backup og meta

မွေးစကလေး တွေ နေ့နဲ့ ညမှားနေရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးစကလေး တွေ နေ့နဲ့ ညမှားနေရင်

    ခုမှ ကလေးမွေးထားတဲ့မေမေတို့ စိတ်ညစ်ရတဲ့ထဲမှာ မွေးစကလေး လေးက နေ့နဲ့ ညနဲ့ မှားနေတာလည်း ပါပါတယ်။ နေ့ဆို အိပ်နေပြီ။ ညဆို အိပ်ရေးဝတော့ သူကဆော့၊ ကိုယ်က အိပ်ချင်၊ ပြီးတော့ ခဏလေး အိပ်လိုက်၊ ထလိုက်နဲ့ မိုးက ဘယ်လို လင်းသွားမှန်းတောင် မသိလိုက်ဘူးဆိုတဲ့ မေမေတွေ ရှိကြလား။ ကြာလာတော့ မေမေတွေ မျက်လုံးဟောက်ပက်နဲ့ပေါ့။

    ဒီလို မေမေတွေ ရှိတယ်ဆိုရင်တော့ ကလေးတွေ နေ့နဲ့ ညနဲ့ မှားတာကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

    မွေးစကလေးတွေ ဘာလို့ နေ့နဲ့ ညနဲ့ မှားတာ

    ကလေးလေးတွေက မေမေ့ဗိုက်ထဲမှာ နေတုန်းက မေမေနေတဲ့ ပုံစံကို ခံစားပြီး အိပ်ကြတာပါ။ မေမေလှုပ်နေရင် သူတို့ကို ချော့သိပ်သလိုပဲမို့လို့ မေမေတို့ အလုပ်လုပ်ချိန်မှာ အိပ်ပျော်နေကြပါတယ်။ မေမေတို့ အိပ်လို့ ငြိမ်ပြီဆိုရင်တော့ သူက နိုးလာပြီး ထဆော့ပါတယ်။ ဒါကြောင့် မေမေတို့ ညဘက် အိပ်နေရင်းနဲ့ ကလေးကန်တာ ခံစားမိတာပေါ့။

    နောက်တစ်ခုက မေမေ့ကိုယ်က ထွက်တဲ့ မယ်လတိုနင်ဟော်မုန်းကြောင့်လည်း ကလေးလေးတွေ အိပ်ကြပါတယ်။

    မွေးလည်း မွေးလာရော ကလေးက သူ့ဟာသူ ရပ်တည်ရပါတော့တယ်။ သူ့ကိုယ်ထဲမှာ ရှိတဲ့ ဇီဝနာရီကိုပဲ အားထားရပါတော့တယ်။ ဇီဝနာရီဆိုတာ မယ်လတိုနင်လေ။ ဒါပေမယ့် ကလေးလေးတွေမှာ ၃လလောက်မှ  မယ်လတိုနင်က စထွက်တာပါ။ ၅လ ၆လလောက်ဆို ပုံမှန်ဖြစ်သွားပါပြီ။ ဒါကြောင့် မေမေတို့ မပြင်ပေးလဲ အဲ့ဒီအရွယ်ဆို သူ့ဟာသူ မှန်သွားပါပြီ။

    နောက်တစ်ခုက ခုမှမွေးတဲ့ ကလေးလေးက နေ့တွေ ညတွေ မသိပါဘူး။ သူသိတာ အိပ်မယ်။ ၂နာရီ ၃နာရီလောက်နေရင် နို့ထသောက်မယ်။ ခဏတဖြုတ်ဆော့မယ်။ ပြီးရင် ပြန်အိပ်မယ်။ ဒါပဲ သိတာပါ။ နေ့မို့လို့ မအိပ်ရဘူးတို့၊ ညမို့လို့ အိပ်ရမယ်တို့ မသိပါဘူး။ နေရင်း နေရင်းနဲ့မှ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပြီး ဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာ သိလာတာပါ။

    ဒါကြောင့် ပြောပါတယ်။ နေ့နဲ့ ညမှားတာက သိပ်ပြင်စရာလိုတဲ့ ကိစ္စမဟုတ်ပါဘူးလို့။

    ဒါပေမယ့် ဖေဖေ မေမေတို့ဘက်က ကြည့်တော့လည်း ထရတာ တစ်ညလည်း မဟုတ် နှစ်ညလည်း မဟုတ်ဆိုတော့ ကြာလာတော့ ပင်ပန်းလာတာပေါ့။ ဒါကြောင့် နည်းလမ်းလေးတွေ မျှဝေပေးပါ့မယ်။

    မွေးစကလေးတွေ နေ့နဲ့ ညမှားနေရင်

    ကလေး မနက်နိုးနေတဲ့အချိန်ဆို အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ထားပါ။ နိုးနေတဲ့အချိန် ကလေးနဲ့ ဆော့ပေးပါ။ ဒါမှ လင်းနေရင် ထရတယ်၊ ဆော့ရတယ်ဆိုပြီး မှတ်မိမှာပါ။

    • ညဘက်ဆို မှောင်နေပါစေ။

    ညအိပ်ရတော့မယ်ဆို အခန်းကို မှောင်နေအောင် ထားပါ။ အခန်းကို တိတ်ဆိတ်နေပါစေ။ သူနဲ့ ဆော့တာ၊ မြှူတာ ခဏနားထားပါ။ ညဆို ငြိမ်ငြိမ်လေးနေရမယ်လို့ မှတ်ထားအောင်ပါ။

    • ကလေးကို အတင်းမတိုက်တွန်းပါနဲ့။

    မနက်ဆို ကလေး မအိပ်အောင် အတင်းဆော့နေတာမျိုး၊ ကလေးကို အတင်းနှိုးထားတာမျိုး မလုပ်ပါနဲ့။ ညဆိုလည်း ကလေးကို ဆက်အိပ်အောင် နို့မတိုက်တာမျိုး မလုပ်ပါနဲ့။ ကလေးက သူ့ဟာသူ တဖြည်းဖြည်း ကျင့်သားရသွားမှာမို့လို့ အတင်းမတိုက်တွန်းပါနဲ့။

    ညဘက်မှာ ကလေးက ကောင်းကောင်း မအိပ်ဘူးဆိုရင်ရော

  • ညဘက်မှာ သိပ်ရခက်နေရင်
  • မိုးလည်း ချုပ်နေပြီ၊ ချီပြီး လမ်းလျှောက်ရတာလည်း ပုခုံးတွေတောင် နာလာပြီ။ ကလေးက မအိပ်သေးဘူးဆိုရင် စိတ်မပျက်ပါနဲ့။ ကလေးကို အိပ်ရာပေါ်မှာ အသာအယာချ၊ မီးလေးပိတ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကလေးကို ဖင်လေးပုတ်ပေးပါ။ တဖြည်းဖြည်းနဲ့ ငိုက်ပြီး အိပ်ပျော်သွားပါလိမ့်မယ်။ ငိုနေရင်တော့ ပြန်ချီရမှာပေါ့လေ။

    • ညဘက်မှာ ခဏခဏ နိုးနေရင်

    ကလေးတွေက ၃-၄နာရီတစ်ခါ နို့ဆာတတ်ပါတယ်။ ညဘက်မှာလည်း ဒီလိုပါပဲ။ ဒါကြောင့် သေချာပေါက်ထပြီး နို့ထတိုက်ရမှာပါ။ ဒါကြောင့် ခဏခဏ မထရအောင် ကလေးပုခက်ကို အခန်းထဲရွှေ့ထားလိုက်ပါ။ (အမေနဲ့တော့ တစ်ကုတင်တည်း မသိပ်ပါနဲ့။ အခန့်မသင့်ရင် ကလေးကို ဖိမိတတ်ပါတယ်။ အမေလည်း သတိထားနေရတာနဲ့ ကောင်းကောင်း အိပ်ရမှာ မဟုတ်ပါဘူး။)

    နောက်တစ်ခုက ဖေဖေနဲ့ ဂျူတီခွဲထားပါ။ ဘယ်အချိန်ကနေ ဘယ်အချိန် ဘယ်သူထဆိုပြီးတော့ပေါ့။ တစ်ခါတလေ ကလေးထလာတာ ဗိုက်ဆာတာကြောင့် မဟုတ်ဘဲ သေးခံစိုနေလို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကျလည်း ဒီတိုင်း နိုးလာပြီး ဖင်လေးပုတ်ပေးလိုက်ရင် ပြန်အိပ်သွားတာပါပဲ။ ဒါကြောင့် ကလေးငိုတိုင်း မေမေထစရာ မလိုပါဘူး။

    • အိပ်ချင်တာကို ဂျီကျနေတယ်ဆိုရင်

    တစ်ခါတလေ မေမေတို့ ပြောတတ်ကြတယ်မလား။ ဒီကလေး အိပ်ချင်နေတာကို မအိပ်ဘူး၊ ဂျီကျနေတယ်ဆိုပြီး။ ဟုတ်ပါတယ်။ ကလေးတွေက အိပ်ချင်နေရက်နဲ့ မျက်လုံးတွေပွတ်ပြီး ငိုနေတတ်တာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အိပ်ဖို့ အဆင်မပြေလို့ပါပဲ။

    အခန်းက ပူလွန်း အေးလွန်းတယ်၊ မီးတွေ လင်းနေတယ်ဆိုရင် အိပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မီးတွေကို မှိတ်ထားပါ။ အခန်းအပူချိန်ကို ညှိပါ။ ဘေးအခန်းမှာ monotone အသံတစ်ခုခု (ဥပမာ ဖုန်စုပ်စက်ဖြစ်ဖြစ်) ဖွင့်ထားပါ။ ကလေးက တဖြည်းဖြည်း အိပ်ပျော်သွားပါလိမ့်မယ်။

    ဒီလောက်ဆိုရင်တော့ မေမေတို့ ကလေးနဲ့ အိပ်ချိန်တိုင်း စစ်မခင်းရလောက်တော့ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement