ဓါတ်မတည့်မှုလို့ သံသယရှိလာရင်
ကလေးကို ဆရာဝန်ပြပါ
ကလေးကိုရောဂါရှာဖွေစစ်ဆေးဖို့ အရေးကြီးပါတယ်။ ကလေးမှာဖြစ်နေတဲ့လက္ခဏာတွေက တခြားအကြောင်းရင်းတွေဖြစ်နေနိုင်မလား ဆန်းစစ်ကြည့်ဖို့လိုတယ်၊ ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်း၊ ကိုယ်အလေးချိန်တိုးတက်မှု၊ ဝမ်းမှာသွေးပါသလား စတာတွေ စစ်ဆေးရပါမယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဆရာဝန်ကပဲလုပ်ပေးနိုင်မှာပါ။
အစားအသောက်နဲ့ လက္ခဏာတွေကို မှတ်သားစောင့်ကြည့်ပါ
မေမေတို့စားသမျှအစားအသောက်တွေကို စာရွက်မှာရေးချထားပြီး ကလေးမှာလက္ခဏာထူးခြားမှုရှိမရှိစောင့်ကြည့်ပါ။ ထူးခြားတာရှိရင် မှတ်ထားပါ၊ရှောင်စားပါ။ သက်သာသွားတယ်ဆိုရင် ဓါတ်မတည့်ဖြစ်နိုင်တဲ့အရာကိုနောက်ရှောင်လို့ရတာပေါ့။
ကိုယ်စားထားတဲ့အစားအစာအကြွင်းအကျန်တွေက ခန္ဓါကိုယ်ထဲမှာ အချိန်ကြာကြာရှိနေနိုင်ပါသေးတယ်။ ဒါ့ကြောင့် မတည့်လောက်တဲ့အရာတစ်ခုခုကြောင့် ကလေးမှာ လက္ခဏာပြလာတယ်ဆိုရင် ဒါကိုနေုာက်တစ်ကြိမ်မစားတော့ရင်တောင်မှ ရက်ပိုင်းလောက်တော့ ကလေးမှာဓါတ်မတည့်လက္ခဏာရှိနေနိုင်ပါတယ်။
အပြတ်ရှောင်လိုက်ပါ
ကိုယ်စားလိုက်တဲ့အစားအသောက်တစ်ခုခုကြောင့် ကလေးမှာ ဓါတ်မတည့်တဲ့တုံ့ပြန်မှုတစ်ခုရှိနေပြီဆိုတာ ရှင်းရှင်းလင်းလင်းသိတယ်ဆိုရင်တော့ နို့တိုက်နေစဉ်အတွင်း အဲဒီအစားအသောက်ကို လုံးဝရှောင်လိုက်တာလည်းကောင်းပါတယ်။ ဥပမာ- မေမေတွေနွားနို့သောက်တာက ကလေးတွေမှာ ဓါတ်မတည့်တုံ့ပြန်မှုအဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။
အကူအညီရယူပါ
လိုအပ်လာရင် ကျန်းမာရေးအကြံပြုချက်တွေပေးနေတဲ့ Hello ဆရာဝန်လို ကျန်းမာရေးစောင့်ရှောက်မှုကူညီပေးသူတွေကိုလည်း ကွန်မန့်တွေကဖြစ်စေ၊ မက်ဆေ့ခ်ျနဲ့ဖြစ်စေမေးမြန်းလို့ရပါတယ်။ လူမှုကွန်ရက်မှာလည်း ကျန်းမာရေးအကြံဉာဏ်တောင်းလို့ရတဲ့ ပုဂ္ဂိုလ်တွေ၊ ဂရုတွေ၊ပေ့ခ်ျတွေ အများကြီးရှိနေတာမို့ ဆောင်ရန်၊ရှောင်ရန်၊သတိထားရမယ့်အချက်တွေကိုမေးဖို့ အချိန်မနှောင့်နှေးပါစေနဲ့၊မေးမြန်းပါ၊ အကူအညီတောင်းပါ။ ကလေးအတွက်စောစောမကုသမိတာ၊ကြောက်ပြီး နို့ဆက်မတိုက်တာ၊ ကလေးကိုဆေးတွေလျှောက်တိုက်တာမျိုးမဖြစ်ရအောင် သတိထားပါ။ အရေးကြီးဆုံးအချက်က ကလေးကို ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးမကု၊ဆေးမတိုက်ပါနဲ့။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။