backup og meta

သင့်ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင် ဘယ်လိုလုပ်သင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင် ဘယ်လိုလုပ်သင့်သလဲ

    ကလေးတွေကို အသီးအရွက်တွေ၊ သစ်သီးတွေ အသာတကြည်စားအောင်ကျွေးဖို့ဆိုတာ မိဘတိုင်းအတွက် ပြင်းထန်တဲ့တိုက်ပွဲပါပဲ။ တချို့မိဘတွေက ကလေးတွေဘာမှ မစားတော့မှာစိုးတဲ့အတွက် အသီးအရွက်တွေကို ထမင်းစားပွဲကနေ လုံးဝဖယ်ထုတ်ထားတတ်ကြပါတယ်။ ဒါဟာ မှန်ကန်တဲ့ဖြေရှင်းမှုတော့ မဟုတ်ပါဖူး။ ဒီလိုလုပ်ရင် ကြာလာလေ ပိုဆိုးလာလေပဲ ဖြစ်မှာပါ။

    သင့်ကလေး အသီးအရွက်တွေကို စားချင်လာအောင် ဘယ်လိုဆွဲဆောင်သိမ်းသွင်းမလဲဆိုတာ ဒီဆောင်းပါးမှာ အကြံဉာဏ်တချို့ပေးထားပါတယ်။

    ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေရဲ့အရေးပါမှု

    သူတို့တွေဟာ အမျှင်ဓါတ်ကို အဓိကပေးနိုင်တဲ့ တာရှည်ခံဆေးဝါးတွေလုံးဝမပါဝင်သော သဘာဝထွက်ကုန် အစားအစာတွေဖြစ်ကြတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုလည်း အလျှံပယ်ပေးစွမ်းနိုင်ပါသေးတယ် ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေဟာ ဝမ်းမှန်စေပြီး အဝလွန်တာကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

    ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေပုံမှန်ကျွေးမယ်ဆိုရင် ကင်ဆာရောဂါတွေဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံး၊ သွေးတိုးစတဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်ခေတ်ပိုင်းရဲ့ အစားအသောက်ပုံစံဟာ ကစီဓါတ်တွေ၊ ကယ်လ်လိုရီတွေ အရမ်းများတဲ့အတွက် ရောဂါဘယတွေ ဖြစ်လွယ်စေပါတယ်။ ဒီလိုရောဂါဘယတွေဘေးက ကင်းဝေးရလေအောင် သင့်ကလေးကို သင့်တင့်မျှတမှန်ကန်တဲ့ အစားအသောက် စားသုံးမှုပုံစံ (ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ စားတာအပါအဝင်ပေါ့)နဲ့ကျွေးမွေးရပါမယ်။

    သင့်ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင် ဘယ်လိုလုပ်သင့်သလဲ

    ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင်

    စံနမူနာပြပါ

    သိထားရမှာက သင်ကိုယ်တိုင်ရဲ့ စားသောက်မှုပုံစံက ကလေးတွေရဲ့စားသောက်မှုပုံစံကို လွှမ်းမိုးမှုရှိစေတယ်ဆိုတာပါပဲ။ သင်ကိုယ်တိုင်က ဘာဂါတွေ၊ ကြက်ကြော်တွေ၊ ပီဇာတွေ ပါးဖြဲနားဖြဲစားပြီး ကလေးတွေကိုတော့ အသီးအရွက်တွေပဲ စားရမယ် သွားလုပ်လို့မရပါဘူး။ မိဘတွေက စံပြဖြစ်ပါစေ။ အိမ်မှာထမင်းစားတဲ့အချိန်တွေမှာလည်း အပြောနဲ့မဟုတ်အလုပ်နဲ့သက်သေပြပါ။ သင်တို့ကိုယ်တိုင် ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို အဓိကစားပြပါ။ ကလေးတွေရဲ့ စားသောက်မှုပုံစံကိုပြောင်းလဲပေးဖို့ဆိုရင် မိသားစုထမင်းစားချိန်ကို ဦးစားပေးအဖြစ်ထားပါ။

    လက်စုံထမင်းစာတဲ့အချိန်မှာ သင်ကိုယ်တိုင် (ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေအပါအဝင်) အာဟာရရှိတဲ့ အစားအသောက်တွေကိုစားတာ သူတို့လေးတွေ မြင်ပါစေ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ကလေးအများစုဟာ သူတို့မိဘတွေ စားတာနဲ့သူငယ်ချင်းတွေ စားတဲ့ အစားအစာတွေကို လိုက်ပြီး စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့လေးတွေရဲ့ ဘော်ဒါလေးတွေကို အိမ်မှာထမင်းဖိတ်ကျွေးပြီး ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ များများစားလာအောင် တိုက်တွန်းအားပေးပါ။

    ကလေးအတွက်ပြင်ဆင်ပေးတဲ့ အစားအသောက်တွေထဲမှာ DHAဖြစ်တဲ့ omega-3 fatty acid ပါဝင်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုးတို့ကို ထည့်သွင်းပြင်ဆင်ပေးဖို့လိုပါမယ်။ ဒါမှ ကလေးရဲ့ ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ အသီးအရွက်တွေမှာပါတဲ့ အမျှင်ဓါတ်တွေက ကလေးရဲ့ အစာခြေစနစ်အတွက် အထောက်အကူပြုပေးပါတယ်။

    ဆန်းသစ်တီထွင်မှု ရှိပါစေ

    မိဘတွေအနေနဲ့ ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ ရအောင်ကျွေးတဲ့နေရာမှာ တီထွင်ဖန်တီးဆန်းသစ်မှုရှိဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဥပမာ ကလေးနဲ့ဒိုင်နိုဆောကြီး လုပ်တမ်းကစားပါ။ သင့်ကလေးဟာ ဒိုင်နိုဆောကြီးဖြစ်ပြီး သူ့အနေနဲ့ အရွယ်ပိုကြီးလာအောင်နဲ့ပါဝါတွေပိုပြီးကြမ်းလာအောင် မှော်ဝင်သစ်ပင် ငါးပင်စားဖို့လိုတယ် ဘာညာစသဖြင့်ပေါ့။

    ဒီလိုမျိုးလေးတွေ ဖန်တီးပေးရင် ကလေးအနေနဲ့လည်း ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ ကိုစားဖို့ ပိုပြီး စိတ်အားထက်သန်လာနိုင်စရာ ရှိပါတယ်။ ကလေးဆိုတာ အဆော့မက်၊ အပျော်မက်တဲ့အမျိုးမို့သူတို့လေးတွေပျော်အောင် ကစားနည်းလေးတွေနဲ့ ဆွဲဆောင်ပေးမယ်ဆိုရင် သင်စားစေချင်တဲ့ အရာတွေကိုစားဖို့တွန်းအားဖြစ်စေမှာပါ။

    နောက်စိတ်ဝင်စားဖို့ကောင်းတဲ့နည်းလမ်းတခုက အစားအသောက်ဝယ်ခြမ်းပြင်ဆင်တဲ့နေရာမှာ ကလေးတွေကိုယ်တိုင် ပါဝင်စေတာပါပဲ။ ဈေးသွားတဲ့အခါ ဒါမှမဟုတ် အိမ်နားက ကုန်စုံဆိုင်သွားတဲ့အခါ သူတို့လေးတွေကို ခေါ်သွားပြီး ဟင်းချက်စရာဝယ်တဲ့အခါမှာလည်း သူတို့ကိုယ်တိုင် ရွေးချယ်နိုင်ဖို့လမ်းညွှန်ပေးပါ။ ဟင်းချက်ရာမှာလည်း သူတို့ကို ပါဝင်စေခြင်းဟာလည်း ထမင်းစားချိန်အတွက် တက်ကြွစေနိုင်ပါတယ်။

    သင့်မှာ အချိန်ပိုပိုလျှံလျှံရှိတယ်ဆိုရင် သင့်ကလေးတွေနဲ့အတူတူ ခြံထဲမှာ ဥယျာဉ်လေးတစ်ခု ပြုလုပ်နိုင်ပြီး အပင်လေးတွေကို ဘယ်လိုစိုက်ပျိုးရမယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကိုသင်ပေးနိုင်ပါတယ်။ အချိန်တန်တဲ့အခါ ဥယျာဉ်ထဲမှာစိုက်ထားတာလေးတွေကို သူတို့ကိုယ်တိုင်ခူးစေပြီး မိသားစုအတူတူစားဖို့ ပြင်ဆင်ခိုင်းလို့ရပါတယ်။ မုန်လာဥနီလေးတွေ၊ ပဲလေးတွေကို ရေဆေးတာ ဒါမှမဟုတ် ဟင်းရွက်သင်တာလေးတွေကို ပေးလုပ်ခြင်းအားဖြင့် ကလေးတွေအနေနဲ့ ပိုစိတ်လှုပ်ရှားလာစေနိုင်ပြီး ဒါငါတို့ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ခူးပြီး ကိုယ်တိုင်ချက်ထားတာကွလို့ပျော်ရွှင်စွာဂုဏ်ယူစေနိုင်မှာပဲ ဖြစ်ပါတယ်။

    အရောင်စုံလေးတွေ စားကြည့်ဖို့တိုက်တွန်းပါ

    ကလေးတွေဟာ အရောင်တောက်ပစုံလင်တာကို သဘောကျတတ်ကြတာကြောင့် သင့်အနေနဲ့ဟင်းသီးဟင်းရွက်၊ ပဲအရောင်စုံလေးတွေကိုသူ့ပန်းကန်လေးထဲထည့်စားဖို့ကိုသွေးဆောင်ကြည့်နိုင်ပါတယ်။ ဒါတင်မကသေးပါဖူး။ ကလေးရဲ့အစားအစာတွေကိုနေပုံစံ၊ ပြုံးနေတဲ့မျက်နှာလေးပုံစံဒါမှမဟုတ်အသည်းပုံလေးစသဖြင့်လည်းပုံလေးတွေဖော်ပေးနိုင်ပါသေးတယ်။

    လူကြီးတွေကိုအရသာခံစားကြပေမယ့်ကလေးတွေအတွက်တော့ လှလှလေးတွေဖြစ်ဖို့ပိုအရေးကြီးလို့ပါ။ ဒီလိုနည်းလေးတွေ သုံးကြည့်မယ်ဆိုရင် ထမင်းစားချိန်တွေဟာ ပိုပျော်ဖို့ကောင်းလာပြီးသင့်ကလေးလည်း သင်စားစေချင်တဲ့ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေကိုပိုပြီးစားလာမှာ အသေအချာပါပဲ။

    စိတ်ရှည်သည်းခံပြီး အကြိမ်ကြိမ်ကျွေးကြည့်ပါ

    တကယ်လို့ အပေါ်ကနည်းလမ်းတွေရော၊ တခြားနည်းလမ်းတွေရော သုံးတာတောင် သင့်ကလေးအနေနဲ့သင်ဆန္ဒရှိသလောက်၊ လိုအပ်သလောက်မစားတဲ့အတွက် လေးငါးရက်လောက်တော့ အသီးအရွက်တွေမပါဘဲကျွေးမယ်ဆိုပြီး မစဉ်းစားလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ အကျင့်ပါသွားမှာစိုးလို့ပါ။ ဒီလိုလုပ်မယ့်အစား တခြားသင့်တော်ပြီး အန္တရာယ်ကင်းတဲ့ အစားအစာတွေကို ရွေးချယ်ခိုင်းနိုင်သလို ညအိပ်ယာဝင်ချိန်မှာလည်း တခြား သရေစာလေးတွေ ကျွေးရင်း သူတို့ကြိုက်တတ်တဲ့ သစ်သီးလေးတွေကိုပါ ကျွေးကြည့်နိုင်ပါတယ်။

    ပြောချင်တာကတော့ စိတ်ရှည်ရှည်ထားပါ။ ကလေးတွေအနေနဲ့ အသီးအရွက်နဲ့သစ်သီးတွေစားတာကိုပျော်ဖို့ကောင်းတယ်လို့ ထင်မြင်ယူဆလာတဲ့အထိ ထမင်းကြီးစားချိန်၊ အဆာပြေစားချိန်တွေမှာ အသီးအရွက်နဲ့သစ်သီးအမျိုးမျိုးကို ထည့်ကျွေးပါ။

    အပြစ်ပေးတာမျိုး၊ ဆူပူတာမျိုး၊ အတင်းအကြပ်ခိုင်းတာမျိုးဟာ ကလေးတွေအစာစားဖို့ကြောက်လန့်သွားစေရုံကလွဲပြီး တခြားဘာအကျိုးကျေးဇူးမှ ရမလာစေနိုင်ပါဖူး။

    တချို့ကလေးတွေက ကျွေးရလွယ်သလို တချို့ကလေးတွေကျပြန်တော့လည်း အစားအသောက်ဂျီးများပါတယ်။ ဒါကြောင့် ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေများများစားစေဖို့ဆိုရင် မိဘတွေအနေနဲ့နည်းမျိုးစုံကြံဆအားထုတ်ဖို့တော့ အထူးလိုအပ်ပါတယ်။ ပင်ပန်းကောင်းပင်ပန်းမယ်ဆိုပေမယ့် ဒါဟာ သူတို့လေးတွေ ဘဝတာတလျှောက်လုံး အလေ့အကျင့်ဖြစ်သွားဖို့နဲ့ကျန်းမာသန်စွမ်းဖို့အတွက် ဖြစ်တာမို့ပင်ပန်းရတာ ထိုက်တန်ပါတယ်။ ကလေးတွေအနေနဲ့အသီးအရွက်တွေကို ပျော်ပျော်ကြီးစားလာအောင် အမျိုးမျိုးဖန်တီးပေးပါ။ သင်အပင်ပန်းခံရင်ခံသလောက်သူတို့လေးတွေအကျိုးခံစားရမှာမို့အားတင်းထားပါ။

    ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင် ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement