backup og meta

နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

    ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင် အပူဒဏ်ကို အံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာက ဘေဘီလေးတွေ မိတ်ထွက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။နွေမှာ မိတ်ထွက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့ မေမေတို့စိုးရိမ်ကြမှာ သေချာတာပေါ့။

    ဒါပေမယ့် မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့ နွေရာသီ အရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ အရည်ကြည်ဖုသေးသေးလေးတွေ၊ အနီဖုလေးတွေတောင် ထွက်တတ်ပါတယ်။

    နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

    မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူဒဏ်ခံနေရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။

    ဒီတော့ ဘေဘီလေးတွေ နွေပူပူမှာ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဘာလို့ မိတ်ပေါက်တာလဲ

    ကလေးရဲ့ ခန္ဓာကိုယ်မှာ ချွေးဂလင်းတွေ ပိတ်ဆို့နေတဲ့အတွက် ထွက်လာတဲ့ ချွေးတွေက အရေပြားမျက်နှာပြင်ထိ မထွက်လာတော့ဘဲ ချွေးငုပ်သွားပါတယ်။ မိတ်ဖုထွက်ခြင်းက ဒီအခြေအနေကို ခန္ဓာကိုယ်က တုံ့ပြန်လိုက်တဲ့ လက္ခဏာပါ။ မိတ်ထွက်တဲ့အခါ ကုတ်ချင်လာအောင် ယားတာ၊ စပ်တာလေးတွေခံစားရနိုင်ပါတယ်။ ဘာလို့မိတ်ပေါက်လဲဆို အပူဒဏ်ခံရတာများလာလို့ပါ။ ကလေးတွေရဲ့အရေပြားမှာ လူကြီးတွေထက် ချွေးပေါက်ပိုကျဉ်းတာမို့လို့ မိတ်ပိုထွက်လွယ်ပါတယ်။

    စိတ်ပူရလား

    စိတ်ပူရတဲ့ ရောဂါလက္ခဏာမဟုတ်ပါဘူး။ ကလေးရဲ့ ခန္ဓာကိုယ်မှာ ပူအိုက်နေတဲ့လက္ခဏာပါ။ ဒါပေမယ့် အပူလွန်ကဲမှုကြောင့် ကလေးမှာဖြစ်လာတဲ့ တခြားလက္ခဏာတွေကိုတော့ သတိထားသင့်ပါတယ်။

    နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

    • အေးအောင်ထားပါ – ချောင်ချောင်ချိချိအဝတ်အစားပဲ ဆင်ပေးပါ။ အေးတဲ့နေရာမှာ နေစေပါ။ နေပူထဲ ခေါ်မသွားပါနဲ့။ ကလေးကို အပူရှိန်တိုက်ရိုက်မထိအောင်၊ အေးမြအောင်ထားပေးပါ။ အဲကွန်း သို့မဟုတ် ပန်ကာ ဖွင့်ထားပေးပါ။
    • မိတ်ဖုတွေကို မပေါက်ပါစေနဲ့ -ရေချိုးပြီးလို့ သုတ်ပေးရင်တောင် တဘက်နဲ့ ပွတ်မသုတ်ပါနဲ့။ မိတ်ဖုလေးတွေ ပေါက်ပြဲကုန်ရင် ကလေးအရေပြားမှာ အဖတ်လန်တာ၊ အနာဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲ တခြားလူးဆေးအဆီတွေ မလူးပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။
    • အရေပြားကို လေဝင်လေထွက် ထိတွေ့နိုင်အောင်ထားပါ – ကလေးအရေပြားကို တတ်နိုင်သလောက် လေနဲ့ထိတွေ့မှုများအောင် ထားပါ။ အဝတ်အစားပွပွဝတ်ပေးတာ၊ ပါးပါးဝတ်ပေးတာ၊ နူးညံ့တဲ့ချည်သားလေးတွေ ဝတ်ပေးပါ။
    • ကလေးလက်သည်းတွေ တိပေးထားပါ – လက်သည်းညှပ်ပေးထားလည်း လက်သည်းအစွန်းတွေ၊ အစောင်းတွေနဲ့ဆို ကလေးက မိတ်ယားလို့ ကုတ်လိုက်ရင် အရေပြားပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် လက်သည်းလေးတွေကို အဖျားတိပေးထားပါ။

    ကြိုတင်ကာကွယ်ဖို့ဆိုရင်

  • ကလေးကို နေပူထဲ သိပ်ခေါ်မသွားပါနဲ့။
  • ရာသီဥတုပူနေချိန်မှာ အဝတ်အစားထူထူ မဝတ်ပေးပါနဲ့။ ပေါ့ပေါ့ပါးပါးအေးတာလေးပဲဆင်ပါ။
  • တတ်နိုင်သလောက် အေးတဲ့နေရာမှာထားပါ။ လေအေးပေးစက် ဒါမှမဟုတ် ပန်ကာကို ကလေးနဲ့ ဦးတည်ချက်လွှဲပြီး အခန်းထဲ အေးအောင်ထားပေးပါ။ အပြင်သွားရမယ်ဆိုရင်တောင် အရိပ်ရတဲ့နေရာမှာနေပါ။
  • ကလေးကို သိပ်တဲ့အခါ အေးပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ။
  • နို့ဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် အသက်အရွယ်အလိုက် ကလေးကို ရေဓာတ်လုံလောက်အောင် တိုက်ကျွေးပါ။
  • လည်ပင်း၊ ပေါင်ကြားတို့လို ကြားဧရိယာတွေမှာ ချွေးစို့၊ စိုစွတ်နေရင် အရေပြားမလောင်အောင် ကလေးသုံး wet tissue လေးနဲ့ ဂရုတစိုက် တို့သုတ်ပေးပါ။ လိုအပ်လာရင် ရေအေးလေးနဲ့ ဆေးကြောပေးပြီး သူ့ဘာသာခြောက်သွေ့အောင် လေသလပ်ထားပေးပါ။
  • ကလေးမှာ ပူအိုက်မှုလွန်ကဲနေလား မကြာမကြာစစ်ဆေးပေးပါ။ ကလေးအသားကို လက်နဲ့စမ်းကြည့်ပါ။ ပူနေလား၊ ချွေးတွေထွက်နေလား သိရမှချွေးထွက်မလွန်အောင်တစ်မျိုး၊ ချွေးငုပ်ပြီး ပူနေရင်တစ်မျိုး လိုသလိုပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။
  • ညဘက်အိပ်တဲ့အခါ ပူအိုက်ရင် ပန်ကာ သို့မဟုတ် လေအေးပေးစက်နဲ့ တိုက်ရိုက်မထိတဲ့နေရာမှာ ထားရပါမယ်။ ကလေးဆီကို လေအေးလေးတွေဝေ့ဝိုက်ရောက်ရှိစေဖို့ပါ။ ဒါမှ သက်သောင့်သက်သာနဲ့ ကလေးကို အေးမြစေမှာဖြစ်ပါတယ်။
  • ဆရာဝန်ပြသင့်လား

    ကလေးရဲ့ အရေပြားပြဿနာက မိတ်ဟုတ်မဟုတ် မသေချာတော့ဘူးဆိုရင်၊ ဥပမာ ဖျားတာလိုမျိုး တခြားလက္ခဏာတွေဖြစ်လာရင်တော့ ဆရာဝန်ပြတာကောင်းပါတယ်။ မိတ်က ရက်အတော်ကြာလာတဲ့အထိ မှေးမှိန်မလျော့သွားဘူးဆိုရင်၊ ပိုဆိုးလာတယ်ဆိုရင် မိတ်မဟုတ်တဲ့ တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါ။

    ကဲ …… နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် အခုလိုသက်သာအောင်လုပ်ပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement