backup og meta

အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ

    World health rankingရဲ့  ၂၀၁၈ ဒေတာတွေအရ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား တွေရဲ့ သက်တမ်းက ၆၄.၆နှစ်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ အသက်က ၆၈.၉နှစ် ဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တယ်လို့ ပြောလို့ရတာပေါ့။  မျိုးရိုးဗီဇအရ ဆိုရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးကျန်းမာကြပါတယ်။ ရောဂါတစ်ခုအကြောင်းကို သင်ကြားတဲ့အခါ ဘယ်သူတွေမှာ အဖြစ်များလဲလို့ ကြည့်လိုက်ရင်လည်း အမျိုးသားတွေဆီမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ကမ္ဘာမှာ အသေအပျောက်အများဆုံး ရောဂါ ၁၅ခုကို ကြည့်လိုက်မယ်ဆိုရင်လည်း အယ်ဇိုင်းမားကလွဲပြီး ကျန်တဲ့ရောဂါတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကဲ ….. အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။

    နောက်ထပ်တစ်ခုက အမျိုးသားတွေရဲ့ ကျန်းမာရေးအပေါ်ခံယူချက်ပါ။ အမျိုးသမီးတွေကတော့ တစ်ခုခုဆို စိုးရိမ်တတ်ကြတယ်။ အနာလည်း သိပ်မခံနိုင်ကြဘူး။ ကိုယ့်အတွက်မဟုတ်တောင် ငါမရှိရင် ဘယ်သူထမင်းချက်မှာလဲဆိုတဲ့စိတ်နဲ့ ဆေးရုံဆေးခန်းသွားကြတယ်။ တချို့ကလည်း စိတ်မြန်လက်မြန် မြန်မြန်ကု မြန်မြန်ပျောက်ဆိုပြီး ကုသမှုခံယူကြတာကို တွေ့ရပါတယ်။

    ဒါနဲ့ ဆန့်ကျင်ဘက် အမျိုးသားတွေကျတော့ သူတို့အနေနဲ့ ဘယ်လိုပဲ ခံစားရပါစေ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နိုင်သရွေ့ ကျန်းမာတယ်လို့ပဲ သတ်မှတ်ပါတယ်။ တော်ရုံဆို ယောက်ျားပဲဆိုပြီး ကြိတ်ခံလိုက်ကြပါတယ်။ မသိစိတ်က ယောကျာ်းကြီးတန်မဲ့ ဆေးခန်းပြရမှာ ရှက်စရာ၊ အလုပ်လည်း ရှုပ်ပါတယ်လေဆိုပြီး ထားလိုက်တာ များပါတယ်။ နောက်ပြီး အန္တရာယ်များတဲ့ ကျန်းမာရေး အပြုအမူတွေလို့ သတ်မှတ်ထားတဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ စတာတွေကိုလည်း အမျိုးသားတွေ လုပ်တာများပါတယ်။ (ခုခေတ်တော့ အမျိုးသမီးတွေလည်း အမီလိုက်လာပါပြီ။)

    ဒါတွေကြောင့်များ အမျိုးသားတွေက အမျိုးသမီးတွေထက် ရောဂါတွေ ပိုဖြစ်ကြတာလားလို့ ယူဆစရာရှိပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ တချို့လည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ကို ကျန်းမာရေး လိုက်စားကြတဲ့သူတွေလည်း ရှိပါတယ်။ ပြန်ဆက်ရရင် ဒီလိုအချက်တွေကြောင့် အမျိုးသားတွေဟာ ရောဂါဖြစ်နိုင်ချေ များနေတာပါ။ ရောဂါတွေအများကြီး ရှိပေမယ့် အရေးကြီးတဲ့ရောဂါတချို့ကို ကြည့်ကြည့်ရအောင်။

    အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ

    အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ ကတော့

    • နှလုံးရောဂါ

    နှလုံးရောဂါလို့ ပြောလိုက်ရင် အများကြီးပါတာပေါ့။ လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းတာ စသဖြင့်ပေါ့။ ဒါတွေ အကုန်လုံး အမျိုးသားတွေမှာ ဖြစ်နိုင်ပါတယ်။ American Heart Association အဆိုအရဆိုရင် သူတို့ အမေရိကန်မှာ အသက် ၄၅နှစ်အောက် အမျိုးသားတွေဟာ သွေးတိုးတာ များပါတယ်တဲ့။ ဒါကြောင့် အသက် ၄၀လောက်ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ နှလုံးကို ပုံမှန်စစ်ဆေးဖို့ လိုလာပါပြီ။ ဒါ့ပြင် တခြား အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ ကိုယ်အလေးချိန်များတာ၊ သွေးတွင်းအဆီများတာကိုလည်း ထိန်းသိမ်းဖို့ လိုလာပါပြီ။

    • COPDနဲ့ တခြား အဆုတ်ရောဂါတွေ

    အဆုတ်ရောဂါတွေရဲ့ အစကတော့ ချောင်းဆိုးတာပါပဲ။ ဆေးလိပ်လေးသောက်လိုက် ချောင်းလေးဆိုးလိုက်၊ ဘာဖြစ်လဲ ခဏနေပျောက်သွားမှာပါဆိုတဲ့ ငြင်ဆိုးလေးက ကိုယ့်ကို တွန်းအားပေးနေတာပါ။ ဒီလို ချောင်းဆိုးတာကနေပဲ နောက်ပိုင်း အသက်မရှူနိုင်လောက်တော့တဲ့ ရောဂါတွေအထိ ဖြစ်သွားတာပါ။ American Lung Association အဆိုအရ တစ်နှစ် တစ်နှစ် အဆုတ်ကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသားတွေ ပိုပိုပြီး များလာပါတယ်တဲ့။ လုပ်ငန်းခွင်ထဲက ကျောက်မှုန့်တွေ ရှူမိလို့ အဆုတ်ထိခိုက်ရတာတွေ ရှိပေမယ့် ဆေးလိပ်ကြောင့် အဆုတ်ပျက်စီးတာကိုတော့ မမီသေးပါဘူး။ ဆေးလိပ်သောက်တာ နှစ် ၃၀လောက်ရှိနေပြီဆိုရင် ကွန်ပျူတာ ဓာတ်မှန်လေးရိုက်ပြီးတော့ ဖြစ်ဖြစ် အဆုတ်ကင်ဆာ စစ်ကြည့်ဖို့ အကြံပြုထားပါတယ်။

    • အရက်ပြဿနာ

    CDC အဆိုအရ အမျိုးသား တွေဟာ အမျိုးသမီးတွေထက် အရက်ကြောင့် သေဆုံးတာ၊ ဆေးရုံတက်ရတာ ပိုများပါတယ်တဲ့။ အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆလောက်ပိုသောက်နိုင်တာကိုး။ ဒီအရက်ကြောင့်ပဲ ရန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ၊ မတော်တဆဖြစ်တာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုဖြစ်လာပါတယ်။ နောက်ပြီး ရေရှည်မှာ မြုံတာကစလို့ ကိုယ်တွင်းအင်္ဂါတွေလည်း ကင်ဆာတွေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါသေးတယ်။

    • စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာ

    အမျိုးသားတွေဟာ အပြင်ပန်းကြည့်ရင် စိတ်မာတယ်ထင်ရပေမယ့် သူတို့ဟာလည်း ခံစားတတ်တဲ့ လူသားပါပဲ။ သူများတွေလိုပဲ စိတ်ဖိစီးတတ်တယ်၊ ဝမ်းနည်းတတ်တယ်။ ယောကျာ်းလေးမဟုတ်ဘူးလား၊ မငိုရဘူးလေ ဆိုတာတစ်ခုတည်းနဲ့ သူတို့ရဲ့ ခံစားချက်တွေကို မျိုသိပ်ခိုင်းတာ သိပ်တော့ သဘာဝမကျပါဘူး။ နှစ်စဉ်နဲ့ အမျှ စိတ်ကျတဲ့ အမျိုးသားတွေ များပြားလာပြီး အကျိုးဆက်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာတွေပါ လိုက်လာပါတော့တယ်။

    ဒီလို မဖြစ်အောင် ကိုယ့်ရဲ့ ခံစားချက်ကို ရင်ဖွင့်ပါ။ တတ်ကျွမ်းသူဆီမှာ ကုသမှု ခံယူပါ။ ကိုယ်မကျန်းမာတာကိုတောင် ဆေးမကုချင်တဲ့ အမျိုးသားတွေအတွက် စိတ်ကျန်းမာရေးကုသမှု ခံယူဖို့ဆိုတာ အခက်အခဲပါပဲ။ တကယ်တော့ ဒီနှစ်ခုက တူတူပါပဲ။ ဒီနှစ်ခုလုံးကျန်းမာမှ လူက ကျန်းမာတယ်လို့ ခေါ်နိုင်မှာပါ။ တခြားရောဂါတွေနဲ့ တူတူပဲမို့လို့ ကုသမှုခံယူဖို့ မရှက်ပါနဲ့။

    • မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာ

    ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ ယာဉ်တိုက်မှု၊ ရေနစ်တာက စလို့ ဓာတ်လိုက်တာ၊ အမြင့်ကပြုတ်ကျတာ အကုန်လုံး အမျိုးသားတွေက ပိုအဖြစ်များပါတယ်။ လွယ်လွယ်လေးပါဆိုပြီး ပေါ့ဆမိတာလည်း ပါမှာပေါ့။ ဘာပဲလုပ်လုပ် safety measuresကို မမေ့ပါနဲ့။

    • အသည်းရောဂါ

    ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေး သုံးစွဲတာတွေကြောင့် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး အပါအဝင် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ယောကျာ်းလေးတစ်ယောက် အသည်းမကောင်းရင် အရက်သောက်လားလို့ စမေးရတဲ့အထိ အဖြစ်များပါတယ်။

    • တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါ

    ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူဆိုရင် အဆုတ်မကောင်းတာကြောင့် သူများထက် ရောဂါပိုးဝင်လွယ်မှာပါ။ တစ်ဆက်တည်းမှာပဲ ခုခံအားလည်း ကျနေမှာ ဖြစ်တဲ့အတွက် နလန်ထဖို့လည်း မလွယ်ပါဘူး။ ဒီလိုနဲ့ပဲ အဆုတ်ရောင်ပြီး သေဆုံးသွားရတာတွေ ရှိပါတယ်။

    • HIV/ AIDS

    အမျိုးသားတွေက HIV ပိုးကူးခံရင်တောင် ကူးထားမယ်သိမှာ မဟုတ်ပါဘူး။ အစောပိုင်းကာလမှာ အအေးမိသလိုလို၊ တုပ်ကွေးဖြစ်သလိုလို ခံစားရတာပဲလည်း ပါတာပေါ့။ ၂၀၂၀ CDC ရဲ့ ဒေတာတွေအရ အမျိုးသားတွေဟာ HIVကူးစက်ခံရတာ ပိုများပြီး သူတို့ထဲက အများစုက လိင်တူဆက်ဆံသူတွေ ဖြစ်ပါတယ်တဲ့။

    အမျိုးသားဖြစ်တိုင်း ဒီရောဂါတွေ ခံစားရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ပြန်ကြည့်ကြည့်လိုက်ရင် အမျိုးသားဖြစ်နေတယ် ဆိုတာထက် ကိုယ့်ရဲ့ အပြုအမူတွေကသာ ရောဂါတွေကို ပိုဖြစ်စေတာပါ။ ဒီအပြုအမူတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မယ်။ နေထိုင်မယ်ဆိုရင် အသက်ရှည်ရှည်နေနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement