ယနေ့ခေတ်ကြီးထဲမှာ မိဘတွေဟာ နှစ်ဦးလုံးလိုလို အလုပ်ထွက်လုပ်တတ်ကြပါတယ်။ ကလေးတွေဟာလည်း အရင်ခေတ်တွေကနဲ့ သိပ်မတူတော့ဘဲ မိဘတွေနဲ့ လက်ပွန်းတတီး သိပ်မရှိကြတော့ပါဘူး။ ကျောင်းချိန်၊ အပြင်သင်တန်းချိန်၊ အားကစားချိန်စသဖြင့် သူတို့လေးတွေဟာ ကိုယ်ပိုင် အချိန်တွေ သီးသန့်ရှိနေတတ်ကြပါတယ်။ ဒီတော့ မိဘတစ်ဦးအနေနဲ့ ကလေးနဲ့ နီးနီးကပ်ကပ်ရှိနေစေဖို့၊ ကလေးအကြောင်းကို အချိန်နဲ့အမျှသိရှိနေဖို့၊ မိဘနဲ့ ကလေးကြား အဆက်အသွယ်မပြတ်စေဖို့အတွက် ဖုန်းတစ်လုံး လိုအပ်ပါတယ်။ ပေးလည်း ပေးထားကြပါတယ်။ ဖုန်းတစ်လုံးဟာ တော်တော်လည်း အသုံးဝင် ပါတယ်။ မိမိရဲ့ကလေးဟာ အခုဘယ်ရောက်နေပြီလဲ၊ ဘာလုပ်နေလဲ၊ အဆင်ရောပြေရဲ့လား ဆိုတဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို ဖုန်းကတစ်ဆင့် သိနိုင်ပါတယ်။