခါပြောပြပေးမှာက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ အဲဒီအရေပြားပြဿနာတွေများ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို သိချင်နေမယ ထင်တယ်နော်။ ဒီတော့ ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ အကြောင်း ပြောပြပေးချင်ပါတယ်။

ကလေးငယ်လေးတွေရဲ့ အရေပြားအကြောင်း တစေ့တစောင်း

ကလေးငယ်လေးတွေရဲ့ အရေပြားက ကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်၊ အအေးဒဏ်၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ၊ သွားရည်တွေကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ ညစ်ပေနေတဲ့သေးခံနဲ့ အကြာကြီးထိတွေ့ရာကနေဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ခုခံနိုင်ရည်တော်တော်လေးနည်းနေပါသေးတယ်။

ကလေးတွေမှာ အရေပြားပြဿနာမဖြစ်ဖူးတဲ့ ကလေးရယ်လို့မရှိပါဘူး။ ကလေးတိုင်းဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မှုကြောင့် အနည်းဆုံးတစ်ကြိမ်လောက်တော့ အရေပြားပြဿနာကို ကြုံဖူးကြမှာပါ။ ဒါပေမယ့် အရေပြားပြဿနာတော်တော်များများက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ အရမ်းပြင်းထန်တာမျိုးဆိုရင်တော့ သင့်တော်တဲ့ဆေးကုသမှုကိုခံယူဖို့လိုမှာပဲဖြစ်ပါတယ်။

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ ကတော့

၁) သေးခံလောင်ခြင်း

ဒါကတော့ ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ညစ်ပေနေတဲ့သေးခံကို အကြာကြီးဝတ်ထားမိရာကနေ ဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးသေးခံစိုတာကို တွေ့တာနဲ့ လဲပေးဖို့လိုပါမယ်။ အထူးသဖြင့် ကလေးငယ်ရဲ့ အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေမျိုးဆိုရင် ပိုပြီးတေတောာင် ဂရုစိုက်ပေးဖို့ လိုပါတယ်။

သေးခံလောင်ရင် ဒီလိုလက္ခဏာရှိမယ်

  • သေးခံဝတ်ထားတဲ့နေရာမှာ နီမြန်းမယ်
  • အရေပြားပွန်းရှတာတွေ ဖြစ်နေမယ်
  • ပူနေမယ်

ဖြစ်ရတဲ့ အကြောင်းအရင်းတွေ

  • ဆီးတွေ၊ ဝမ်းတွေနဲ့အကြာကြီးထိတွေ့မိတာ
  • သေးခံအစိုကြီးကို အကြာကြီးဝတ်ထားပေးမိတာ
  • သေးခံကြောင့် အရေပြားပွန်းရှတာ
  • စိုထိုင်းမှုများတာကြောင့် ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ ပေါက်ဖွားတာတွေကြောင့်သေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • သေးခံကို စိုတာနဲ့လဲပေးပါ
  • သေးခံအသစ်မလဲခင်မှာသေးခံဝတ်ထားတဲ့နေရာကို ရေနဲ့ သန့်စင်အောင် ဆေးကြောပါ
  • ပြီးရင် ရေခြောက်အောင်သုတ်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးပါ
  • အရမ်းပြင်းထန်ရင်တော့ ကလေးကို ဆရာဝန်နဲ့ပြသပါ။

၂) မိတ်

ရာသီဥတု အရမ်းပူတဲ့အခါ ကလေးငယ်တွေမှာ အပူလွန်ကဲပြီး မိတ်ထွက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ရာသီဥတုပူတာကြောင့် ချွေးထွက်တဲ့အခါ ကလေးတွေရဲ့ ချွေးဂလင်းတွေက သေချာမဖွံ့ဖြိုးသေးတာကြောင့် ချွေးဂလင်းတွေ ပိတ်ဆို့ရာကနေ ကလေးငယ်လေးတွေမှာ မိတ်တွေဖြစ်လာတာ ဖြစ်ပါတယ်။

မိတ်ထွက်ရင် ဒီလိုလက္ခဏာတွေရှိမယ်

အရေပြားပေါ်မှာ နီရဲတဲ့ အဖုငယ်လေးတွေ ဖြစ်တာကို တွေ့ရနိုင်ပါတယ်။ ကျော နဲ့ တင်ပါးပိုင်းတွေမှာ အဖြစ်များပါတယ်။

မိတ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေ

  • ရာသီဥတုပူတာကြောင့် ချွေးအရမ်းထွက်တာ
  • ကလေးကို အဝတ်အစားအထူကြီးတွေ ဝတ်ထားပေးမိတာ
  • ချွေးမစုပ်တဲ့ အဝတ်တွေ ဝတ်ပေးထားမိတာ
  • ကလေးအရေပြားပေါ်မှာ baby creamတွေ အများကြီးလူးပေးတာတွေကြောင့် ချွေးပေါက်တွေပိတ်ဆို့တာတွေကနေ ကလေးတွေမှာ မိတ်တွေဖြစ်နိုင်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ကလေးကို အေးမြအောင် လုပ်ပေးမယ်
  • ကလေးကို ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ပေးမယ်
  • ချွေးတွေ ထွက်လာရင် သုတ်ပေးမယ်

၃) နှင်းခူ

ဒီအရေပြားပြဿနာကတော့ ကလေးရော လူကြီးမှာပါဖြစ်တတ်တဲ့ အရေပြားပြဿနာပါ။ ကလေးအသက်တစ်နှစ်လောက်အရွယ်မှာကတည်းဖြစ်တတ်ပါတယ်။ မျိုးရိုးရှိတဲ့ ကလေးငယ်တွေမှာလည်း အရေပြားခြောက်တဲ့အခါမှာ နှင်းခူဖြစ်တတ်ပါတယ်။

နှင်းခူဖြစ်ရင် ဒီလိုလက္ခဏာတွေရှိမယ်

  • အရေပြားမှာ အနီကွက်လေးတွေဖြစ်မယ်
  • ယားယံမယ်
  • အရေပြားကြမ်းတမ်းမယ်
  • အရေပြားခြောက်မယ်
  • အထူးသဖြင့် ကလေးရဲ့ ပါးတွေ၊ လက်မောင်းနဲ့ ခြေထောက်တွေမှာ အဖြစ်များပါတယ်။

နှင်းခူဖြစ်ရတဲ့အကြောင်းအရင်းတွေ

  • မျိုးဗီဇ
  • ခုခံအားက အလွန်အကျွံ တုံ့ပြန်တာ
  • ဓာတ်မတည့်တာကြောင့် အရေပြားမှာ နှင်းခူတွေဖြစ်ရတာဖြစ်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ကလေးကို ရေအေးအေးလေး ဒါမှမဟုတ် ရေနွေးနွေးလေးထဲကို ဆပ်ပြာရည်ခပ်ပျော့ပျော့လေးထည့်ပြီးရေချိုးပေးပါ
  • ရေချိုးပြီးတဲ့အခါ နှင်းခူဖြစ်နေတဲ့နေရာကို ရေခြောက်အောင် အသာအယာသုတ်ပေးပါ။ အရေပြားကို အတင်းဆွဲပွတ်တာမျိုးမလုပ်ပါနဲ့
  • ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ
  • အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပေးပါ

၄) ကလေးဝက်ခြံ

ဒီအရေပြားပြဿနာကတော့ ကလေးအသက် ၂ ပတ်ကနေ ၄လ၊ ၅လအတွင်းအရွယ်မှာ အဖြစ်များပါတယ်။ အချင်းကနေတဆင့် မိခင်ထံကနေလက်ခံရရှိတဲ့ဟော်မုန်းကြောင့် ကလေးငယ်လေးတွေမှာ ဝက်ခြံဖြစ်ရတာဖြစ်ပါတယ်။ ဒီဟော်မုန်းတွေက ကလေးအရေပြားမှာ အဆီထွက်များစေတာကြောင့် ဝက်ခြံထွက်လာတာပါ။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • များသောအားဖြင့် သူ့အလိုလို သက်သာသွားတတ်ပါတယ်။
  • ဝက်ခြံကို ညှစ်တာ၊ ဆိတ်ဆွတာမျိုးမလုပ်ပါနဲ့
  • ဝက်ခြံကို သန့်ရှင်းအောင်ထားပေးပါ
  • အဆီပြန်တဲ့နေရာကို တစ်ရှူးအသန့်နဲ့ အသာအယာ သုတ်ပေးပါ။

၅) အင်ပျဉ်

အင်ပျဉ်က ခန္ဓာကိုယ်နေရာအနှံ့မှာ ပေါက်တတ်ပါတယ်။ ရင်ဘတ်၊ ဝမ်းဗိုက်ပိုင်းနဲ့ နောက်ကျောဘက်တွေမှာ အဖြစ်များပါတယ်။ လည်ပင်းနဲ့ ခြေလက်တွေမှာလည်း အင်ပျဉ်ဖြစ်တတ်ပါတယ်။ အင်ပျဉ်အချို့ကတော့ ဆေးကုသမှုခံယူစရာမလိုဘဲ ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့ အင်ပျဉ်က အချိန်အတော်ကြာတဲ့အထိ ပျောက်မသွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။

အင်ပျဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေ

ကလေးတွေမှာ အင်ပျဉ်ဖြစ်ရတဲ့အကြောင်းအရင်းတွေအမျိုးမျိုးရှိပါတယ်။

  • အစားအစာနဲ့ ဓာတ်မတည့်တာ
  • ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိတာ
  • အငွေ့တစ်ခုခုကိုရှုရှိုက်မိတာ
  • ပိုးကောင်တွေ ကိုက်ခံရတာ
  • ဆေးတွေနဲ့ ဓာတ်မတည့်တာတွေကြောင့် အင်ပျဉ်တွေဖြစ်နိုင်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ရေခဲဝတ်ကပ်ပေးပါ
  • ရေအေးဝတ်ကပ်ပေးပါ
  • အနာတွေကို မကုတ်ဖဲ့ပါနဲ့
  • အင်ပျဉ်သက်သာစေနိုင်တဲ့ဆေးတစ်မျိုးမျိုးတိုက်ပေးပါ
  • အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသပါ

၆) အရေပြားခြောက်သွေ့တာ

မွေးစကလေး‌တွေမှာ အသားခြောက်တာက အဖြစ်များတဲ့ ပြဿနာပါ။ အထူးသဖြင့် အေးတဲ့အချိန်ဆို ပိုပြီးတော့တောင် ဖြစ်တတ်ပါတယ်။

အရေပြားခြောက်သွေ့ရတဲ့ အကြောင်းရင်းတွေ

  • ရာသီဥတု အေးတာ
  • အခန်းအပူချိန်က အေးပြီး ခြောက်သွေ့တာ
  • ရေနွေးနဲ့ ရေချိုးတာ
  • ခဏခဏ ရေချိုးတာ
  • မျိုးဗီဇကြောင့် ဖြစ်တတ်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ကလေးကို ရေကြက်သီးနွေးနဲ့ပဲ ချိုးပေးပါ။
  • ကလေးအတွက် ထုတ်ထားတဲ့ ဆပ်ပြာကိုပဲ အသုံးပြုပါ။
  • ရေချိုးပြီးရင် အစိုဓာတ်ထိန်းကရင်မ် လိမ်းပေးပါ။
  • အဲကွန်းခန်းထဲမှာ ထားတဲ့အခါ လေထုခြောက်သွေ့တတ်တာကြောင့် သတိထားပါ။
  • ကလေးကို နို့များများတိုက်ပါ။

၇) နို့ပွေး

နို့ပွေးလို့ခေါ်ပေမဲ့ တကယ့်ပွေးရောဂါ မဟုတ်ပါဘူး။ Atopic eczemaလို့ခေါ်တဲ့ နှင်းခူရောဂါတစ်မျိုးပါ။ ပါးပတ်လည်မှာ ပွေးလို အကွက်လေးတွေ အဖြစ်တွေ့ရတတ်လို့ နို့ပွေးလို့ ‌ခေါ်ကြတာပါ။ အကွက်လေးက နီရဲခြောက်သွေ့ပြီး ယားလည်း ယားပါတယ်။ တစ်ခါတလေ အရည်ကြည်လေးတွေ စိမ့်ထွက်တတ်ပါတယ်။

နို့ပွေးဖြစ်ရတဲ့ အကြောင်းရင်းများ

  • ဓာတ်မတည့်ပြဿနာ
  • ခုခံအားတုံ့ပြန်မှု
  • မျိုးဗီဇ

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

တချို့ကလေးတွေမှာ ၅-၆နှစ်လောက်နေရင် သက်သာသွားပေမဲ့ တချို့က ကြီးတဲ့အထိ ရှိတတ်ပါတယ်။ နို့ပွေးသက်သာစေဖို့

  • အစိုဓာတ်ထိန်းကရင်မ် လိမ်းပေးပါ။
  • ရေနွေးနဲ့ ရေချိုးတာကို ရှောင်ပါ။
  • ကလေးအတွက် ထုတ်ထားတဲ့ ဆပ်ပြာပဲ အသုံးပြုပါ။
  • ကလေးကို မပူပါစေနဲ့။ ပွပွချောင်ချောင် ချည်သားတွေ ဝတ်ပေးပါ။
  • လက္ခဏာတွေ ပိုဆိုးလာရင် ဆရာဝန်နဲ့ ပြသပါ။

ကလေးငယ်ကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်ပေးပြီး အရေပြားကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement