backup og meta

ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့မေမေ သိထားသင့်တဲ့အချက် (၅) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့မေမေ သိထားသင့်တဲ့အချက် (၅) ချက်

    ပိုးမွေးသလိုမွေးလာခဲ့ရတဲ့ ငါ့ကလေးတောင်တော်တော်အရွယ်ရောက်လာပြီပဲလို့ ကိုယ့်သမီးလေးကို ထိုင်ကြည့်ပြီးတွေးမိဖူးလား။

    ကလေးဘဝကနေ လူကြီးတစ်ယောက်အဖြစ်ကိုကူးပြောင်းဖို့က ဆယ်ကျော်သက် သို့မဟုတ်မြီးကောင်ပေါက်အရွယ်လို့ခေါ်တဲ့ စပ်ကူးမပ်ကူးကာလကိုကျော်ဖြတ်ရပါသေးတယ်။ ငယ်ငယ်က ဘယ်လိုပဲ ဂရုစိုက်ကျွေးမွေးလာခဲ့ပါစေ ဒီအချိန်မှာ ဂရုစိုက်ပျိုးထောင်ပေးတာကသမီးလေးရဲ့နောက်ပိုင်းဘဝအတွက် သိပ်ကိုအရေးကြီးတဲ့ကာလအပိုင်းအခြားပါ။ ဘာလို့ဆို အပျိုဖော်ဝင်တော့မှာကိုး။ ပျိုဖော်ဝင်ရင်ဟော်မုန်းအပြောင်းအလဲတွေဖြစ်မယ်၊ ခန္ဓါကိုယ်မှာအပြောင်းအလဲတွေဖြစ်မယ်၊ လူကြီးတစ်ယောက်ဖြစ်လာဖို့ အပြည့်အဝဖွံ့ဖြိုးတော့မယ့်အချိန်လေ။

    ဒါသဘာဝပဲ၊ သူ့ဘာသူအချိန်တန်တော့ဖြစ်လာလိမ့်မယ်လို့ မေမေတို့ဘက်က ပေါ့ပေါ့ထားလိုက်ပြီး မသိလိုက်မသိဘာသာနေလို့ မဖြစ်ပါဘူးနော်။မေမေ့မေတ္တာနဲ့နွေးထွေးမှုတွေက သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ခွန်အားတွေဆိုတာ မမေ့လိုက်ပါနဲ့။ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သမီးလေးမှာကြုံလာရမယ့် စိတ်ပိုင်းဆိုင်ရာအခက်အခဲ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်တာမေမေပါပဲ။ ဒီလို ကူညီနိုင်ဖို့ ကိုယ့်တုန်းက အတွေ့အကြုံတွေနဲ့ယှဉ်ပြီး သူတို့ကို နားလည်ပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်သမီးလေးရှိတဲ့မေမေတိုင်း ဒီ (၅) ချက်ကို သတိရသင့်ပါတယ်။ စပ်ကူးမပ်ကူးကာလမှာ ကလေးက –

    () ပျိုဖော်ဝင်တဲ့အပြောင်းအလဲတွေကြောင့် အခက်အခဲရှိနေနိုင်တယ်

    မိန်းကလေးတွေပျိုဖော်ဝင်တဲ့အခါ ခန္ဓါကိုယ်မှာဖြစ်လာတတ်တဲ့ အပြောင်းအလဲတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး ရှက်ရွံ့တာ၊ နေရထိုင်ရခက်တာ၊ စိတ်ညစ်တာ၊ကြောက်စိတ်ဝင်တာ၊ လူကြားထဲမသွားရဲတာတွေဖြစ်တတ်ပါတယ်။ ဥပမာ ရင်သားဖွံ့ဖြိုးလာတဲ့အခါ အရင်လိုရှင်မီးလေးဝတ်ရတဲ့အစား လူကြီးအတွင်းခံကိုပြောင်းဝတ်ရတာ သူတို့အဆင်မပြေဖြစ်နေတတ်တယ်။ ခန္ဓါကိုယ်ကပြောင်းလဲလာတာတွေကို ဖုံးကွယ်ချင်နေတတ်ပါတယ်။ ဒီလိုပြောင်းလဲတာဟာ စိတ်ညစ်စရာမဟုတ်သလို ဖုံးကွယ်ဖျောက်ဖျက်လို့လည်းမရတဲ့ သဘာဝသာဖြစ်တဲ့အကြောင်းမေမေတို့က နားချရှင်းပြပေးရမှာပေါ့။ လှပတဲ့ပန်းကလေးတွေဖြစ်လာဖို့ ဖူးပွင့်ကာစအချိန်ဖြစ်တဲ့အကြောင်း သမီးလေးတွေ နားလည်သွားတဲ့အထိ။

    () စိတ်ခံစားချက် မတည်မငြိမ်ဖြစ်နေတတ်တယ်

    ကလေးမဟုတ်တော့ပေမယ့် လူကြီးလည်းမဖြစ်သေးတဲ့မြီးကောင်ပေါက်အရွယ်မှာ သူတို့ရဲ့အတွေးတွေကလည်း ဟိုလိုလို၊ဒီလိုလို။ စိတ်ခံစားချက်ကလည်း အပြောင်းအလဲမြန်ပါတယ်။ပြောင်းလဲလာတဲ့ကိုယ့်ကိုယ်ကိုယ်စိတ်ရှုပ်တာ၊ အပေါင်းအသင်းသူငယ်ချင်းတွေကြားမှာ အဆင်မပြေတာ၊ ပညာရေးမှာလည်း စိတ်အလိုမကျတာ စတဲ့ စိတ်အတက်အကျတွေလည်းဖြစ်တတ်တဲ့အရွယ်ပါ။ ဒီလိုအချိန် ကလေးကို ဖိအားအတင်းမပေးဘဲ နားလည်ပေးပါ၊ အားပေးပါ။ တစ်ခါတလေ ကိုယ်ပိုင်လွတ်လပ်မှုကို လိုချင်တတ်လို့ သီးခြားနေဖို့လည်းအချိန်ပေးပါ။

    () ရာသီပန်းနဲ့ပတ်သက်တဲ့ အတွေးမှားတွေ ရှိတတ်တယ်

    ရာသီသွေးပေါ်တာကြောက်စရာ၊စိတ်ညစ်စရာမဟုတ်တဲ့အကြောင်း၊ သဘာဝတရားက မိန်းကလေးတွေအတွက်ပေးတဲ့လက်ဆောင်ဖြစ်တဲ့အကြောင်း သမီးလေးကိုပြောပြပါ။ သူတို့လေးတွေမှာဖြစ်တဲ့ အတွေးမှားက ရာသီလာတာကိုစိတ်ညစ်ရတဲ့အတွက် ရာသီသွေးကိုချုပ်စေ ၊ ထိန်စေနိုင်တယ်ဆိုတဲ့အရာတွေ စားပစ်မယ်ဆိုတာမျိုး၊ အအေးမခံနဲ့ ဆိုရင် အအေးထဲတမင်နေကြတာမျိုး၊ ရာသီလာချိန်ဒါတွေမစားနဲ့ဆို စားတယ်မျိုးတွေလုပ်တတ်ကြပါတယ်။ ရာသီသွေးတကယ်ရပ်မရပ်ဆိုတာထက် ကျန်းမာရေးထိခိုက်နိုင်တဲ့အပြုအမူတွေဖြစ်နေမှာကို စိုးရိမ်ရပါတယ်။ အတွေးမှားတွေ၊ လုပ်ရပ်မှားတွေရဲ့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေအကြောင်း နားလည်အောင်ရှင်းပြပေးရပါမယ်။

    () ကျန်းမာတဲ့ ဖွံ့ဖြိုးမှုအတွက် အာဟာရအထောက်အပံ့လိုအပ်တယ်

    သမီးလေးရဲ့တစ်သက်တာအတွက် အရွယ်ကူးပြောင်းကာစ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ပေးဖို့လိုနေပါပြီ။ ဥပမာ ရာသီစလာတဲ့အချိန်မှာ ကလေးကသွေးအားနည်းနေလို့မဖြစ်ပါဘူး။ သံဓါတ်မချို့တဲ့အောင်၊ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်မယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြည့်အဝရအောင်ထောက်ပံ့ပေးဖို့ကမေမေ့တာဝန်ပါ။ ဒီအရွယ်မှာ ပိုလိုအပ်မယ့် အာဟာရဓါတ်တွေအတွက် ဗီတာမင်နဲ့သတ္တုဓါတ် တွေအပြင် သမီးလေးတို့အတွက် သံဓါတ်မချို့တဲ့အောင်ကာကွယ်ပေးမယ့် ဖြည့်စွက်အားဆေးတစ်မျိုးမျိုးကိုလည်း တိုက်ကျွေးဖို့လိုအပ်ပါတယ်။

    () စူးစမ်းချင်၊ စမ်းသပ်ချင်တယ်

    မြီးကောင်ပေါက်အရွယ်ဆိုတော့ တင့်တင့်တို့အရွယ်ဆိုတဲ့အတိုင်း မနူးမနပ်လေးတွေပါ။ အပြောင်းအလဲတွေကြားမှာ တလွဲစိတ်ကစားမိတာမျိုးမဖြစ်အောင် ထိန်းပေးဖို့လိုပါတယ်။ ထိန်းတယ်ဆိုတာ ထိန်းချုပ်ဖို့ထက် သမီးလေးတွေကို အသိပညာပေးပြီး နားလည်စေတာ အကောင်းဆုံးပါ။ လွတ်လပ်ခွင့်ကိုတောင့်တတတ်တဲ့ဒီအရွယ်မှာ အသိပညာပဲပေးပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်အောင် သင်ပေးပါ။မေမေ့ရင်ခွင်ကနေ လစ်ထွက်မသွားအောင် ရင်းနှီးမှုနဲ့ထွေးပွေ့ထားပါ။

    သမီးလေးကိုချစ်တဲ့မေမေတွေ ဒီဆောင်းပါးလေးဖတ်ပြီး မိသားစုမှာ ပိုအဆင်ပြေနိုင်ပါစေလို့မျှော်လင့်ပါတယ်နော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement