backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

မွေးကင်းစကလေးငယ်တွေ အတော်များများဟာ မွေးပြီးရက်အနည်းငယ်အတွင်းမှာ အသားဝါ တဲ့ ပြသနာကို ကြုံတွေ့နေကြရပါတယ်။ မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းဟာ တစ်ခါတစ်လေမှာ သူ့ဘာသာ ပျောက်သွားနိုင်ပေမယ့် တစ်ခါတစ်လေမှာ အဝါဓာတ်က ဦးနှောက်ထဲထိရောက်သွားတဲ့အခါ မသန်မစွမ်းဖြစ်တာ၊ ဉာဏ်ရည်ချို့တဲ့တာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ အသားဝါလာတယ်၊ မျက်သားအဖြူနေရာမှာ ဝါလာတယ်ဆိုရင်တော့ မပေါ့လျော့ဘဲ ကလေးဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မွေးကင်းစကလေးငယ်များ အသားဝါ ရတဲ့ အကြောင်းရင်း

မွေးကင်းစကလေးငယ်များ အသားဝါ ရခြင်းဟာ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဝါဓာတ်ကို ဖြစ်စေတဲ့ billirubin လို့ခေါ်တဲ့ ပစ္စည်းတွေများလာတာကြောင့်ပါ။ မွေးကင်းစအရွယ် အသားဝါခြင်းကို

၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါခြင်း( physiological jaundice)နဲ့

၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (Pathological jaundice) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။

၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါ ခြင်း( physiological jaundice)

ပုံမှန်ဖြစ်စဉ်အရ အသားဝါခြင်းဟာ မွေးပြီး ၃ရက်မြောက်မှာ စဖြစ်တတ်ပြီး ၅ရက်မြောက်နေ့မှာ အဝါဆုံးအခြေအနေကို ရောက်သွားလေ့ရှိပါတယ်။ ပုံမှန်ကလေးတွေမှာ ၇ရက်မြောက်နေ့ဆိုရင်တော့ ပျောက်သွားလေ့ရှိပြီး လမစေ့ဘဲ မွေးတဲ့ကလေးလေးတွေမှာတော့ ၉ ရက်မြောက်နေ့မှာ ပျောက်သွားတတ်ပါတယ်။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွင်း သွေးနီဥတွေ ပြိုကွဲတဲ့အခါ အဲဒီ billirubin လို့ခေါ်တဲ့ ပစ္စည်းလေးတွေထွက်လာပါတယ်။ အဲဒီ ပစ္စည်းတွေကို ခန္ဓာကိုယ်ပြင်ပ ကို စွန့်ပစ်ဖို့အတွက် အသည်းက တာဝန်ယူလုပ်ဆောင်ရပါတယ်။ မွေးကင်းစ ကလေးငယ်လေးတွေမှာ အသည်းအပါအဝင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးက နုနယ်ပြီး လုပ်ငန်းကောင်းကောင်း မလုပ်နိုင်သေးတာကြောင့် billirubin ကို မချေဖျက်နိုင်ဘဲ အဝါဓာတ်တွေ ဖြစ်လာစေပါတယ်။ အခြား အကြောင်းအရင်းတွေကတော့ မွေးကင်းစကလေးငယ်လေးတွေမှာ သွေးနီဥ သက်တမ်းတိုသေးတာရယ်၊ သွေးနီဥတွေကို အထုတ်များတာကြောင့်ရယ် ဖြစ်ပါတယ်။

၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (သို့) Pathological Jaundice

ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်းဆိုရင်တော့ မွေးပြီး တစ်ရက် နှစ်ရက်အတွင်းမှာကတည်းက စဖြစ်နိုင်ပြီး နှစ်ပတ်ကျော် လောက်အထိ ကြာတတ်ပါတယ်။ ဆီးအရောင်ရင့်ပြီး ဝမ်းဖြူဖြူတွေလည်း သွားနိုင်ပါတယ်။ အကြောင်းအရင်းတွေကတေ့

သွေးအုပ်စုမှာမှ A,B,O အုပ်စု မတည့်ခြင်းနဲ့ Rh မတည့်ခြင်းဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါတယ်။ အမေက O သွေးအမျိုးအစားဖြစ်ပြီး ကလေးက A (သို့) B တစ်ခုခုဖြစ်နေတဲ့ အခါ (သို့) အမေက Rh အနှုတ်သွေး နဲ့ ကလေးက အပေါင်းသွေးဖြစ်နေခဲ့မယ်ဆိုရင် သွေးအုပ်စု မတည့်ခြင်းတွေဖြစ်ပြီး သွေးနီဥတွေပျက်စီးလာပါတယ်။ ဒါကြောင့် အဝါဓာတ်တွေများလာပါတယ်။

  • ကလေးငယ်လေးမှာ G6PD ဓာတ်ချို့တဲ့ရောဂါ ဖြစ်နေခြင်း။
  • G6PD ချို့တဲ့တဲ့ ကလေးတွေမှာလည်း သွေးနီဥတွေ ပေါက်ကွဲလွယ်တာကြောင့် အသားဝါတတ်ပါတယ်။

    • မွေးတဲ့ အချိန်မှာ ထိခိုက်ဒဏ်ရာရသွားခြင်း နဲ့ ရောဂါပိုးဝင်ခြင်း။
    • မိခင်နို့ကို လုံလုံလောက်လောက် မရခြင်း။
    • သည်းခြေပြွန်ရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းပိုးဝင်ခြင်း နဲ့ အသည်းရောင်ခြင်း။
    • ဆီးလမ်းကြောင်းပိုးဝင်ခြင်း။

    စတဲ့ ရောဂါတွေ၊ အခြအနေတွေကြောင့်လည်း မွေးကင်းစကလေးငယ် အသားဝါခြင်းပြသနာကိုဖြစ်စေနိုင်ပါတယ်။

    ရောဂါလက္ခဏာနှင့် ကုသနိုင်သော နည်းလမ်းများ။

    ကလေးရဲ့ မျက်နှာ ၊ မျက်လုံး က စပြီး ဝါလာပြီး နောက်ပိုင်းမှာ ခြေတွေလက်တွေ အထိ ဝါလာနိုင်ပါတယ်။ ဒါ့အပြင် ကလေးက မှိန်းနေပြီး ဂျီကျတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ကို ထိခိုက်သွားမယ်ဆိုရင်တော့ တက်တာ၊ ခန္ဓာကိုယ်က တောင့်တင်းတာ (သို့) ပျော့ခွေသွားတာ၊ စူးဝါးတဲ့ အသံနဲ့ ငိုတာ၊ ပုံမမှန်တဲ့ လှုပ်ရှားမှုတွေ ရှိလာတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

    ကလေးငယ်ရဲ့ အခြေအနေနဲ့ အဝါဓာတ် ပမာဏအရ ဆရာဝန်က မီးချောင်းပြတာ၊ ပြင်းထန်မယ်ဆိုရင် သွေးလဲတာ စတဲ့ ကုသမှုတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

    မွေးကင်းစကလေးငယ်များ အသားဝါ တာက ပေ့ါဆမယ်ဆိုရင် အဝါဓာတ်က ဦးနှောက်ထဲထိ ရောက်သွားနိုင်ပြီး မသန်မစွမ်းဖြစ်ခြင်း ၊ဉာဏ်ရည်ချို့တဲ့ခြင်း တွေအထိ ဖြစ်သွားစေနိုင်တာကြောင့် မိဘတွေအနေနဲ့ ဂရုစိုက်ကြဖို့ အကြံပေးချင်ပါတယ်။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement