backup og meta

သွားပွတ်တံဆို အကုန်အတူတူပဲ မဟုတ်ဘူးလား။ ကောင်းတာမကောင်းတာ ဘာကွာလို့လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားပွတ်တံဆို အကုန်အတူတူပဲ မဟုတ်ဘူးလား။ ကောင်းတာမကောင်းတာ ဘာကွာလို့လဲ။

    သွားနဲ့ ခံတွင်းကျန်းမာရေးဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ သွားတိုက်ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အလှအပအတွက်သာမက ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြုံးလိုက်တဲ့အခါ ပုလဲလုံးလေးလို ဖြူဖွေးပြီး ညီညာနေတဲ့ သွားလေးတွေပေါ်တာတာကို ဘယ်သူမဆို လိုချင်ကြတာပါပဲ။

    ကိုယ့်ရဲ့ သွားနဲ့ ခံတွင်းကို သေချာဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ ကြာလာရင် သွားတွေ အရောင်မှိန်ပြီး ဝါလာမယ်။ သွားတွေ ပျက်စီးလာမယ်။ အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ သွားအပေါ်မှာ အဝါရောင်ကျောက်တွေ (သွားချေးတွေ) တက်လာမယ်။ သွားပိုးစားလာမယ်။ စားကြွင်းစားကျန်တွေကို သေချာသန့်ရှင်းမှု မရှိတဲ့အခါ အစာဟောင်းတွေကနေ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

    သွားမှန်မှန်တိုက်သင့်တဲ့နောက်တစ်ချက်က သွားကျန်းမာရေးဆိုတာ အများစုတွေးကြသလို ခံတွင်းနဲ့ပဲဆိုင်တာမဟုတ်လို့ပါပဲ။ သွားနဲ့ခံတွင်းကျန်းမာရေးကနေ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။ သွားဖုံးရောဂါဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလို ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ခြေပိုများစေတဲ့အချက်မို့ပါ။

    သွားတိုက်တာက ဟုတ်ပါပြီ။နောက်ထပ်အရေးကြီးတဲ့အချက်က သွားပွတ်တံနဲ့သွားတိုက်ဆေးကောင်းဖို့ပါပဲ။ ကိုယ့်ရဲ့သွားတွေနဲ့နေ့တိုင်းထိတွေ့ရမယ့် သွားပွတ်တံက အရည်အသွေးကောင်းနေသင့်ပါတယ်။ မဟုတ်ရင် သွားတွေတောင်ပိုပျက်စီးပါဦးမယ်။ ဒါဆို အရည်အသွေးကောင်းတာနဲ့ မကောင်းတာ ဘယ်လိုကွာခြားလို့လဲ။

    အရည်အသွေးမကောင်းတဲ့ သွားပွတ်တံဆိုတာ ဘယ်လိုမျိုးလဲ

  • သွားပွတ်တံဘရက်ရှ်က မာနေတယ် –သွားပွတ်တံဖြစ်ရင်ပြီးရော အလွယ်ဝယ်သုံးမယ်၊ဈေးပေါတာတွေသုံးမယ်ဆိုရင် ထိခိုက်မှာက ကိုယ်ကိုယ်တိုင်ပါပဲ။ ဘရက်ရှ်မွေးတွေ မာနေတဲ့ သွားပွတ်တံဟာ သွားနဲ့သွားဖုံးကို ပွန်းပဲ့စေနိုင်ပြီး ရောဂါပိုးဝင်တာတွေဖြစ်လာစေနိုင်တာကြောင့် ကောင်းကျိုးထက်ဆိုးကျိုးတောင်ဖြစ်စေနိုင်ပါတယ်။
  • သုံးရတာ သက်တောင့်သက်သာမရှိဘူး – အသုံးပြုရတာ သက်တောင့်သက်သာရှိမှနေ့စဉ်သုံးအတွက် သင့်တော်မှာပါ။ ဥပမာ ဒီဇိုင်းက လက်ထဲကိုင်လို့မကောင်း၊ တောင့်တောင့်ကြီးဖြစ်နေတာမျိုး။
  • သွားကို ထိရောက်အောင် သန့်စင်မပေးနိုင်ဘူး – သွားတိုက်လို့ပြီးတာတောင် သိပ်မထူးခြားဘဲ သွားကြိုသွားကြားမှာ အညစ်အကြေးတွေစင်ကြယ်အောင် မဖယ်ရှားနိုင်ဘူး။ အဆိုးဆုံးက သွားတိုက်ပြီးတာတောင် ခံတွင်းနံ့က ဆိုးနေတုန်းပဲ၊ သွားချေးတွေကပ်နေတုန်းပဲဆိုတာမျိုး။
  • သွားတွေဆီကို အကုန်ထိအောင် တိုက်လို့မရတာ –သွားပွတ်တံထိပ်အပိုင်းက ပါးစပ်ထဲ ခိုးလို့ခုလုဖြစ်ပြီး အနောက်ဘက်ကသွားတွေဆီ မရောက်နိုင်တာ၊ တိုက်လို့မရတာဆိုရင် သွားတိုက်ရတာ ဘာထူးမှာလဲ။ ခံတွင်းထဲမှာ ကိုယ်လိုအပ်တဲ့နေရာ တိုက်ချွတ်သန့်စင်လို့ရတဲ့ ဒီဇိုင်းဖြစ်ဖို့လိုပါတယ်။
  • သွားဖုံးတွေပဲ့တယ် – သွားဖုံးရောဂါကြောင့်မဟုတ်ဘဲ သွားတိုက်လိုက်ရင် သွားဖုံးတွေပဲ့တယ်၊သွေးထွက်တယ်ဆိုရင် သွားပွတ်တံက တရားခံပါပဲ။ပျော့ပျောင်းမှုမရှိတဲ့ သွားပွတ်တံနဲ့နေ့တိုင်းတိုက်မယ်ဆို သွားတွေ၊ သွားဖုံးတွေကို ပွန်းပဲ့ပျက်စီးစေနိုင်ပါတယ်။
  • သွားကြွှေလွှာတွေ ပျက်စီးစေတယ် – ဘရက်ရှ်မာမာတွေနဲ့ အမြဲတိုက်နေမှတော့ သွားအပေါ်ယံကြွေလွှာတွေ ပျက်စီးကုန်မယ်၊ အပူအအေးတွေ စားရင်မခံနိုင်ဘဲ သွားကျဉ်တာတွေခံစားရပါလိမ့်မယ်။
  • အရည်အသွေးမကောင်းတဲ့သွားပွတ်တံတွေကို သုံးမိနေတယ်ဆို ချက်ချင်းရပ်ပြီး ကိုယ့်အတွက်အသင့်တော်ဆုံး သွားပွတ်တံကို ရှာဖွေလိုက်ပါတော့။ မဟုတ်ရင် သွားဖုံးထိခိုက်၊ သွားပျက်စီးရုံတင်မကဘဲ တခြားရောဂါတွေပါဖြစ်လာရရင် မတန်ပါဘူး။

    တကယ်ကောင်းတဲ့ သွားပွတ်တံဆိုတာ ဒီအရည်အသွေးတွေနဲ့ပြည့်စုံနေရမယ်နော်။

    ခံတွင်းမှာ အံဝင်ခွင်ကျဖြစ်တဲ့ အရွယ်အစား

    သွားပွတ်တံထိပ်ဟာ သွားရဲ့မျက်နှာပြင်အကုန်လုံးကို လွယ်လွယ်ရောက်ရှိနိုင်တဲ့ အရွယ်အစားဖြစ်မှ အဆင်ပြေပါမယ်။ ပါးစပ်ထဲထည့်လိုက်မှ ဟိုထောက်ဒီထောက်နဲ့ သွားတွေဆီအကုန်မထိနိုင်ဘူးဆိုရင် သုံးလို့မထိရောက်နိုင်ပါဘူး။ သွားပွတ်တံထိပ်ခေါင်းဟာ ကိုယ့်ပါးစပ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အရွယ်အစားပဲဖြစ်သင့်ပါတယ်။ ကြီးနေခဲ့ရင် အနောက်ဘက်က အံသွားတွေဆီရောက်ဖို့ခက်တာကြောင့် ဘက်တီးရီးယားတွေက ကျန်ခဲ့မှာပါမို့ပါ။

    သုံးရအဆင်ပြေတဲ့ လက်ကိုင်

    သွားတိုက်တဲ့နေရာမှာ အဆင်ပြေပြေဖြစ်စေဖို့ အတွက်က သွားတိုက်တံရဲ့ လက်ကိုင်ကလည်း အရေးပါပါတယ်။ သွားနဲ့ထိမှာက သွားပွတ်တံဘရက်ရှ်ပဲ ဆိုပြီး လက်ကိုင်ကို တော်ရုံသိပ်မကြည့်ကြပါဘူး။ တကယ်က လက်ကိုင်မှာ ရှုပ်ထွေးတဲ့ဒီဇိုင်းနဲ့ဆိုရင် ဘက်တီးရီးယားပိုးတွေ ခိုအောင်းဖို့ လွယ်စေတာကြောင့် ရိုးရှင်းပြီး ကိုင်ရလွယ်တဲ့ဒီဇိုင်းဖြစ်သင့်ပါတယ်။

    ပျော့ပျောင်းတဲ့ သွားပွတ်တံဘရက်ရှ်

    သွားပွတ်တံမှာ ဘရက်ရှ်ပျော့ပျောင်းဖို့က အရေးကြီးဆုံးပါ။ ဒါမှ သွားနဲ့သွားဖုံးအတွက်ဘေးအကင်းဆုံးဖြစ်မှာပါ။ ဘရက်ရှ်က မာပြီး မပျော့ပျောင်းဘူးဆိုရင် သွားဖုံးတွေကို ထိခိုက်ပွန်းပဲ့စေပြီး သွားကြွေလွှာတွေပျက်စီးစေပါလိမ့်မယ်။ အားစိုက်ပြီး တိုက်တတ်သူတွေဆို ပိုဆိုးပြီပေါ့။ သွားတိုက်တိုင်းသွေးထွက်တယ်ဆိုတာ ပုံမှန်ပဲလို့ ထင်တဲ့သူတွေရှိပါသေးတယ်။ အမှန်တော့ သွားပွတ်တံဘရက်ရှ်က ကြမ်းတာရယ်၊ သွားဖုံးကျန်းမာရေးမကောင်းတာရယ်ကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သွားနဲ့သွားဖုံးကို ထိခိုက်မှုမရှိအောင် အပျော့ပျောင်းဆုံး ဘရက်ရှ်ကိုအသုံးပြုထားတဲ့ အမှတ်တံဆိပ်ကိုရွေးချယ်သင့်ပါတယ်။

    စိတ်ချရတဲ့ အမှတ်တံဆိပ်

    အမှတ်တံဆိပ်ပေါင်းစုံ၊ ဈေးနှုန်းပေါင်းစုံနဲ့ ဈေးကွက်မှာရွေးစရာသိပ်များပေမယ့် အရည်အသွေးစိတ်ချရတဲ့ အမှတ်တံဆိပ်ဆိုတာ တစ်ခါသုံးဖူးရုံနဲ့နောက်ပိုင်းစွဲလမ်းမိအောင် ဆွဲဆောင်တတ်ပါတယ်။ သွားပွတ်တံ ဘယ်နှမျိုးပဲထုတ်ထုတ် အပေါ်ကအချက်တွေနဲ့ပြည့်စုံနေတဲ့ အမှတ်တံဆိပ်ကို ကိုယ်သုံးဖူးလည်းမှတ်ထားသင့်သလို ရင်းနှီးသူတွေညွှန်းပေးတာကိုလည်း ရှာသုံးကြည့်သင့်ပါတယ်။ သွားပွတ်တံဖြစ်ပြီးရော တံဆိပ်မမေးဘဲ တွေ့ရာဝယ်သုံးတာလည်း မလုပ်သင့်ဆုံးအချက်ပါ။ အရည်အသွေးနိမ့်တဲ့ အမှတ်တံဆိပ်တွေကို သုံးမိရင် နောက်ဆက်တွဲထိခိုက်မှာ ကိုယ့်ကျန်းမာရေးဖြစ်လို့ အသေးအဖွဲဆိုပြီး မပေါ့ဆသင့်ပါဘူး။ ဥပမာ -လက်ကိုင်၊ ဘရက်ရှ်၊ အရွယ်အစား အားလုံးက လူတိုင်းနဲ့အဆင်ပြေအောင် ထုတ်လုပ်ထားပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းမျိုးပေါ့။

    နောက်ဆုံးတစ်ချက်အရေးကြီးတာက သွားပွတ်တံဘယ်လောက်ကောင်းကောင်း နှမျောပြီး ဆက်သုံးမနေပါနဲ့။ သွားပွတ်တံကို ၃လ သို့မဟုတ် ၄ လ တစ်ကြိမ် အသစ်ဝယ်သုံးပါ။ သုံးတာကြာလာရင် ဘရက်ရှ်မွေးတွေဖွာလာတာ၊ ပျက်စီးလာတာဆိုရင် သွားတိုက်သန့်စင်တာ အရင်လောက်မထိရောက်တော့ပါဘူး။ ဒါကြောင့် သွားပွတ်တံတစ်ချောင်း သုံးတာ ကြာပြီဆိုတာနဲ့ လွှင့်ပစ်ပြီး နောက်အသစ်တစ်ချောင်း ဆက်သုံးရမယ်နော်။ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်မိတာကြောင့် နောက်ဆက်တွဲကျန်းမာရေး ဆိုးကျိုးတွေဖြစ်မလာစေဖို့ ကိုယ်တိုင်အတွက်ရော မိသားစုဝင်တွေပါ သေချာတစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုမယ်နော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement