သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်လို့ရတဲ့နည်းတွေရှိတယ်ဆိုရင် မိဘတိုင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ဘယ်လိုပျိုးထောင်ပေးလို့ရလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်ပါ။

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ပျိုးထောင်ကြမယ်

ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပါ။ ကလေးတွေဆိုတာက ဖယောင်းလေးတွေလိုပါပဲ။ ပုံသွင်းတဲ့အတိုင်းဝင်တဲ့အရွယ်လေးတွေပါ။ ကလေးကို ငယ်စဉ်ကတည်းကသေချာပျိုးထောင်ပေးမယ်ဆိုရင် ကလေးကကောင်းမွန်စွာနဲ့ကြီးပြင်းအရွယ်ရောက်လာမှာ အသေအချာပါပဲ။

(၁) ကလေးတွေကို ချစ်ပေးပါ – ဒါက သိပြီးသားအကြောင်းအရာလို့ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကလေးကိုချစ်ခြင်းမေတ္တာပေးဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ သင့်အနေနဲ့ အားနည်းချက်ရှိနေရင်ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေနေ ကလေးကိုတော့ ချစ်ခြင်းမေတ္တာတွေအကန့်အသတ်မရှိပေးနိုင်ပါတယ်။ ကလေးတွေအနေနဲ့ မိသားစုတွေဆီကနေ ချစ်ခြင်းကိုလက်ခံရရှိသင့်သလို သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ချစ်ခြင်းတွေကိုရရှိဖို့လိုအပ်ပါတယ်။ မတော်တဆက ကလေးကိုအော်ငေါက်မိတာ၊ အသံမာမာနဲ့ပြောမိတာမျိုးရှိခဲ့ရင် ကလေးကိုနွေးနွေးထွေးထွေးပွေ့ဖက်ပြီး သင့်အနေနဲ့ ကလေးကိုချစ်ကြောင်းပြောပြပြီးအော်ငေါက်မိတာအတွက် စိတ်မကောင်းတဲ့အကြောင်းပြောပြပေးပါ။ အကန့်အသတ်မဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးအတွက် ခိုင်မာတဲ့ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်မှာပါ။

(၂) ကလေးကို လူမှုဆက်ဆံရေးအရည်အချင်းကောင်းမွန်အောင် သင်ကြားပေးပါ –လူမှုဆက်ဆံရေးမှာ ကလေးကိုယုံကြည်မှုရှိအောင် သင်ကြားပေးတာက ကလေးမှာ ကိုယ်ပိုင်ယုံကြည်မှုတိုးလာအောင်လုပ်ပေးနိုင်တဲ့ အဓိကနည်းလမ်းတစ်ခုပါ။ အရေးအကြီးဆုံး အစောပိုင်းဆက်ဆံရေးက မိဘနဲ့ကလေးကြားက ချစ်ခင်တဲ့ဆက်ဆံရေးပါ။ ကလေးရဲ့ လူမှုအသိုင်းအဝိုင်းကျယ်ပြန့်လာတာနဲ့အမျှ ကလေးကို သူ့ရဲ့အပြုအမူတွေက အခြားသူတွေအပေါ် ဘယ်လိုသက်ရောက်သွားလဲဆိုတာကိုပြောပြဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်သလို သူတစ်ပါးရဲ့ အပြုအမူက ကိုယ့်ကိုထိခိုက်စေတဲ့အခါမျိုးမှာ ယုံကြည်မှုပျောက်သွားတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကိုပါ သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။

(၃) ကလေးကိုအိပ်ချိန်ပြည့်ဝအောင် ဂရုစိုက်ပေးပါ –လေ့လာမှုအရ ကလေးတွေမှာ အိပ်ချိန်မပြည့်ဝတဲ့အခါ –

  • ဦးနှောက်လုပ်ဆောင်မှုကျဆင်းလာတာ
  • ကောင်းကောင်းအာရုံမစိုက်နိုင်တာ
  • အဝလွန်လာတာ
  • ဖန်တီးနိုင်စွမ်းကျဆင်းလာတာ
  • စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းကျလာတာ မျိုးတွေဖြစ်လာနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကလေးကိုအိပ်ချိန်ပြည့်ဝစေချင်တယ်ဆိုရင် အိပ်ချိန်ပုံမှန်သတ်မှတ်ပေးတာ၊ ညစာစားပြီးချိန်မှာ ကလေးကို တက်ကြွစေမယ့် လုပ်ဆောင်မှုတွေလုပ်တာကို ကန့်သတ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ကလေးကို ညအိပ်ရာမဝင်ခင် ၂ နာရီလောက်အလိုကတည်းက တီဗွီပေးမကြည့်ပါနဲ့။ ဖုန်း၊ကွန်ပျူတာ နဲ့ တက်ဘလက်ခ်တွေပေးမသုံးပါနဲ့။ ကလေးအိပ်ခန်းကို တိတ်ဆိတ်နေအောင်ထားပေးပါ။ ညမီးမထွန်းပါနဲ့။ ဒီလိုလုပ်ပေးတာက ကလေးကိုကောင်းကောင်းအိပ်ပျော်စေပါတယ်။

(၄) ကလေးကို အကောင်းမြင်တတ်အောင် သင်ပေးပါ – ကလေးကို အကောင်းမြင်တတ်အောင်သင်ပေးလို့ရပါ့မလားလို့တွေးနေလား၊ အံ့သြမသွားနဲ့နော်၊ ကလေးကို အကောင်းမြင်တတ်အောင် သင်ပေးလို့ရပါတယ်။ အကောင်းမြင်တတ်တဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးပျော်ရွှင်တတ်ကြတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။

ကလေးမှာ အကောင်းမြင်တတ်တဲ့ စိတ်ထားလေးဖြစ်လာစေဖို့အတွက် –

  • ကိုယ်တိုင်အကောင်းမြင်စိတ်မွေးပါ
  • အပြစ်တင်တာမျိုးမလုပ်ပါနဲ့
  • ကွယ်ရာမှာ သူတစ်ပါးမကောင်းကြောင်းမပြောပါနဲ့
  • ပန်းကန်ခွက်ယောက်တွေကိုပေါက်ခွဲတာမျိုးမလုပ်ပါနဲ့
  • အခြားသူတွေကို အကောင်းမြင်ပေးပါ၊ဖြည့်တွေးပေးပါ
  • ကလေးတွေကို အရာရာကို အကောင်းမြင်စိတ်နဲ့တွေးတောနိုင်အောင်သင်ပေးပါ
  • ကလေးကိုရင်ဆိုင်တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေအကြောင်းပြောပြပြီး စိန်ခေါ်မှုတွေက ကိုယ့်အတွက် အားဖြစ်စေတဲ့အကြောင်းပြောပြပေးပါ။

(၅) ကလေးကို ယုံကြည်မှုမွေးမြူနိုင်အောင် ကူညီပေးပါ –ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်နိုင်တယ်လို့ ယုံကြည်ထားတာက ကလေးရော အရွယ်ရောက်ပြီးသူတွေမှာပါ စိတ်ဓာတ်တက်ကြွစေပြီး အလုပ်တွေလည်းပိုလုပ်ဖြစ်စေပါတယ်။ ကလေးကိုယုံကြည်မှုရှိစေချင်တယ်ဆိုရင်တော့ ကလေးတွေကို သူတို့မှာရှိနေတဲ့ အားသာချက်တွေကိုပြောပြပေးရမယ်။ သူတို့မှာလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်လာအောင်ပြောပြပေးဖို့လိုသလို သူတို့လေးတွေရဲ့ အရင်ကရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့လက်ရှိရရှိနေတဲ့အောင်မြင်မှုတွေအကြောင်းကိုပြောပြပေးပါ။

(၆) ကလေးကိုရုပ်ပိုင်းဆိုင်ရာ ကျန်းမာအောင်လုပ်ဆောင်ပေးပါ –ကျန်မာရေးနဲ့ညီညွတ်အောင်စားသောက်တဲ့ အလေ့အထနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကျန်းမာအောင်မြင်တဲ့ ဘဝနေထိုင်မှုပုံစံအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိဘတွေက ကလေးတွေကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တတ်ဖို့နဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်တတ်စေဖို့အတွက် ဦးဆောင်လမ်းပြသူတွေပါ။ ကလေးတွေရဲ့ အနာဂတ်မှာအောင်မြင်မှုရနိုင်ခြေက လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုတွေအပေါ်မှာ မူတည်နေပါတယ်။

(၇) ကလေးကို စိတ်ကူးစိတ်သန်းကောင်းမွန်စေမယ့် ကစားနည်းတွေပေးကစားပါ – ကလေးတွေက ဘယ်အရွယ်ပဲဖြစ်နေဖြစ်နေ ကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတွေက အဓိပ္ပါယ်ပြည့်ဝတဲ့ ကစားနည်းအတွေ့အကြုံတွေကနေ အကောင်းဆုံးသင်ယူမှုတွေကို ရရှိကြတာဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးလာစေသလို၊ ပြဿနာကိုဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။ ကစားတာက ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကြွက်သားတွေဖွံဖြိုးမှုကို တိုးတက်ကောင်းမွန်စေသလို ကစားချိန်က ကလေးရဲ့စိတ်ခံစားမှုကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

(၈) ကလေးကို မအော်ပါနဲ့ – ကလေးကိုအော်တာက မိသားစုတွေနေထိုင်ရာအိမ်ကို စစ်မြေပြင်အဖြစ်မြန်မြန်ဆန်ဆန်ပြောင်းလဲလိုက်တာပါပဲ၊ လို့ဒေါက်တာLaura Markham ကရှင်းပြပါတယ်။ ကလေးတွေအနေနဲ့ ရန်လိုတတ်တဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းရတာက မလုံခြုံသလို ခံစားရပြီး စိတ်ဖိစီးမှုကိုလည်းဖြစ်စေပါတယ်။ဖြစ်နိုင်ရင် ကလေးကိုလုံးဝမအော်ပါနဲ့။

တကယ်လို့သင့်အနေနဲ့ စိတ်အရမ်းတိုနေတဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ် ဒီအခြေအနေထဲကနေ ရုန်းထွက်ဖို့အရင်ကြိုးစားပါ။ ကလေးကိုတစ်ခုခုမပြောခင် ၁၀ မိနစ်လောက်အချိန်ယူပြီး စိတ်အခြေအနေကိုပြင်ဆင်လိုက်ပါ။

(၉)ခေါင်းဆောင်ကောင်းဖြစ်ပါစေ –လေ့လာမှုတွေအရ မိဘတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအပေါ်မှာ သိသိသာသာလွှမ်းမိုမှုတွေရှိနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ကလေးတွေကို စိတ်ရှည်ရှည်ထားပေးပြီး သူတို့ရဲ့ စိတ်ခံစားချက်ကို ခွဲခွဲခြားခြားသိရှိနိုင်အောင်လုပ်ဆောင်ပေးပါ။ ကလေးကို သည်းခံစိတ်ရှိအောင်လုပ်ဆောင်ပေးတာက အခြားသူတွေနဲ့ဆက်ဆံရာမှာ ကလေးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံတတ်အောင်သင်ပေးတာကအောင်မြင်မှုရရှိစေအောင်လုပ်ဆောင်ပေးတာပါပဲ။

(၁၀) ကလေးကိုအောင်မြင်မှုတွေရရှိအောင် ကူညီပေးပါ – စိန်ခေါ်မှုတွေရှိနေတာက ကလေးအတွက်ကောင်းပါတယ်။ သူတို့ကိုအောင်မြင်မှုရရှိနိုင်မယ့်အခွင့်အလမ်းတွေရရှိအောင်လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးကို သူ့ကိုယ်သူ ယုံကြည်မှုရရှိစေမယ့် လှုပ်ရှားမှုတွေမှာပါဝင်လုပ်ဆောင်ခိုင်းပါ။ ပိုကြီးတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်စေဖို့ အတွက်ယုံကြည်မှုတွေရရှိအောင်လုပ်ဆောင်ပေးပါ။

အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာအောင် ပျိုးထောင်ကြည့်ကြဖို့ မိဘများကို တိုက်တွန်းလိုက်ပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 21/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။