backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ

သွေးတိုးခြင်း ဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။

ကောင်းတဲ့အချက်ကတော့ သွေးတိုးခြင်း ကို သက်သာစေဖို့ လုပ်ဆောင်နိုင်တဲ့ နေထိုင်မှုပုံစံတွေ ရှိနေပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများက ဘာတွေလဲ ဆိုတာပါပဲ။

၁။ ပုံမှန်လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးတိုးလျှော့ချနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် နှလုံးကို ပိုမိုသန်မာစေပြီး သွေးများကို ညှစ်ထုတ်ပေးရာမှာ ပိုမိုထိရောက်စေပါတယ်။ သုတေသနတွေအရ လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းမျိုးကို တပတ်မှာ ၁၅၀ မိနစ်၊ ပြေးုခြင်းကဲ့သို့ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ် ၇၅ မိနစ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဟာ သွေးပေါင်ချိန်ကို မှန်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးရင် လုံလောက်ပါတယ်။

၂။ ဆားလျှော့စားပါ

ဆားများများစားမိရင် သွေးတိုးပြီး နှလုံးပြဿနာတွေ ကြုံနိုင်ပါတယ်။ လူတယောက်ချင်းစီရဲ့ မျိုးရိုးဗီဇပေါ် မူတည်ပြီး ဆိုဒီယမ် (ဆား) အပေါ် တုံ့ပြန်ပုံ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ဆိုဒီယမ်နဲ့ သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ ဆက်စပ်နေကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ သွေးတိုးအခံရှိရင် ဆားများများပါတဲ့ အစားအစာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၃။ အရက်လျှော့သောက်ပါ

အရက်ကြောင့် သွေးတိုးစေနိုင်ပါတယ်။ စစ်တမ်းတွေအရ အယ်လ်ကိုဟောဟာ ကမ္ဘာတလွှားက သွေးတိုးပြဿနာများရဲ့ ၁၆ ရာခိုင်နှုန်းနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေဆိုရင် တနေ့တခွက်၊ အမျိုးသားများဆိုရင် တနေ့နှစ်ခွက်ထက် ပိုမသောက်ရပါဘူး။

၄။ ပိုတက်ဆီယမ်များသော အစားအစာများစားပါ

ပိုတက်ဆီယမ်ဟာ အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဟာ ဆိုဒီယမ်ကို လျော့နည်းစေပြီး သွေးပေါင်ကျစေပါတယ်။ ပိုတက်ဆီယမ်များများရဖို့အတွက် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပြီး လတ်ဆတ်တဲ့ အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့

– အရွက်စိမ်းများ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ

– ဖရဲသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တရုတ်ဆီးသီး

– နို့၊ ဒိန်ချဉ် စသည့် နို့ထွက်ပစ္စည်းများ

– တူနာငါး၊ ဆယ်လ်မွန်ငါး

– အစေ့အဆန်များ

– ပဲအမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။

၅။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးခြင်းဟာလည်း သွေးတိုးစေတဲ့ အကြောင်းအရင်းတရပ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာရင် နှလုံးခုန်မြန်လာပြီး သွေးကြောများကို ကျဉ်းလာစေပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးခြင်းပါ ဖြစ်မလာအောင် တေးဂီတနားထောင်ခြင်း၊ တရားထိုင်ခြင်း၊ အပင်စိုက်ခြင်း ပျိုးထောင်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြေလျှော့နိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ လုပ်ငန်းခွင်ကနေ ခေတ္တ အနားယူသင့်ပါတယ်။

၆။ အနက်ရောင်ချောကလက် (သို့) ကိုကိုးစားပါ

ချောကလက်ညိုနဲ့ ကိုကိုးမှာ flavonoid လို့ခေါ်တဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ ၎င်းပစ္စည်းဟာ သွေးကြောတွေကို ကျယ်စေတဲ့ အာနိသင်ရှိတာကြောင့် သွေးတိုးကျစေပါတယ်။

၇။ ကိုယ်အလေးချိန်လျှော့ပါ

ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုအရ ကိုယ်အလေးချိန်ရဲ့ ၅ရာခိုင်နှုန်းကို လျှော့ချနိုင်ရင် သွေးတိုးခြင်းကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့သွားရင် နှလုံးရဲ့ ကျုံ့နိုင်ပြန့်နိုင်အား ပိုကောင်းလာပြီး နှလုံးသွေးလွှတ်ခန်းကနေ သွေးကို ပိုမိုညှစ်ထုတ်ပေးနိုင်ပါတယ်။

၈။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်လိုက်တိုင်းမှာ သွေးပေါင်ချိန်ကို အနည်းငယ်တက်စေပါတယ်။ ဆေးရွက်ကြီးမှာပါတဲ့ ဓာတ်ပစ္စည်းများဟာ သွေးကြောတွေကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးပေါင်တက်ခြင်းကို အမြဲတမ်းဖြစ်စေသလား အထောက်အထား ခိုင်မာစွာ မရှိပေမယ့် ဆေးလိပ်သောက်ခြင်းရော သွေးတိုးခြင်း နှစ်မျိုးစလုံးဟာ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တာကြောင့် ဆေးလိပ်ဖြတ်သင့်ပါတယ်။

၉။ ဘယ်ရီသီးစားပါ

ဘယ်ရီသီးဟာ အရည်ရွှမ်းပြီး polyphenol ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပါတယ်။ အဆိုပါပစ္စည်းဟာ နှလုံးအတွက် ကောင်းမွန်ပြီး သွေးတိုးလည်း ကျစေတယ်လို့ သိရပါတယ်။

၁၀။ တရားထိုင်ပါ

တရားထိုင်ခြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းများဟာ ကိုယ်ခန္ဓာကို ပြေလျော့စေပါတယ်။ နှလုံးခုန်နှုန်းကို နှေးစေပြီး သွေးတိုးကျစေပါတယ်။

၁၁။ မဂ္ဂနီဆီယမ်စားပါ

မဂ္ဂနီဆီယမ်ဟာ သွေးကြောတွေကို ပျော့ပြောင်းပြေလျော့စေပါတယ်။ သုတေသနတချို့အရ မဂ္ဂနီဆီယမ် နည်းပါးသူများဟာ သွေးတိုးလွယ်ကြောင်း သိရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ကြက်သား၊ အသားငါး၊ မပြုမပြင်ရသေးတဲ့ အစေ့အဆန် စတာတွေကို စားသုံးပေးခြင်းဟာ သွေးပေါင်ချိန်ထိန်းပေးနိုင်ဖို့ အထောက်အကူ ပြုပါတယ်။

…………………………………

သွေးတိုးခြင်းဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတဲ့ပြဿနာတွေကို ဖြစ်ပွားစေနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဖြစ်လာရင် ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပြီး သွေးကျဆေးများကို ပုံမှန်သောက်သုံးသင့်ပါတယ်။

ဆေးဝါးများ သောက်သုံးတဲ့အပြင် ဖော်ပြခဲ့တဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို ပုံမှန်ဆောင်ရွက်ရင် သွေးပေါင်ချိန်ကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တာတွေကတော့ သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ ပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement