backup og meta

ခံတွင်းအနံ့ဆိုး ဘာကြောင့် ဖြစ်ရတာလဲ


Ye Myo Myat မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့ဆိုး ဘာကြောင့် ဖြစ်ရတာလဲ

    ခံတွင်းကနေ အနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကိုယ့်အတွက်ကိုရော ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စပါ။ အချိန်ကြာလာတာနဲ့အမျှ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာနိုင်ပါတယ်။

    ဘာကြောင့် ခံတွင်းအနံ့ဆိုး ထွက်လာတာလဲ။ ဘယ်လိုဖြေရှင်းမလဲ။

    တချို့သော အစားအစာတွေ၊ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေ၊ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။

    ခံတွင်းသန့်စင်ဆေးရည်တွေ၊ ပူရှိန်းပါတဲ့ သကြားလုံးတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ခေတ္တခဏ ပျောက်စေနိုင်ပေမဲ့ ရေရှည် ခံတွင်းကျန်းမာရေးအတွက်တော့ အဆင်မပြေပါဘူး။

    ခံတွင်းအနံ့ဆိုး ထွက်လာရတဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

    ၁။ အစားအစာ

    အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်ကြိုးကို အသုံးပြုပြီး စားကြွင်းစားကျန်တွေကို ဖယ်ရှင်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းခတ်မှုန့် တချို့၊ ချောကလက်၊ ကော်ဖီ အစရှိတဲ့ အစားအစာတွေဟာ ခံတွင်းအနံ့ဆိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါပါတယ်။ ဒီလိုမဖြစ်ရအောင် အစာစားပြီးတိုင်း သေချာ ပလုတ်ကျင်းပြီး ခံတွင်းသန့်စင်သင့်ပါတယ်။

    ၂။ ဆေးလိပ်

    ဆေးလိပ်သောက်ခြင်းဟာ သွားအရောင်ကို မှိန်စေတဲ့အပြင် ခံတွင်းအနံ့ဆိုးကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေဟာ ခံတွင်းအနံ့ဆိုးသာမက တခြားသော ခံတွင်းရောဂါ ဖြစ်စေဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓါနဲ့ ခံတွင်းကျန်းမာရေးအတွက် ဆေးလိပ်ကို ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

    ၃။ ခံတွင်းခြောက်ခြင်း

    တစ်ခါတလေ အလုပ်များတဲ့အချိန် ရေသောက်နည်းသွားတဲ့အခါမျိုးမှာ၊ စကားအများကြီးပြောမိလို့ ပါးစပ်က ခြောက်နေတဲ့အခါ ခံတွင်းအနံ့ထွက်လာနိုင်ပါတယ်။ အိပ်စက်ပြီး နိုးလာချိန်မှာလည်း ခံတွင်းခြောက်တတ်တဲ့အတွက် မနက်ခင်းနိုးလာတဲ့အခါ ပါးစပ်က အနံ့ထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ညအိပ်ခါနီးမှာ သွားသေချာတိုက်ပြီးမှ အိပ်ပါ။

    ၄။ ခံတွင်းသန့်ရှင်းမှု မရှိခြင်း

    တစ်ကိုယ်ရည် သန့်ရှင်းမှုလိုပါပဲ။ ခံတွင်းသန့်ရှင်းရေးဟာလည်း နေ့စဉ် ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ခံတွင်း သန့်ရှင်းမှု မရှိတဲ့အခါ အနံ့ဆိုးထွက်လာနိုင်တယ်။ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။

    အကောင်းဆုံး နည်းလမ်းကတော့ တစ်နေ့ကို ၂ကြိမ် သွားပွတ်တံကို အသုံးပြုပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားမှန်မှန်တိုက်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ သွားကြားထဲမှာ အစားအစာ အကြွင်းအကျန်တွေ မရှိအောင် သွားပွတ်ကြိုးနဲ့ သေချာသန့်စင်ပေးပါ။ ဒီနည်းလမ်းတွေဟာ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အပြင် ပါးစပ်ထဲ ဘက်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ သောက်နေတဲ့ ဆေးတွေ

    တချို့သော ဆေးတွေဟာ ခံတွင်းကို ခြောက်စေပြီး အနံ့ဆိုးထွက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒီအခါမှာ သွားဆရာဝန်ကို သေချာပြသပြီး ဆေးပြောင်းသင့်၊ မပြောင်းသင့်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်လိုက်တာမျိုးတော့ မလုပ်ရပါဘူး။

    ၆။ ခံတွင်းအနာဖြစ်ခြင်း

    တခါတလေ ပါးစပ်မှာ အနာပေါက်တာ ရှိနိုင်သလို၊ သွားနှုတ်ပြီးချိန် ခံတွင်းကို ထိခိုက်မိပြီး ဖြစ်တဲ့အနာတွေ၊ သွားနှုတ်ထားတဲ့ သွားဖုံးနေရာကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။

    ခံတွင်းအနံ့ဆိုးကို အမြစ်ပြတ်ပျောက်စေဖို့ ကိုယ့်ရဲ့ ခံတွင်းကို နေ့စဉ် သေချာသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကို ထိခိုက်စေမယ့် အအေးတွေ၊ အစားအစာတွေကို လျှော့စားပေးပါ။ သွားဆရာဝန်ဆီ အနည်းဆုံး ၆လ တစ်ကြိမ် သွားရောက်ပြသပြီး စစ်ဆေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement