သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဘေဘီလေးတွေကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့စသိပ်မလဲ

    ဘေဘီလေးတွေကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့စသိပ်မလဲ

    ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာမေမေ၊ဖေဖေတို့မှာပဲဖြစ်တဲ့ခံစားမှုပါ။မေမေ့ဗိုက်ထဲက အသစ်စက်စက်ထွက်လာတဲ့ဘေဘီလေးမှာ ဒီခံစားချက်မရှိပါဘူး။ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ခေါင်းအုံး မအုံးရတာကပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံး အုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။

    မွေးကင်းစ ကလေးအရွယ် ခေါင်းအုံးအုံးဖို့လိုလား

    ဘေဘီလေးကမေမေ့ဗိုက်ထဲမှာခေါင်းအုံးဆိုတာကို မသိဘဲ ကိုးလလောက်နေလာခဲ့တာပါ။ ဒါကြောင့်ခေါင်းအုံး မပါဘဲအိပ်ရတာက သူတို့လေးတွေကိုထွေထွေထူးထူး ခံစားရစေတာမျိုးမရှိပါဘူး။ မိဘမို့ သားသမီးကိုပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာသိပေမယ့် လသားအရွယ်ကလေးတစ်ယောက်အဖို့ နူးညံ့တဲ့ အခင်းကတင် အဆင်ပြေနေပါပြီ။ ဒါကြောင့် လိုရင်းပြောပြရရင်တော့ဘေဘီလေးတို့အိပ်စက်မှုအတွက်ခေါင်းအုံးမလိုပါဘူး။

    လသားအရွယ်ကလေးကို ဘာကြောင့်ခေါင်းအုံး မအုံးခိုင်းတာလဲ

    လသားအရွယ်ကလေးလေးတစ်ယောက်ကခေါင်းနဲ့ လည်ပင်းကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒီလိုအချိန်မှာ ကလေးရဲ့ အိပ်ရာမှာ လိုအပ်တဲ့အရာကလွဲလို့ခေါင်းအုံးအပါအဝင်မလိုအပ်တဲ့အရာတွေကို မထားတာက အကောင်းဆုံးပါ။ ကလေးက ကစားစရာကိုမသိသေးသလို၊ခေါင်းအုံး၊ဖက်လုံးစောင်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ ဒါတွေက သူတို့လေးတွေအတွက် သဘောကျစရာမရှိသလို အခန့်မသင့်ရင်ဘေဘီလေးရဲ့ အသက်အန္တရာယ်ကိုတောင် ဒီပစ္စည်းတွေက ထိခိုက်စေနိုင်ပါတယ်။

    ခေါင်းအုံးကြောင့်ဘေဘီလေးမှာ ဘာထိခိုက်မှုတွေဖြစ်နိုင်လဲ

    ခေါင်းအုံးက ကလေးငယ်ကို ဒီလိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

    • ကလေးကိုမွန်းစေနိုင်တယ်
    • အသက်ရှုကြပ်စေနိုင်တယ်
    • လသားအရွယ်ကလေးငယ်ရုတ်တရက်သေဆုံးနိုင်ခြေများစေတယ်
    • ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တယ်
    • ကလေးရဲ့ကျောရိုးကို ထိခိုက်စေနိုင်တယ်
    • အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တယ်။

    ဘေဘီလေးကို ဘယ်အချိန်မှာခေါင်းအုံးနဲ့သိပ်မလဲ

    ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူတွေကတော့ ကလေးကို အသက် ၂ နှစ်မတိုင်ခင်အထိခေါင်းအုံးနဲ့ မသိပ်တာက အကောင်းဆုံးပါ၊လို့ အကြံပြုထားကြပါတယ်။ ၂ နှစ်အရွယ်မှာခေါင်းအုံးနဲ့ သိပ်မယ်ဆိုရင်တောင်မှာခေါင်းအုံးက ချည်သားနဲ့ချုပ်ထားတဲ့ခပ်ပါးပါးခေါင်းအုံးကအဆင်ပြေဆုံးပါ။ ကလေးကို လူကြီးခေါင်းအုံးတွေနဲ့လည်းပေးမအိပ်သင့်ပါဘူး။ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ခေါင်းအုံး ခပ်သေးသေးလေးက အဆင်ပြေဆုံးဖြစ်မှာပါ။

    ကလေးကိုခေါင်းအုံးနဲ့သိပ်တဲ့အချိန်မှာလည်း ကလေးရဲ့ အိပ်စက်မှုအနေအထားကို အမြဲသတိထားပေးပါ။ ကလေးကမှောက်ရက်အနေအထားနဲ့ အိပ်တဲ့အခါ နှာခေါင်းကို ဖိမိနေတာမျိုး မဖြစ်စေဖို့စောင့်ကြည့်ပေးပါ။ ကလေးရဲ့ အိပ်ရာထဲမှာ မလိုအပ်ဘဲခေါင်းအုံးအပိုတွေထားပေးတာ၊စောင်တွေထားတာ၊ အရုပ်တွေထားတာမျိုးမလုပ်ပါနဲ့။ ကလေးကို အသက်ရှုကြပ်တာ။ မတော်တဆသေဆုံးတာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပါ။

    ခေါင်းအုံးမှာပါတဲ့ ငှက်မွှေးလိုအရာတွေ၊ ဆီလီကွန်တွေက ကလေးနဲ့ဓါတ်မတည့်တာမျိုးဖြစ်နိုင်သလိုခေါင်းအုံးနဲ့ အိပ်ရာခင်းတွေ အရုပ်တွေမှာ ကပ်ညှိနေတဲ့ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေကလည်း ကလေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အသက် ၂ နှစ်မပြည့်ခင်အထိ သန့်ရှင်းနူညံ့ တဲ့အခင်း၊ ပုခက်တို့နဲ့ပဲသိပ်ပေးပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    How Old Should a Baby Be Before Using a Pillow?https://healthfully.com/557071-how-old-should-a-baby-be-before-using-a-pillow.html Accessed Date 6 May 2019

    Safe and Sound: When to Give a Baby a Pillowhttps://www.popsugar.com/family/When-Give-Baby-Pillow-27331279 Accessed Date 6 May 2019

    Should Babies Sleep Using Pillows?https://parenting.firstcry.com/articles/when-to-use-pillow-for-baby/ Accessed Date 6 May 2019

    Why Babies Shouldn’t Use Pillowshttps://youaremom.com/babies/why-babies-shouldnt-use-pillows/ Accessed Date 6 May 2019

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: