ဆယ်ကျော်သက်တွေ ကြားထဲမှာ ခေတ်စားနေတာက puberty hit ဆိုတဲ့ စကားရပ်လေး ရှိပါတယ်။ အရင်က ပုပုသေးသေး ကောင်မလေးက ခုမှ အရပ်တွေရှည်ပြီး လှလာတယ်လို့၊ ပိန်ပိန်ညှက်ညှက်ကောင်လေးက ယောက်ျားပီသတဲ့ ရုပ်လေး ထွက်လာတယ်တို့ပေါ့။
ဆယ်ကျော်သက်တွေ ကြားထဲမှာ ခေတ်စားနေတာက puberty hit ဆိုတဲ့ စကားရပ်လေး ရှိပါတယ်။ အရင်က ပုပုသေးသေး ကောင်မလေးက ခုမှ အရပ်တွေရှည်ပြီး လှလာတယ်လို့၊ ပိန်ပိန်ညှက်ညှက်ကောင်လေးက ယောက်ျားပီသတဲ့ ရုပ်လေး ထွက်လာတယ်တို့ပေါ့။

အပျိုဖော် လူပျိုဖော်ဝင်တယ် (puberty)ဆိုတာ လူတိုင်း ကျော်ဖြတ်ရမယ့် ကိစ္စပေမယ့် လူတိုင်းကတော့ puberty hitချင်မှ hitမှာပါ။ လူတိုင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။ ဒါဟာ ဘာကြောင့်များပါလိမ့်။
ပျိုဖော်ဝင်ချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်စေတာက အောက်ကအချက်တွေကြောင့်ပါ။
အပျိုဖော်ဝင်တော့မယ်ဆိုရင် ဦးနှာက်ထဲမှာရှိတဲ့ ဟော်မုန်းထိန်းချုပ်ရာ ဌာနချုပ်ကြီး ဟိုက်ပိုသလမက် (hypothalamus) က စပြီး လှုပ်ရှားလာပါပြီ။ သူ့ရဲ့ အမိန့်ပေးမှုနဲ့ ကောင်မလေးတွေရဲ့ သားဥအိမ်၊ ကောင်လေးတွေရဲ့ ဝှေးစေ့ကနေ အီစထရိုဂျင်တို့၊ တက်စတိုစတီရုန်းတို့ ထွက်ပြီး သူတို့ရဲ့ ပြောင်းလဲမှုတွေကို စတင် ပုံဖော်ပါတော့တယ်။
မိန်းကလေးတွေရဲ့ ကိုယ်နံ့နဲ့ ဆီးခုံမွေးပေါက်တာကိုတော့ အဒရီနယ်ဂလင်း (adrenal glands)က ထွက်တဲ့ ဟော်မုန်းတွေနဲ့ ထိန်းချုပ်ထားပါတယ်တဲ့။
ကိုယ်က ဘယ်လောက်ပဲ အရပ်ရှည်ချင် ရှည်ချင် ကိုယ့်ရဲ့ မိဘတွေက သာမန်ပဲဆိုရင် ကိုယ်လည်း သာမန်ပဲ အရပ်ထွက်မှာပါ။ နည်းနည်းပါးပါးတော့ ပြုပြင်လို့ ရပါတယ်။
ငယ်ဘဝတည်းက တကုတ်ကုတ်နဲ့ အိမ်မှာနေနေတဲ့ ကလေးတွေထက်စာရင် ပြေးလွှားခုန်ပေါက် ကစားနေတဲ့ ကလေးတွေက အရိုးအဆစ်တွေ ပိုသန်မာပြီး အရပ်ရှည်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် ထူးဆန်းတာက လေ့ကျင့်ခန်းအလွန်အကျွံလုပ်တဲ့ ကလေးတွေကျ ပျိုဖော်ဝင်ချိန် နောက်ကျပါတယ်တဲ့။
ကလေးဘဝတည်းက မျှတတဲ့ အာဟာရကို ရခဲ့မယ်ဆိုရင် puberty hitဖို့ဆိုတာ သိပ်ခက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
စိတ်ဖိစီးမှုနည်းတဲ့ ကလေးတွေက ပုံမှန်အတိုင်းပဲအပျိုဖော်၊ လူပျိုဖော်ဝင်ပြီး ကြီးထွားလာကြပါသတဲ့။
အရပ်တွေ ရှည်လာမှ၊ ချောလာမှ puberty hitတာ မဟုတ်ပါဘူး။ အောက်က ပြောင်းလဲမှုတွေကလည်း puberty hitခြင်းရဲ့ လက္ခဏာတွေပါပဲ။
မိန်းကလေး
မိန်းကလေးတွေက ယောက်ျားလေးတွေထက် အပျိုဖော်ဝင်တာ ပိုစောပါတယ်။ ၈နှစ်ကနေ ၁၃နှစ်အတွင်းမှာ အပျိုဖော်ဝင်တတ်ပါတယ်။ အဓိက ဇာတ်လိုက်ကြီးကတော့ သားဥအိမ်ကထွက်လာတဲ့ အီစထရိုဂျင်ပေါ့။ သူ့ကြောင့်ပဲ အမျိုးသမီးဘဝက ပိုပြီးပီပြင်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အပြင် အနာဂတ်မှာ ကျန်းမာတဲ့ မိခင်လောင်းဖြစ်လာနိုင်အောင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။
အရင်ဆုံး ရင်သားတွေ ဖွံ့ဖြိုးလာမယ်။ နှစ်နှစ်အတွင်းမှာပဲ ရာသီစလာမယ်။ ဒါ့ပြင် ကိုယ်လုံးကိုယ်ပေါက်ထွက်လာမယ်။ တင်တွေ ကားလာမယ်။ နည်းနည်း ပြည့်လာမယ်။ ဝက်ခြံလေးတွေ စထွက်လာမယ်။ အရပ်တွေ ရှည်ထွက်လာမယ်။ အရင်က ပုသေးသေး ကောင်မလေးက မိန်းကလေး တစ်ယောက်လို ပြောင်းလဲလာပါမယ်။
ယောကျာ်းလေး
ကောင်လေးတွေက လူပျိုဖော်ဝင်တာ ကောင်မလေးတွေထက် နောက်ကျပါတယ်။ ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ ဖြစ်တာပါ။ ဒါကြောင့် ကောင်မလေးတွေ အရပ်ရှည်ထွက်ချိန်မှာ သူတို့က ဒီတိုင်းပဲ ကျန်ခဲ့ပြီး နောက်သူ့အချိန်ရောက်မှ ကြီးထွားလာကြပါတယ်။ အဓိကကတော့ ဝှေးစေ့က ထုတ်ပေးလိုက်တဲ့ တက်စတိုစတီရုန်းဆိုတဲ့ ဟော်မုန်းကြောင့်ပါပဲ။
အရင်ဆုံး ဝှေးစေ့အရွယ်အစား ကြီးလာမယ်။ လိင်တံလည်း အရင်ကထက် ပိုကြီးလာမယ်။ ဆီးခုံမွေးတွေ ပေါက်လာမယ်။ နောက်မှ ဖြည်းဖြည်းချင်း အရပ်တွေ ရှည်လာမယ်။ အသံသြလာမယ်။ အမွေးတွေ ပေါက်လာမယ်။ ကိုယ်နံ့ပြင်းလာမယ်။ ကြွက်သားတွေ တက်လာမယ်။ လိင်တံထောင်မတ်ပြီး သုက်လည်းလွှတ်တတ်လာမယ် စတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာပါ။
Puberty hitတယ်ဆိုတာက လူအများတွေးသလို အရင်ပုံနဲ့ မတူဘဲ လုံးဝကွဲထွက်သွားတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ပျိုဖော်ဝင်ချိန် ပြောင်းလဲမှုတွေ ရှိရင် ဒါPuberty hitတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပြောင်းလဲမှု မရှိလို့ စိတ်ညစ်စရာ မလိုပါဘူး။ ပျိုဖော်ဝင်ချိန် နောက်ကျတယ် ဒါမှမဟုတ် သူများတွေလို ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူးလို့ယူဆရင်
Puberty hitခြင်း မhitခြင်းဆိုတာက လှခြင်း၊ အရပ်ရှည်ခြင်း သက်သက်ပဲ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့ အမျိုးသား၊ အမျိုးသမီး တစ်ယောက်ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုပါပဲ။ ကိုယ်က သူများတွေလို Puberty မhitလို့လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ကျန်းမာပြီး ပျော်ရွှင်တဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့ပဲ လိုပါတယ်။