backup og meta

ဝါဝါထိန်ထိန် သွားပေါ်က ကျောက်ကလေးတွေ


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါဝါထိန်ထိန် သွားပေါ်က ကျောက်ကလေးတွေ

    နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ရာမှာ ခံတွင်းကို သေချာသန့်ရှင်းပေးဖို့လည်း အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းဖို့ နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားကို သေချာတိုက်ပေးရမယ်။ လျှာကို ပလတ်စတစ် လျှာခြစ်တံနဲ့ တစ်နေ့ကို တစ်ကြိမ်လောက် ခြစ်ချပေးရမယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းရမယ်။ သွားပွတ်ကြိုးကို အသုံးပြုပြီး သွားကြားထဲ ကပ်ငြိနိုင်တဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးရမယ်။ ဒီလိုမျိုး ပုံမှန်သန့်ရှင်းရေးလုပ်ပြီး ကိုယ့်ရဲ့ သွားကို ဂရုစိုက်မှ အနံ့အသက်ကင်းကင်းနဲ့ ပုလဲလုံးလို ညီညာဖြောင့်တန်းနေတဲ့ သွားလှလှလေးတွေ ပိုင်ဆိုင်ရမှာပေါ့။

    အဲ့လိုမဟုတ်ဘဲ သွားကို သေချာမတိုက်ဘူး၊ ခံတွင်းသန့်ရှင်းမှုကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားပိုးတွေဟာ သွားကြားထဲမှာ ပေါက်ဖွားလာပြီး သွားတွေက တဖြည်းဖြည်းနဲ့ ဝါလာမယ်။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီ အဝါရောင်အရိအချွဲ (သွားချေး) ကနေ ကျောက်တွေလို ဖြစ်လာမှာပါ။ ဒီသွားချေးကျောက် တွေဟာ သွားကို ပျက်စီးစေတဲ့ အဓိကတရားခံတွေထဲက တစ်ခုပါပဲ။

    သွားချေးကျောက်တွေဟာ သွားကို ဘယ်လိုပျက်စီးစေနိုင်လဲ။

    ၁။ သွားအပေါ်မှာ ကျောက်လိုမျိုး ဖုံးအုပ်နေတဲ့အတွက်ကြောင့် သွားတိုက်တဲ့အခါ၊ သွားပွတ်ကြိုး အသုံးပြုတဲ့အခါ ထိရောက်မှု နည်းသွားပါတယ်။

    ၂။ သွားကို သေချာမသန့်ရှင်းနိုင်တော့တာကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်လာမယ်။ သွားရဲ့ အပေါ်ယံကြွေလွှာတွေ ပါးလာပြီး သွားပိုးစားနိုင်ပါတယ်။

    ၃။ သွားချေးတွေ စုပြီး ဖြစ်လာတဲ့ ကျောက်တွေဟာ ပုံမှန်ခံတွင်းနံ့ထက် တော်တော်လေးကို ဆိုးရွားတဲ့ အနံ့ဆိုးတွေ ဖြစ်စေပါတယ်။

    ၄။ သွားပေါ်တင်မကဘဲ သွားဖုံးထဲထိ သွားချေးကျောက်တွေ စိုက်ဝင်နေတဲ့အတွက်ကြောင့် သွားဖုံးသွေးယိုစိမ့်တာ၊ ရေစီးကမ်းပြိုလိုက်တာ၊ သွားဖုံးယောင်တာတွေ ဖြစ်နိုင်ပါတယ်။

    ၅။ အချိန်တော်တော်လေးကြာတဲ့အထိ ပစ်ထားတဲ့အခါ သွားကြားမှာ အပေါက်တွေ ဖြစ်လာမယ်။ သွားပိုးစားြပီး နဂိုသွားအရောင်ပျောက်ကာ ညိုညစ်ညစ်အရောင် ဖြစ်လာမယ်။

    ၆။ သွားနဲ့ မေးရိုးကို ဆက်စပ်နေတဲ့ တစ်သျှူးတွေ၊ အရိုးနုလေးတွေကို ဘက်တီးရီးယားပိုးတွေက ဖြည်းဖြည်းချင်း ပျက်စီးစေမယ်။

    ၇။ သွားချေးကျောက်ထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားကြောင့် ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေအပြင် နှလုံးရောဂါအထိ ဖြစ်စေနိုင်ပါတယ်။

    သွားချေးကျောက် မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

    ၁။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မှန်မှန်တိုက်ပေးပါ။ မှန်ကန်တဲ့ သွားတိုက်နည်းစနစ်နဲ့ ၂မိနစ်ခန့် နေ့စဉ်သွားတိုက်ပါ။

    ၂။ သွားတိုက်ပြီးတိုင်း လျှာခြစ်တံအပျော့စားလေးနဲ့ သွားပေါ်က အဖြူရောင်အရိအချွဲတွေကို ဖြည်းဖြည်းချင်း ခြစ်ထုတ်ပါ။

    ၃။ သွားကို ပျက်စီးစေတဲ့ အချိုဓါတ်များလွန်းတဲ့ အစားအစာ၊ ဖျော်ရည်တွေ၊ သွားကို အရောင်စွန်းထင်းစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ စေးကပ်ပြီး သွားကြားထဲ ကပ်ငြိနေနိုင်တဲ့ အစားအစာတွေကို လျှော့စားသုံးပေးပါ။

    ၄။ အစာစားပြီးရင် သွားပွတ်ကြိုးနဲ့ သွားကြားထဲက စားကြွင်းစားကျန်တွေကို ခြစ်ထုတ်ပါ။ ပြီးရင် ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ပိုးသတ်ဆေးရည် သို့မဟုတ် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပါ။

    ၅။ ဆေးလိပ်သောက်ခြင်းဟာ သွားတွေကို အရောင်မှိန်စေပြီး သွားချေးတွေ ဖြစ်စေတယ်။ ခံတွင်းအနံ့ဆိုးကိုလည်း ဖြစ်စေတာကြောင့် ဒီအကျင့်ကို စောစီးစွာ ဖျောက်ထားတာအကောင်းဆုံးပါပဲ။

    သွားချေးကျောက် ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်သင့်လဲ။

    အဝါရောင် သွားချေးမှ ကျောက်အဖြစ် ဖြစ်တည်လာပြီဆိုရင်တော့ သွားနဲ့ ခံတွင်းဆရာဝန်သာလျှင် ဖယ်ရှားပေးလို့ ရမှာပါ။ ဒါကြောင့် သွားဆေးခန်းကို အနည်းဆုံး ၆လ တစ်ကြိမ် သွားရောက်ပြသပြီး ကိုယ့်သွားနဲ့ ခံတွင်းအခြေအနေကို ပုံမှန်စစ်ဆေးပေးဖို့လည်း အရေးကြီးပါတယ်။ သွားချေးကျောက်တည်နေတာ၊ ခံတွင်းအနံ့ဆိုး ထွက်နေတာကို စောစောသိလေ၊ ဖြေရှင်းဖို့ ပိုမိုလွယ်ကူလေပါပဲ။

    သွားချေးကျောက်ဆိုတာ ခံတွင်းပြဿနာမျိုးစုံကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ ပါပေမဲ့ အချိန်မီ ဖယ်ရှားသန့်စင်ပေးမယ်ဆိုရင် တခြားကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ထိရောက်စွာ တားဆီးပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement