backup og meta

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးမယ့် ကစားနည်း(၅) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးမယ့် ကစားနည်း(၅) ခု

    ကလေးတစ်ယောက်ကြီးပြင်းအရွယ်ရောက်လာဖို့က နတ်ရေကန်ထဲချသလို ချက်ချင်းတော့ဖြစ်မလာနိုင်တာလူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီကြားထဲ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မိဘရဲ့ဂရုစိုက်မှုကအရေးကြီးပါတယ်။ ကလေးဆိုတာ ဖယောင်းရုပ်လေးလိုပဲ မိဘပုံသွင်းသလိုပြောင်းလဲကြီးပြင်းလာမှာပဲ။ သိတတ်စအရွယ် လို့သတ်မှတ်ကြတဲ့ လမ်းလျှောက်တတ်စ အချိန်ဟာ သင်ယူလေ့လာမှုအတွက် အကောင်းဆုံးအရွယ်မို့ သိပ်အရေးကြီးပါတယ်။

    သူတို့လေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေထဲမှာ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကအခရာကျတာကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့တန်းတူပဲ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်းဂရုစိုက်ရပါမယ်။ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ရင် ကျန်တဲ့အပိုင်းတွေအတွက်လည်း ဖွံ့ဖြိုးဖို့ပိုလွယ်လာပါလိမ့်မယ်။ သင်ယူလေ့လာမှုပိုင်းမှာ ကလေးက နားလည်လွယ်နေပြီကိုး။ ကဲ ဒါဆို ကလေးကို ဉာဏ်ရည်ဖွံ့ဖြိုးမှုပိုကောင်းအောင် လုပ်ပေးလို့ရတဲ့ ကစားနည်းလေးတွေပေးကစားရင် ပိုမကောင်းဘူးလား။ အဲဒီထဲက အလွယ်ကူဆုံး (၅) ခုကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။ သိပြီးသားဖြစ်နေရင်တောင် ဒီကစားနည်းက ဒီလိုလေးအကျိုးရှိပါလားဆိုတာမေမေတို့ မှတ်ထားလို့ရတာပေါ့။

    (၁) သီချင်းအတူဆိုမယ်

    ကလေးနဲ့အတူ သီချင်းတွေဆိုပါ။ သူနှစ်သက်တဲ့သီချင်း သို့မဟုတ် ဝေါဟာရစကားလုံးများများပါတဲ့ သီချင်းကို အိမ်မှာ၊ ကားထဲမှာ မကြာခဏ ဖွင့်ပေးထားပြီး လိုက်ဆိုပါ။ ကြားပါများရင် သူလည်းလိုက်ဆိုမယ်(စကားမတတ်သေးရင်တောင် သံစဉ်တော့ညည်းနိုင်နေလောက်ပါပြီ)။ ဒီနည်းက အပျော်ပဲလို့ ထင်ရပေမယ့် ကလေးရဲ့မှတ်ဉာဏ်နဲ့ စကားလုံးမှတ်မိနိုင်စွမ်း(ဘာသာစကားလေ့လာမှတ်သားနိုင်စွမ်း)ကို ပိုကောင်းစေပါတယ်။

    မူကြိုတက်နေပြီဆိုလည်း အတန်းထဲမှာဆိုတဲ့သီချင်းတွေကို အိမ်မှာပြန်ဆိုပြခိုင်းတာမျိုး၊ဆွေမျိုးမိဘ၊အဖိုးအဖွားတွေရှေ့မှာ သီချင်းဆိုခိုင်းတာ၊ မပီကလာပီကလာ ဆိုတာလေးကို ဝိုင်းမရယ်ဘဲ ချီးကျူးစကားပြောပြီးထပ်ဆိုခိုင်းတာမျိုးက ကလေးရဲ့သင်ယူမှတ်သားနိုင်စွမ်းကို ပိုကောင်းစေနိုင်ပါတယ်။

    (၂) ပစ္စည်းသိမ်းဆည်းစီစဉ်တာ ပေးလုပ်လိုက်ပါ

    ကလေးကို ကူညီတတ်တဲ့စိတ်လေးသွင်းပေးတာကောင်းတဲ့အမူအကျင့်တစ်ခုပါ။ ဒီအမူအကျင့်လေးက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ အထောက်အကူဖြစ်စေတယ်ဆို ပိုအဆင်မပြေဘူးလား။ သိပ်ဝေးဝေးမဟုတ်ပါဘူး။ သူ့ရဲ့ကစားစရာလေးေတွကိုခြင်းတစ်ခုထဲပြန်သိမ်းခိုင်းတာ၊ အဝတ်တွေခေါက်ရင် ဝင်ကူခိုင်းတာ(သူလုပ်တတ်သလိုလုပ်ပါစေ)၊ အိုးပုတ် သို့မဟုတ် ကစားစရာအိုးခွက်ပန်းကန်တွေကိုပြန်စီခိုင်းတာမျိုးလည်းရပါတယ်။ မေမေ့ကို ဟိုပစ္စည်းလေးယူပေးပါ၊ ဒီပစ္စည်းလေးသွားထားပေးပါ စသည်ဖြင့်လည်း အကူအညီတောင်းနိုင်ပါတယ်။ ကလေးကိုထိခိုက်မှုအန္တရာယ်မစိုးရိမ်ရတဲ့ပစ္စည်းတော့ဖြစ်ပါစေ။

    (၃) ဒါ ဘယ်သူ့ပုံလဲ

    သူမှတ်မိပြီး ရင်းနှီးနေတဲ့၊မြင်ဖူးတဲ့သူတွေရဲ့ ဓါတ်ပုံတွေကိုရောနှောထားပြီး ဖိုးဖိုးကဘယ်မှာလဲ၊ တီတီလေးပုံကိုပြပါဦး စသည်ဖြင့် ကလေးကိုရွေးထုတ်ခိုင်းပါ။ သူ့ရဲ့ လူတွေကိုမှတ်သားနိုင်စွမ်းကိုလေ့ကျင့်ပေးရာရောက်ပြီး ပုံထဲကလူတွေနဲ့ရင်းနှီးမှုကိုတိုးစေပါတယ်။ နောက်တဆင့်ဆို ဒါကဘယ်သူလဲဆိုပြီး ပုံတစ်ပုံရွေးထုတ်ပြ၊ ပုံထဲကလူဘယ်သူလဲဆိုတာ ကလေးကိုပါးစပ်ကရွတ်ခိုင်းတာမျိုး လုပ်လို့ရပြီ။ ဖြေပါလိမ့်မယ် ဖေဖေ သို့မဟုတ်မေမေပေါ့။

    (၄) ဆေးရောင်လှလှခြယ်ရအောင်

    ဆေးရောင်ခြယ်စာအုပ်ကလေးကို အထင်မသေးပါနဲ့။ ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တကယ်ကိုအကျိုးပြုနိုင်ပါတယ်။ မတူညီတဲ့ဒီဇိုင်းကာလာတွေကိုခြယ်မှုန်းရင်းနဲ့ အရောင်တွေလည်းမှတ်မိမယ်၊ တီထွင်ဆန်းသစ်နိုင်စွမ်းကို ပိုကောင်းစေမယ်။ ကိုယ်တိုင်ပုံဆွဲခိုင်းတာလည်းကောင်းပါတယ်။

    (၅) ရေတွက်ခိုင်းပါ

    ဘာလေးနဲ့ပဲ ကစား ကစား၊ ကလေးကို ရေတွက်ခိုင်းတဲ့နည်းကိုသုံးကြည့်ပါ။ သားမှာ ကားဘယ်နှစီးရှိလဲ၊ ဒါလေးက ဘယ်နှခုလဲ၊ စသည်ဖြင့်မေးကြည့်ပေးပါ။ တစ်ကနေ တစ်ဆယ်အထိတော့ အရင်တည်းက ခဏခဏသင်ပြပေးထားဖို့တော့လိုပါမယ်နော်။ တစ်ခု၊နှစ်ခု၊သုံးခု စသည်ဖြင့် ကိုယ်တိုင်က အတူဝင်ရေတွက်ပေး၊နောက်တစ်ခေါက်မှ သူ့ကိုရေတွက်ခိုင်းတာမျိုး ကစားရင်းသင်ပေးပါ။

    ဒါလေးတွေက အခြေခံတွေမို့နောက်ပိုင်းမှာ သင်ရပိုလွယ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးေတွဖြစ်အောင် ဆက်ပျိုးထောင်နိုင်ပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement