သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးတွေအတွက် ဘယ်လိုဖျော်ရည်တွေက သင့်တော်မလဲ

ကလေးတွေအတွက် ဘယ်လိုဖျော်ရည်တွေက သင့်တော်မလဲ

ကလေးတွေ ကျန်းမာပြီး ကြီးထွားလာနိုင်ဖို့အတွက် နေ့စဉ် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ စုံလင်စွာ ရရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာတွေကို စုံလင်စွာ စားသောက်ဖို့ လိုသလို ကိုယ့်ကလေးနဲ့ သင့်လျော်မယ့် ဖျော်ရည်တွေကိုလည်း ဖြည့်စွက်စာအနေနဲ့ တိုက်ကျွေးလို့ ရပါသေးတယ်။

ကလေးတွေကို ဘယ်အချိန်မှာ ဖျော်ရည်စတိုက်လို့ ရပြီလဲ။

ကလေးတွေကို အသက် ၆လ အရွယ် အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးသင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကလေးတွေကို ကောင်းစွာ ကြီးထွားစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ အသက် ၆လ နောက်ပိုင်းမှာ မိခင်နို့အပြင် ဖြည့်စွက်စာ၊ ရေ၊ အာဟာရဖြည့်နို့တွေ၊ တိရစ္ဆာန်ကရတဲ့ နို့တွေ တိုက်လို့ ကျွေးလို့ရပါပြီ။

ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာစေတဲ့ အစားအစာထက် အသင့်စားသုံးနိုင်တဲ့ Junk Food တွေကိုသာ ပိုမိုစားလာကြတာ သဘာဝပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ကလေးကို အစာစားရတာ ရိုးမသွားအောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေကို ကိုယ်တိုင်ကြိတ်ပြီး ဖြည့်စွက်စာဖျော်ရည်အနေနဲ့ တိုက်ပေးလို့ရပါတယ်။

ဘယ်လို ဖျော်ရည်တွေကို တိုက်ပေးသင့်လဲ။

ဗီတာမင် C ၊ ဗီတာမင် A ၊ ဖောလစ်အက်ဆစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်အနေနဲ့ တိုက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သံပုရာသီး၊ သစ်တော်သီး၊ သရက်သီး၊ လိုင်ချီးသီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး အစရှိတဲ့ သစ်သီးဝလံတွေကို သေချာကြိတ်ပြီး တိုက်လို့ ရသလို မုန်လာဥနီ၊ ခရမ်းချဉ်သီးစတာတွေနဲ့လည်း ဖျော်တိုက်လို့ ရပါတယ်။ အစပိုင်းမှာတော့ သစ်သီး တစ်မျိုးတည်းကိုပဲ ကြိတ်ပြီး ဖျော်တိုက်ကြည့်ပါ။ ကိုယ့်ကလေးက ကျင့်သားရသွားပြီဆိုမှ အသီး ၂မျိုး၊ ၃မျိုး ရောကြိတ်ပြီး ဖျော်တိုက်ရင် ပိုကောင်းပါတယ်။

ကလေးတွေကို ဖျော်ရည်တိုက်တဲ့အခါ ဘာတွေ သတိထားရမလဲ။

အစာကြေစေမယ့် ပမာဏနည်းနည်းသာ ဖျော်ရည်ကို တိုက်ပေးသင့်ပါတယ်။ စတိုးဆိုင်မှာ ဝယ်လို့ရတဲ့ ဖျော်ရည်တွေဟာ ကုန်ကျစရိတ် ပိုများတဲ့အပြင် သကြားပါဝင်နှုန်းများတဲ့အတွက် ကိုယ်တိုင်ဖျော်တာ အကောင်းဆုံးပါပဲ။ ဖျော်ရည်ကို ကိုယ်တိုင်ဖျော်စပ်တဲ့အခါမှာလည်း သကြားမထည့်ပဲ ရေများများနဲ့ ဖျော်ရပါမယ်။ လတ်လတ်ဆတ်ဆတ် ဖျော်ပြီးတာနဲ့ ကလေးတွေကို တိုက်ဖို့ အရေးကြီးပါတယ်။ အစာစားနေတဲ့အချိန်မှာလည်း ဖျော်ရည်အနည်းငယ် ရောတိုက်ပေးလို့ အဆင်ပြေပါတယ်။

ဖျော်ရည် ဖျော်စပ်တဲ့အခါမှာ မလိုအပ်ပဲ ဆား၊ သကြား၊ ပျားရည်၊ တခြားအမွှေးအကြိုင်တွေ ထည့်တာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် ကလေးတွေကို ဖျော်ရည်တိုက်တဲ့အခါမှာ ပျားရည်ထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ရဲ့ ကလေးကို ဖျော်ရည်အနည်းငယ် တိုက်ကြည့်ပြီး ဓာတ်တည့်၊ မတည့်ကို အရင်စစ်ဆေးသင့်ပါတယ်။

ကလေးတွေကို အချိုရည် ဘာကြောင့် မတိုက်သင့်တာလဲ။

အချိုရည်မှာ ကိုယ်ခန္ဓာကို အကျိုးဖြစ်စေတဲ့ အာဟာရဓာတ်တွေ မပါဝင်တဲ့အပြင် သကြားပါဝင်မှုများလို့ သွားတွေကို ပျက်စီးစေတယ်။ တချို့အချိုရည်တွေမှာ ကဖင်းဓာတ်တွေ ပါဝင်လို့ ကလေးတွေ ညဘက်မှာ ကောင်းစွာအိပ်စက်နိုင်ဖို့ကို အဟန့်အတားဖြစ်စေတယ်။ သွေးတွင်း သကြားဓာတ်တိုးစေလို့ ဆီးချိုရောဂါ၊ အဝလွန်ရောဂါတွေကို ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ကိုယ့်ကလေးတွေကို အအေး၊ အချိုရည်တွေ သောက်တဲ့အကျင့် မဖြစ်လာအောင် သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Best Fruit and Vegetable Juices for Kids –https://www.momjunction.com/articles/fruit-and-vegetable-juices-for-your-baby_00117447/#gref Accessed Date 17 October 2018

Benefits of Homemade Juice for Kids –https://parenting.firstcry.com/articles/fruit-and-vegetable-juice-for-babies/ Accessed Date 17 October 2018

Healthy Drinks for Children –https://kidshealth.org/en/parents/drink-healthy.html Accessed Date 17 October 2018

 

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 18/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။