ပုံမှန်အားဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ချောကလက်၊ ကော်ဖီ အစရှိတဲ့ အစားအစာတွေ စားပြီး သောက်ပြီးတဲ့အခါ ခံတွင်းက အနံ့ထွက်လာနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်မို့ မထူးဆန်းတော့ပေမယ့် အစာစားပြီး ပလုတ်ကျင်း၊ ခံတွင်းသန့်ရှင်းပြီးတဲ့အခါမှာတောင် ခံတွင်းအနံ့ဆိုး ကျန်နေသေးတယ်၊ ပျောက်မသွားဘူးဆိုရင် ခံတွင်းအနံ့ဆိုး ရှိတာ သေချာနေပါပြီ။
၄။ ပါးစပ်ထဲမှာ မကောင်းတဲ့ အရသာ ရနေတာ
ခံတွင်းအနံ့အသက်ဟာ ပါးစပ်ထဲမှာ ရှိနေတဲ့ တံတွေးကိုပါ သက်ရောက်နေပါတယ်။ ခံတွင်းအနံ့ဆိုး ရှိတဲ့သူတွေမှာ အနံ့ပြင်းတဲ့ တံတွေးတွေ အရသာခံမိတာ၊ အစာစားနေစဉ်မှာ မကောင်းတဲ့ အနံ့အသက်၊ အရသာမျိုး ခံစားမိတာ ဖြစ်နိုင်ပါတယ်။
၅။ လက်ကောက်ဝတ်ဖြင့် စမ်းသပ်ခြင်း
လက်ကောက်ဝတ်အတွင်းဘက်ကို လျှာနဲ့ အရင်လျက်ကြည့်ပါ။ တစ်မိနစ်လောက် အခြောက်ခံထားပြီး အနံ့ခံကြည့်လို့ မကောင်းတဲ့ အနံ့အသက်မျိုး ထွက်နေပြီဆိုရင် ကိုယ့်မှာ ခံတွင်းအနံ့ဆိုး ရှိနေတာ သေချာပါတယ်။ လူတော်တော်များများကတော့ ခံတွင်း နံ၊ မနံ သိချင်ရင် ပါးစပ်ကို လက်နဲ့ အုပ်ပြီး၊ ပါးစပ်ကနေ အသက်ရှူထုတ်ပြီး ထွက်လာတဲ့ လေကို ရှူရှိုက်တတ်ပါတယ်။ ဒီနည်းလမ်းထက်စာရင် လက်ကောက်ဝတ်နဲ့ စမ်းသပ်တဲ့ နည်းလမ်းကို အသုံးပြုတာ ပိုကောင်းပါတယ်။
၆။ ကိုယ် စကားပြောနေချိန် တစ်ဖက်သားလူ မျက်နှာမကောင်းတာ
ကိုယ်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေရတဲ့အခါ ကိုယ့်ဆီက ခံတွင်းအနံ့ဆိုးတွေက တစ်ဖက်သားလူရဲ့ နှာခေါင်းတည့်တည့်ကို တန်းရောက်ပါတယ်။ ဒီအခါမှာ မျက်နှာမကောင်းတာ၊ နှာခေါင်းပိတ်သလို လုပ်တာ၊ မျက်စိမျက်နာ ပျက်နေတာ၊ ရှောင်ထွက်သွားတာမျိုး၊ ကိုယ့်နဲ့ ဝေးရာမှာ စကားပြောတာ အစရှိတဲ့ လက္ခဏာတွေဟာ ကိုယ့်မှာ ခံတွင်းအနံ့ဆိုးရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
၇။ မှန်ကြည့်လိုက်တဲ့အခါ
လူတော်တော်များများ မှန်ကြည့်တဲ့အခါ ခံတွင်းကို သေချာကြည့်ဖို့ မေ့တတ်ပါတယ်။ မနက်ပိုင်း သွားတိုက်ပြီးနောက် မှန်ထဲမှာ လျှာထုတ်ကြည့်လိုက်လို့ ကိုယ့်ရဲ့ လျှာပေါ်မှာ အဖြူရောင်အရိအချွဲတွေ ဖုံးနေမယ်၊ သွားပတ်လည်မှာ အဝါရောင် ကျောက်တွေ(သွားချေး) ကပ်နေတာမျိုးတွေ့ရပြီဆိုရင် ကိုယ့်မှာ ခံတွင်းအနံ့ဆိုး ရှိနေတယ်ဆိုတာ သိနိုင်ပါပြီ။
ခံတွင်းအနံ့ဆိုးခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ ကိုယ့်မှာ ခံတွင်းအနံ့အသက်တွေ ရှိနေတာသေချာသွားပြီဆိုရင်တော့ သွားဆရာဝန်နဲ့သေချာပြသကြည့်လို့ ရပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းဟာ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်နဲ့ စကားပြောတဲ့ သူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တယ်။ ကြာလာတဲ့အခါ စကားပြောရမှာ မဝံ့ရဲတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတာအစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အပြင် သွားအရောင်ဝါလာတာ၊ သွားပိုးစားတာ၊ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၂ကြိမ် ပုံမှန်သွားတိုက်ပြီး၊ သွားပွတ်ကြိုးကိုပါ အသုံးပြုပေးပါ။ ၆လ သို့မဟုတ် တစ်နှစ် တစ်ကြိမ် သွားဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ ခံတွင်းကို သေချာစစ်ဆေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။