backup og meta

အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

    အိပ်ရေးကောင်းကောင်းဝဖို့ဆိုတာဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို အားပြည့်လန်းဆန်းစေပါတယ်။ ကောင်းစွာအိပ်စက်အနားယူပြီးချိန်မှာ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည် စတာတွေ မြင့်မားနေတတ်ပါတယ်။ ဒါ့အပြင် လုံလောက်စွာ အိပ်စက်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတာတွေကိုလည်း ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အဆိုပါအကျိုးကျေးဇူးများကို သိရှိကြပေမယ့်လည်း လူသားများအနေနဲ့ အိပ်ချိန်ဟာ နည်းသည်ထက်နည်းလာကြပါတယ်။ မှတ်သားထားရမယ့် အချက်ကတော့ အိပ်စက်ခြင်း အလေ့အထဟာ မွေးမြူလို့ ရပါတယ်။ အိပ်ရေး၀၀အိပ်စက်နိုင်ဖို့ အကူအညီပေးမယ့် အချက်တွေလည်း ရှိပါတယ်။ ယခုဖော်ပြမယ့် အချက်အလက်တွေကတော့ အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ ပဲ ဖြစ်ပါတယ်။

    အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

    ၁။ မယ်လတိုနင်

    မယ်လတိုနင်ဟာ ကိုယ်ခန္ဓာထဲကနေ သဘာဝအလျောက် ထွက်ရှိတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်ကို အိပ်ချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြတဲ့ဟော်မုန်း ဖြစ်ပါတယ်။ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်ခြင်းဟာ တစ်နေ့တာရဲ့ အချိန်ပေါ် မူတည်ပါတယ်။ ညနေပိုင်းမှာ မြင့်တက်လာပြီး မနက်ပိုင်းဆိုင်ရင် ပြန်ကျသွားတတ်ပါတယ်။

    အခုအခါမှာ မယ်လတိုနင် အားဖြည့်ဆေးတွေ ပေါ်လာပြီဖြစ်ပါတယ်။ ခရီးရှည် လေယာဉ်စီးပြီး ပင်ပန်းတာမျိုး၊ အိပ်ချိန်မမှန်တာမျိုးဆိုရင် မယ်လတိုနင်ဟော်မုန်းစက်ဝိုင်း ပျက်သွားတာမျိုးဆိုရင် မယ်လတိုနင် အားဖြည့်ဆေးတွေကို သုံးနိုင်ပါတယ်။

    မယ်လတိုနင်ဟာ ရေတိုအတွက် ဘေးကင်းစိတ်ချရမှုရှိပေမယ့် ရေရှည်မှာ ဘေးကင်းစိတ်ချရခြင်းရှိမရှိ သေချာစွာ မသိရသေးဘူး။

    ၂။ ဗယ်လရီယန် (ထိကရုန်း) အမြစ်

    ဗယ်လရီယန် (ထိကရုန်း)ဟာ အာရှမှာရော ဥရောပမှာပါ ပေါက်ရောက်ပါတယ်။ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ သွေးဆုံးခြင်း စတာတွေအတွက် သဘာဝဆေးဘက်ဝင်အပင်အနေနဲ့ အသုံးပြုပါတယ်။ ဗယ်လရီယန်အမြစ်ကို သဘာဝအိပ်ဆေးအနေနဲ့လည်း သုံးကြပါတယ်။ အိပ်ပျော်စေတဲ့ အာနိသင်ရှိတယ်လို့ ဆိုပါတယ်။ ရေတိုအတွက် ကောင်းမွန်ပါတယ်။ ရေရှည်မှာ ဘေးကင်းစိတ်ချရမှုရှိမရှိကိုတော့ သုတေသနတွေ ထပ်မံလေ့လာဖို့ လိုပါသေးတယ်။

    ၃။ မဂ္ဂနီဆီယမ်

    မဂ္ဂနီဆီယမ်ကတော့ လူ့ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းပေါင်းများစွာမှာ ပါဝင်တဲ့ သတ္တုဓာတ်ပဲ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ စိတ်နဲ့ ကိုယ်ခန္ဓာကို ငြိမ်သက်သိမ်မွေ့စေပြီး အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ရဲ့ နောက်လုပ်ဆောင်ချက်တခုကတော့ မယ်လတိုနင်ဟော်မုန်းထုတ်လုပ်ခြင်းကို ထိန်းညှိပေးခြင်းပါပဲ။

    ဒါ့အပြင် ဦးနှောက်ထဲက gamma-aminobutyric acid (GABA) ထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ အဆိုပါဓာတ်ဟာ သိမ်မွေ့အေးချမ်းတဲ့ အာနိသင်ကို ပေးပါတယ်။

    သုတေသနစာတမ်းတွေအရ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နည်းခြင်းဟာအိပ်ရေးမဝခြင်း၊ အိပ်မပျော်ခြင်း စတာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

    ၄။ လာဗန်ဒါ

    လာဗန်ဒါဟာ ကမ္ဘာ့အနှံ့အပြားမှာ ပေါက်ရောက်တဲ့အပင်ပဲ ဖြစ်ပါတယ်။ ခရမ်းရောင်အပွင့်တွေပွင့်ပြီး အပွင့်ကို မျိုးစုံအသုံးပြုကြပါတယ်။

    လာဗန်ဒါရနံ့ဟာ ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ လေ့လာချက်တွေအရ လာဗန်ဒါအဆီရဲ့ ရနံ့ကို မအိပ်စက်မီ မိနစ် ၃၀ ခန့် ကြိုတင်ပြီး ရှူရှိုက်ခြင်းဟာ တညတာမှာ ကောင်းစွာအိပ်စက်နိုင်စေတယ်လို့ သိရပါတယ်။ အိပ်မပျော်ခြင်းဝေဒနာခံစားနေရသူများကို သက်သာစေတယ်လို့ဆိုပါတယ်။

    လာဗန်ဒါရနံ့ကုထုံးဟာ ပုံမှန်အိပ်ဆေးတွေလို အာနိသင်ရှိပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပါတယ်။

    လာဗန်ဒါရနံ့ကုထုံးဟာ ဘေးကင်းစိတ်ချရပေမယ့် လာဗန်ဒါဖြည့်စွက်စာကို စားသုံးသူတချို့မှာ ပျို့အန်ခြင်း ဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။

    ၅။ ပင်မှည့်ပန်း

    ပင်မှည့်ဖျော်ရည်သီးဟာ လူသားတွေကို အကျိုးပြုသလို သူ့ရဲ့ အပွင့်ဟာလည်း အိပ်မပျော်သူတွေအတွက် ဆေးတလက်ပဲ ဖြစ်ပါတယ်။ ပန်းကိုအခြောက်ခံပြီး လက်ဖက်ခြောက်လို သုံးနိုင်ပါတယ်။ အဆိုပါပန်းခြောက်ကို ရေနွေးမှာခပ်ပြီး အိပ်ရာမဝင်ခင် တနာရီခန့်ကြိုပြီး သောက်သုံးရင် အိပ်ပျော်စေတယ်လို့ ဆိုကြပါတယ်။

    ၆။ ဂလိုင်စင်း

    ဂလိုင်စင်းဟာ အာရုံကြောစနစ်အတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ်တမျိုး ဖြစ်ပါတယ်။ မကြာသေးမီက လေ့လာထားတဲ့ သုတေသနတွေအရ အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ ဂလိုင်စင်းရဲ့ အလုပ်လုပ်ပုံကို သေချာတော့ မသိရသေးပါဘူး။ ညအိပ်ရာဝင်ချိန်နီးလာရင် ကိုယ်ခန္ဓာအပူချိန်ကို လျှော့ချပေးပြီး အိပ်ချိန်ရောက်ကြောင်း အချက်ပြတယ်လို့ ယူဆကြပါတယ်။

    ဂလိုင်စင်းဓာတ်ကို အားဆေးတွေကလည်း ရနိုင်သလို အစားအစာတွေဆီကလည်း ရနိုင်ပါတယ်။ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီ၊ ငှက်ပျောသီး၊ ကီဝီသီး စတာတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement