backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဒါတွေက အရိုးကို ထိခိုက်စေတယ်ဆိုတာ သင်သိပါသလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒါတွေက အရိုးကို ထိခိုက်စေတယ်ဆိုတာ သင်သိပါသလား

အရိုးအဆစ်တွေကျန်းမာမှ ဒီခန္ဓာကိုယ်တစ်ခုလုံးကိုသယ်ပိုးပြီး လှုပ်ရှားလုပ်ကိုင်နိုင်မှာပေါ့။ ဒီလိုကျန်းမာဖို့က အရိုးအဆစ်အတွက်ဆိုပြီးကယ်လ်စီယမ်တွေချည်း လိုက်ရှာနေရုံလောက်နဲ့ မရပါဘူး။ ဆောင်သင့်တာဆောင်ပေမယ့်လည်း ရှောင်သင့်တာရှောင်နိုင်ဖို့ လိုအပ်တာမို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ပါတယ်။

(၁) အငန်စားများတာ

အငန်စားတာများလေ အရိုးပါးအရိုးပွလေပါပဲနော်။ Asia Pacific Journal of Clinical Nutritionမှာ ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့တဲ့ သုတေသနအရ အငန်များတာတွေစားတဲ့သူတွေဟာ အရိုးပွရောဂါပိုအဖြစ်များတယ်လို့ သိရပါတယ်။ ပေါင်မုန့်၊ ချိစ်၊ အာလူးကြော်တို့မှာ အရသာမငန်လည်း အငန်ပါဝင်မှုများပါတယ်။

(၂) ရုပ်ရှင်အကြာကြီးကြည့်တာ

ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကို ထိုင်ကြည့်ရင်းကြည့်ရင်း တီဗီရှေ့တစ်နေကုန်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမလှုပ်ရှားဘဲ စားလိုက်ကြည့်လိုက်လုပ်နေတာ အဝလွန်တဲ့အန္တရာယ်တစ်ခုတည်းမဟုတ်ပါဘူး။

ကိုယ်လက်လှုပ်ရှားမှုက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ခြေထောက်တွေက ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထမ်းပိုးပြီးအရိုးနဲ့ကြွက်သားတွေက ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး လှုပ်ရှားတာ အရိုးအတွက်ကောင်းပါတယ်။

(၃) စက်ဘီးအရမ်းစီးတာ

စက်ဘီးစီးတာက နှလုံးနဲ့အဆုတ်အတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ ကောင်းတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပေမယ့် အရိုးအတွက်ကျတော့ရော။ အရမ်းများရင်တော့ မကောင်းပါဘူးနော်။ ကိုယ်အလေးချိန်ကို ထမ်းပိုးရတဲ့ လှုပ်ရှားမှုမဟုတ်တဲ့အတွက် လမ်းလျှောက်တာ၊ပြေးတာတို့နဲ့မတူဘဲ စက်ဘီးစီးခြင်းက အရိုးထုထည်ကိုမများစေနိုင်သလို ဒဏ်ဖြစ်တာလည်း ရှိလာနိုင်ပါတယ်။

စက်ဘီးစီးရတာ အားသန်တဲ့လူတစ်ယောက်ဆိုရင်တော့ စက်ဘီးအကြာကြီးစီးနေတာကိုလျှော့ပြီး တင်းနစ်ရိုက်တာ၊ရေကူးတာလိုမျိုး တခြားလှုပ်ရှားမှုတွေနဲ့နည်းနည်းရောပေးပါ။

(၄) အခန်းအောင်းနေတာ

အပြင်မထွက်ဘဲ အခန်းအောင်း၊ အိမ်တွင်းပုန်းလုပ်တာက ဗီတာမင်ဒီ လည်းမရနိုင်ပါဘူး။ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ ခဏထွက်ပေးရင်ပဲ နေရောင်ခြည်ထိတွေ့မှုရနိုင်ပါတယ်။ နေရောင်ခြည်ကို အလွန်အကျွံလည်းမခံယူသင့်ပါဘူး။ ဘာလို့ဆို အရေပြားအတွက် ခရမ်းလွန်ရောင်ခြည်ကိုလည်း ကြောက်ရသေးတယ်မဟုတ်လား။

(၅) ဆေးဖြစ်ဝါးဖြစ် အရက်သောက်တာ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် အလုပ်ကိစ္စဆုံကြပြီဆို တစ်ခွက်လောက်တော့သောက်လိုက်ကြတာပဲ။ သိပ်မများတော့လည်း ကျန်းမာရေးကိုမထိလောက်ဘူးထ င်မှာပေါ့။ ဒါပေမယ့်အရိုးကျန်းမာချင်ရင်တော့လျှော့သောက်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကယ်လ်စီယမ်စုပ်ယူမှုကို အယ်လ်ကိုဟောက အနှောင့်အယှက်ပေးနိုင်ပါတယ်။

(၆) အချိုရည်အသောက်များတာ

တခြားသောက်စရာတွေမှာပါတဲ့ ကဖင်းနဲ့ ဖော့စဖရပ်စ်တွေက အရိုးဆုံးရှုံးမှုနဲ့ဆက်နွှယ်နေပါတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ကော်ဖီ၊လက်ဖက်ရည်အသောက်များလွန်းရင်လည်း အရိုးအတွက်ကယ်လ်စီယမ်ကို မရလိုက်နိုင်အောင် အနှောင့်အယှက်ပေးပါတယ်။

(၇)ဆေးလိပ်သောက်တာ

ဆေးလိပ်ပုံမှန်သောက်လေ့ရှိတယ်ဆိုရင် ကျန်းမာတဲ့ အရိုးတစ်ရှူးတွေ လွယ်လွယ်ဖြစ်လာမှာမဟုတ်ပါဘူး။ဆေးလိပ်သောက်တဲ့သက်တမ်းကြာလေ ထိခိုက်လေဖြစ်ပါတယ်။ဆေးလိပ်သောက်တဲ့သူတွေဟာ အရိုးကျိုးအက်လွယ်ပြီး အနာကျက်လည်းနှေးပါတယ်။

(၈) သောက်သုံးနေရတဲ့ ဆေးဝါး

ကိုယ့်ကျန်းမာရေးကြောင့် ဆရာဝန်ဆေးညွှန်းနဲ့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့် အရိုးကို ဆိုးကျိုးထိစေနိုင်ပါတယ်။prednisone နဲ့ cortisone တို့လိုဆေးဝါးတွေက အရိုးဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။ လေးဖက်နာ၊ ပန်းနာရင်ကျပ်တို့လိုရောဂါရှိရင် အရောင်ကျဆေးတွေသောက်ရနိုင်ပါတယ်။

(၉) ကိုယ်အလေးချိန်နည်းတာ

BMI 18.5 နဲ့အောက် ရှိနေတဲ့ ကိုယ်အလေးချိန်နည်းနေသူတွေဟာ အရိုးကျိုးအက်နိုင်ခြေ ပိုများပါတယ်။ အရိုးအဆစ်သေးတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကယ်လ်စီယမ်ပိုရအောင်ကြိုးပမ်းပါ၊လေ့ကျင့်ခန်းလုပ်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement