backup og meta

ကလေးငယ်များ ခင်မင်ရင်းနှီးမှုကို နားလည် တည်ဆောက်နိုင်ရန် ကူညီခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်များ ခင်မင်ရင်းနှီးမှုကို နားလည် တည်ဆောက်နိုင်ရန် ကူညီခြင်း

    မိတ်ဆွေဖွဲ့ခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုတွေ ဝေမျှဖို့၊ ခက်ခဲမှုတွေကို အတူကျော်လွှားဖို့၊ အောင်မြင်မှုတွေကို အားပေးချီးမြှင့်ဖို့ မိတ်ဆွေတွေ လိုအပ်ပါတယ်။ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အခန်းဖော်တွေနဲ့ ငယ်သူငယ်ချင်းတွေ စတာတွေဟာ အကောင်းဆုံးမိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိတို့ သားသမီးများကို ခင်မင်ရင်းနှီးမှု၊ မိတ်ဆွေဖွဲ့မှု ကိစ္စရပ်တွေကို နားလည်အောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။

    စံပြဖြစ်အောင်နေပါ

    တခြားသော ပေါင်းသင်းဆက်ဆံရေး ပု့စံတွေလိုပဲ မိတ်ဆွေဖွဲ့ခြင်းဟာလည်း သင်ယူတတ်မြောက်နိုင်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ သင့်ကလေးများဟာ သင်မိတ်ဆွေဖွဲ့ပုံကို တွေ့မြင် အတုခိုးပါလိမ့်မယ်။ အိမ်နီးချင်းတွေဆီ အစားအစာတွေ ယူသွားပေးတာ၊ နေမကောင်းတဲ့ မိတ်ဆွေတွေဆီ သတင်းမေးသွားတာ၊ အဝေးမှာ ရောက်နေတဲ့ မိတ်ဆွေတွေဆီ အမှတ်တရကတ်တွေပို့ပေးတာ စတဲ့ အပြုအမူတွေကို သင်ကြားပေးနိုင်ပါတယ်။ ဒါဟာ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးအတွက် ရှေးဥိးသင်ခန်းစာများပဲ ဖြစ်ပါတယ်။

    သင့်ပုံစံအတိုင်း ကလေးတွေကို ပုံမသွင်းပါနဲ့

    သင့်ကလေးတွေဟာ သင့်မျိုးဆက်ကို ဆက်ခံတာ ဆိုပေမယ့် သင်နဲ့ စိတ်ဝင်စားမှုချင်း မတူနိုင်ပါဘူး။ မိတ်ဆွေ အပေါင်းအသင်း ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ။ သင်ဟာ မိတ်ဆွေများစွာနဲ့ ပျော်ရွှင်နေပေမယ့် သင့်ကလေးဟာ အကောင်းဆုံး သူငယ်ချင်း တယောက်စနှစ်ယောက်စနဲ့ပဲ ပျော်မွေ့နေနိုင်ပါတယ်။

    သူတို့သူငယ်ချင်းတွေ အိမ်ကို လာလည်ပါစေ

    သင့်ကလေးတွေရဲ့ သူငယ်ချင်းများကို အိမ်ကို အလည်ခေါ်တာ ကောင်းကြောင်း ပြောပြထားပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုတွေအရလှုပ်ရှားမှုတချို့ကို ပြင်ဆင်ထားပေးပါ။ သင့်ကလေးရဲ့ သူငယ်ချင်းတွေကို ပိုသိပြီး ပိုမိုနားလည်စေဖို့ အခွင့်ကောင်းပဲ ဖြစ်ပါတယ်။

    ပြသနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ညွှန်ကြားထားပါ

    ပြသနာတချို့ကို မရင်ဆိုင်ရဘဲနဲ့ ပေါင်းသင်းဆက်ဆံရေးဟာ မဖွံ့ဖြိုးနိုင်ပါဘူး။ သင့်ကလေးများဟာ ငယ်လွန်းပြီး သူတို့ရဲ့ စိတ်ခံစားမှုတွေကို သိပ်မထိန်းချုပ်နိုင်ဘူးဆိုတာ နားလည်ထားရမယ့် ကိစ္စပါ။ သူတို့မှာ အခက်အခဲတွေကြုံတိုင်း လမ်းညွှန်မှုတွေပေးပါ။ ပါဝင်စွက်ဖက် ဖြေရှင်းပေးတာမျိုး မလုပ်ပါနဲ့။ ဘေးကပဲရပ်ကြည့်ပြီး အကြံပြုပေးတာ ကောင်းပါတယ်။ ပြသနာတိုင်းမှာ နှစ်ဦးနှစ်ဘက်အမြင်ရှိကြောင်း၊ တခုခု မဆုံးဖြတ်ခင် ကျယ်ကျယ်ပြန့်ပြန့်သိသင့်ကြောင်း ပြောပြထားပါ။

    သူငယ်ချင်းများ ရွေးချယ်ခွင့်ပေးပါ

    တခါတရံမှာ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ တခြားကလေးတွေနဲ့ အတူမဆော့ဖို့ တားမြစ်တာမျိုး ရှိတတ်ပါတယ်။ ဒါဟာ လုံးဝမကောင်းပါဘူး။ ပေါင်းသင်းဆက်ဆံရေး တခုခုဟာ အန္တရာယ်မဖြစ်စေဘူးဆိုရင် သူတို့ကိုယ်ပိုင် ရွေးချယ်ဖို့ ခွင့်ပြုရပါမယ်။

    အနိုင်ကျင့်မခံရပါစေနဲ့

    သူငယ်တန်းအရွယ် ကလေးတွေ တယောက်နဲ့ တယောက် စနောက်ကြတာ ပုံမှန်အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီထက်ကြီးလာရင်တော့ ကွဲပြားတဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်။ အစမခံနိုင် ဖြစ်တာမျိုးတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားတာ မျိုးတွေ ဖြစ်လာတတ်ပါတယ်။ စနောက်တာ၊ အနိုင်ကျင့်တာတွေ ကြုံလာရင် ကလေးတွေရဲ့ ရေရှည် ကျန်းမာပျော်ရွှင်မှုကို ထိခိုက်လာစေပါတယ်။ တကယ်လို့ သင့်ကလေးဟာ သူ့သူငယ်ချင်းများကို စနောက် အနိုင်ကျင့်တာရှိရင် မိမိပျော်ရွှင်လိုမှုဟာ သူတပါးကို မထိခိုက်စေသင့်ကြောင်း ပြောဆိုတားမြစ်ရပါမယ်။ သင့်ကလေးကို တခြားကလေးတွေက အနိုင်ကျင့်တာမျိုးတွေ ရှိရင်လည်း သူတို့မိဘတွေ၊ ဆရာတွေနဲ့ တွေ့ဆုံပြီး ဖြေရှင်းသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement