backup og meta

ရောဂါတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ စားသောက်မှုပုံစံ ကဘယ်လို အရေးကြီးသလဲ။


Ye Zon Aung မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ စားသောက်မှုပုံစံ ကဘယ်လို အရေးကြီးသလဲ။

    ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကယ်လ်လိုရီတွေ၊ အာဟာရဓာတ်တွေကို အစားအသောက်မှီဝဲမှုကနေ အဓိက ဖြည့်တင်းရပါတယ်။ ဒါကြောင့် စားသောက်နေထိုင်မှုပုံစံက လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါလှတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ရင် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ပြီး ရောဂါအမျိုးမျိုးတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

    ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ခြင်းဆိုတာက ဘာလဲ

    ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ခြင်းဟာ ကိုယ်အလေးချိန် တက်ဖို့၊ ကျဖို့ သက်သက်မဟုတ်ပါဘူး။

    ကျန်းမာတဲ့ကိုယ်ခန္ဓာ တစ်ခုဖြစ်နေစေဖို့ အစာအာဟာရကို သင့်တင့်မျှတစွာ ချင့်ချိန် စားသုံးခြင်းကို ခေါ်တာပါ။ အလွန်အကျွံစားတာရော နည်းနည်းလေး စားတာရော မဟုတ်ဘဲ အာဟာရလည်းပြည့်ဝအောင် မှန်ကန်တဲ့ ကိုယ်အလေးချိန်လည်းဖြစ်အောင် စားသုံးခြင်းဖြစ်ပါတယ်။ တခြား အကြောင်းပြချက်တွေလည်းရှိပါသေးတယ်။ ကိုယ်ခံအားကောင်းဖို့၊ သွေးအားကောင်းဖို့စသဖြင့်ပေါ့။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ဘယ်လိုနည်းမှန်လမ်းမှန် လိုက်နာမလဲ

    တကယ်လို့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် သူ့ရဲ့ ကိုယ်ခံအားဟာ ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေမှာ ဖြစ်ပါတယ်။

    ဒီလိုမျိုး ထောက်ကူပေးနိုင်တဲ့၊ Dietitian တွေကလက်ခံ စားသုံးနေတဲ့ အစားအစာတွေ အများအပြား ရှိပါတယ်။ ဥပမာ – ဘယ်ရီသီး၊ ဆယ်လ်မွန်ငါး၊ အမဲသား၊ ကြက်ဥ၊ ကညွတ်၊ ချောကလက်၊ ထောပတ်သီးစသဖြင့်ပေါ့။ တခြား အစားအစာတွေကလည်း သူ့အားသာချက်နဲ့သူ အကျိုးပြုမှာဖြစ်ပါတယ်။

    ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီရွက်တို့လို အစိမ်းရင့်ရောင် အရွက်တွေ၊ နို့၊ ပဲပိစပ်နဲ့ အစေ့အဆန်တွေကို သင့်တင့်မျှတစွာ စီမံစားသုံးတဲ့အခါ အဝလွန်တာ၊ သွေးတိုးတာ၊ ဆီးချိုဝေဒနာ ခံစားရတာနဲ့ နှလုံးရောဂါ အမျိုးမျိုးနှင့် နာတာရှည်ရောဂါတွေကို တိုက်ထုတ်ရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

    ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီး၊ သံပုရာနွယ်ဝင် အသီးတွေ၊ သစ်ကြံပိုးခေါက်နဲ့ Apple-Cider Vinegar တို့လို အစားအစာတွေကတော့ ကူးစက်နိုင်တဲ့ ပိုးမွှားတွေနဲ့ ကူးစက်ရောဂါတွေကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

    အာဟာရဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ယော့ဂျ် ဟေဂါရဲ့ အဆိုအရဆိုရင် လူတွေ ဘာတွေစားနေကြသလဲဆိုတာက လူတွေ ဘာရောဂါဖြစ်မလဲဆိုတာကို သတ်မှတ်နေတယ်လို့ ဆိုပါတယ်။ ဥပမာ ဆီးချို၊ သွေးတိုးသမားတွေရဲ့ စားသောက်မှုပုံစံဟာ ရောဂါမဖြစ်ခင်မှာ အချိုများ၊ အငန်များနေခဲ့ပါလိမ့်မယ်။

    ကျန်းမာရေးနဲ့ မျှတ ညီညွတ်အောင် စားသောက်နေထိုင်မှုမရှိတာကြောင့် လူတွေမှာ ရောဂါဘယ ထူပြောနေကြတာဖြစ်ပြီးတော့ စားသောက်မှုပုံစံကို ဟန်ချက်ထိန်းလိုက်ရုံနဲ့ ရောဂါဘယအများအပြားရဲ့ ရန်ကနေ ကင်းလွတ်စေနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါလို့ ပြောနေရတဲ့ အကြောင်းအရင်း

    ဒီကနေ့ခေတ်က ရောဂါဘယတွေ ထူပြောလှသလို ထူးထွေဆန်းပြားလှတဲ့ ဝေဒနာအသစ်အဆန်းတွေကလည်း မကြာခဏဆိုသလို ပေါ်ထွက်လာနေကြပါတယ်။

    ဒီလိုခေတ်ကာလမျိုးမှာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် စားသောက်နေထိုင်တာဟာ အကောင်းဆုံး ရောဂါကာကွယ်ရေး နည်းလမ်းဖြစ်သလို၊ အသင့်လျော်ဆုံး ရောဂါတိုက်ဖျက်ရေးနည်းလမ်းဆိုလည်း မမှားပါဘူး။

    ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်တော့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံနဲ့ မျိုးရိုးဗီဇတွေဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးမှာ အရေးအကြီးဆုံးအချက်တွေပါတဲ့။ အဲ့ဒီထဲမှာမှ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေဟာ ပြုပြင်လို့ရတဲ့အရာတွေဖြစ်ပါတယ်။ ဒီအရာတွေကပဲ ရောဂါဘယတွေ ရှေ့ဆက်တိုးလာမလား၊ ရပ်တန့်သွားမလားဆိုတာကို အဓိက အဆုံးအဖြတ်ပေးကြမယ့်အရာတွေလို့ ဆိုပါတယ်။

    ဒေါက်တာ ယော့ဂျ် ဟေဂါရဲ့ စကားလေးနဲ့ ဒီဆောင်းပါးကို ပိတ်သိမ်းချင်ပါတယ်။ သူပြောတာက အစားအသောက်ဆိုတာ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ မှီဝဲနေတဲ့ ဆေးဝါးဖြစ်ပါတယ်တဲ့။ ဒါကြောင့် ရောဂါဆိုးတွေကို တိုက်ထုတ်ဖို့ ခုကစပြီး နည်းမှန်လမ်းမှန်နဲ့ စားသောက်နေထိုင် ကြည့်ကြရအောင်လား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement