backup og meta

ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအစားအစာတွေ စားပေးရမလဲ


Ye Zon Aung မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအစားအစာတွေ စားပေးရမလဲ

    ကျန်းမာသန်စွမ်းမှု၊ ခွန်အားကြီးမားမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုဟာ အမျိုးသားတစ်ယောက်အတွက် တန်ဖိုးရှိလှတဲ့ ဂုဏ်ပုဒ်တွေဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းပြီး ဘာမဆို စွမ်းဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ဘယ်လောက်တောင် Sexy ကျလိုက်သလဲနော်။

    မိန်းမတွေရဲ့ ကောင်းခြင်း ၅ ဖြာရှိသလို ကျန်းမာ၊ ကြံ့ခိုင်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိတာကလည်း အမျိုးသားတွေအတွက် ကောင်းခြင်း မင်္ဂလာတွေပါပဲ။

    ကိုယ်ကာယ ကြံ့ခိုင်ဖို့၊ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ဆိုတာက ဒီအတိုင်း ထိုင်နေရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ဖို့၊ အသိပညာဗဟုသုတတွေ လေ့လာနေဖို့အပြင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မှီဝဲနေဖို့လည်း လိုအပ်ပါသေးတယ်။

    ဘယ်လောက် လေ့ကျင့်ခန်းတွေလုပ်ပြီး ဘယ်လောက် ဗဟုသုတတွေလေ့လာတယ်ပြောပြော အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ မျှတအောင် မမှီဝဲဘူးဆိုရင် ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးနဲ့ လွဲချော်မှာဖြစ်သလို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာဖို့လည်း မရှိပါဘူး။

    ဒါဆို အမျိုးသားတစ်ယောက် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်လာအောင် ဘယ်လိုအစားအစာတွေ မှီဝဲရမလဲ။ ဆက်ပြီးလေ့လာကြည့်ရအောင် –

    အနီရောင်အဆင်းရှိတဲ့ အသား

    အမဲသား၊ ဆိတ်သားတို့လို အနီရောင်အဆင်းရှိတဲ့ အသားတွေဟာ amino acid ကြွယ်ဝစွာပါဝင်တာမို့ ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပြီး အမျိုးသားတွေရဲ့ အိပ်ရာပေါ်က စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

    ချယ်ရီသီး

    ချယ်ရီသီးပဲဖြစ်ဖြစ် ချယ်ရီသီးဖျော်ရည်ကို မှီဝဲတာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အကျိုးကျေးဇူးရမှာဖြစ်ပါတယ်။ ချယ်ရီသီးဟာ ကြွက်သားသန်စွမ်းကြံ့ခိုင်စေပါတယ်။ ဒါကြောင့်လည်း အမေရိကန်က NFL ကစားသမားအများစုဟာ ချယ်ရီသီးဖျော်ရည်ကို မှီဝဲကြတာဖြစ်ပါတယ်။

    ချောကလက်

    ချောကလက်ဟာ သွေးတွင်း ကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပေမယ့် လိင်အင်္ဂါထောင်မတ်နိုင်စွမ်းနဲ့ အိပ်ယာပေါ်က စွမ်းဆောင်ရည်ကိုတော့ သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ တစ်နေ့ကို ချောကလက် တစ်အောင်စလောက် စားပေးတာဟာ သင့်လျော်တဲ့ ပမဏဖြစ်ပါတယ်။

    Shellfish

    Shellfish တွေနဲ့ ပင်လယ်စာတွေဟာ Zinc ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးပွားခြင်းနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ ထိထိရောက်ရောက် အကျိုးပြုပါတယ်။

    ထောပတ်သီး

    ထောပတ်သီးဟာ လူကို အကျိုးပြုနိုင်တဲ့ အဆီဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ monounsaturated fat ဟာ လူကို အကျိုးပြုသလို ကိုလက်စထရောလျှော့ချရေးမှာပါ အသုံးဝင်ပါတယ်။

    ပင်လယ်ငါး

    ဆယ်လ်မွန်၊ ဆာဒင်း၊ ဟာလီဘတ်စတဲ့ ပင်လယ်ငါးတွေမှာလည်း လူကို အကျိုးပြုတဲ့ အဆီဓာတ်တွေ ပါဝင်နေပါတယ်။ နောက်ပြီး omega-3 fatty acids လည်း ဒီငါးတွေမှာ ပါရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါကို လျော့ပါးသက်သာစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်။

    ချင်း

    ကျန်းမာရေးအတွက် အမျိုးမျိုးအဖုံဖုံအသုံးတည့်လှတဲ့ ချင်းဟာ ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးစေသလို ထိခိုက်ရှနာတွေကို အလျင်အမြန်သက်သာစေတဲ့ အကျိုးကျေးဇူးကိုလည်း ပေးစွမ်းပါတယ်။

    နို့နဲ့ ဒိန်ချဉ်

    နို့၊ နို့ထွက်ပစ္စည်းတွေနဲ့ ဒိန်ချဉ်တွေဟာ amino acid တစ်မျိုးဖြစ်တဲ့ leucine ပါရှိပါတယ်။ ဒီဓာတ်ကြောင့် ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုမှာဖြစ်သလို ပိုတက်ဆီယမ်နဲ့ ပရိုတိန်းတွေကြောင့်လည်း ခွန်အားပြည့်ဝနေစေမှာ ဖြစ်ပါတယ်။

    ငှက်ပျောသီး

    ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ကြွက်သားနဲ့ အရိုးတွေ သန်စွမ်းကြံ့ခိုင်စေမယ့် လျှို့ဝှက်လက်နက်ကောင်းပါပဲ။ ဒါ့အပြင် သွေးတိုးကိုလည်း ကျစေပါသေးတယ်။

    အစေ့အဆံများ

    နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့စတာတွေဟာ ဆီလီယံနဲ့ သက်စောင့်ဓာတ်တွေပါဝင်နေတာမို့ သိုင်းရွိုက်ရောဂါတွေကို ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။

    ခရမ်းချဉ်သီးအနှစ်

    ခရမ်းချဉ်သီးဟာ lycopene ကြွယ်ဝစွာပါဝင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအမှည့် ဒါမှမဟုတ် အနှစ်ကို ပုံမှန်မှီဝဲစားသုံးမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပြီး ကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။ အာဟာရဓာတ်အများအပြား မှီတင်းပါဝင်နေတာမို့ ခရမ်းချဉ်သီး ဒါမှမဟုတ် အနှစ်ကို ပုံမှန်မှီဝဲစားသုံးပေးသင့်ပါတယ်။

    ပဲပိစပ်

    ပဲပိစပ် ဒါမှမဟုတ် ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ တိုဟူး၊ မီဆိုစွပ်ပြုတ်၊ ပဲနို့စတာတွေဟာ ကင်ဆာကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။

    လိမ္မော်အုပ်စုဝင် အသီးများ

    လိမ္မော်သီးအပါအဝင် ရှောက်ချို၊ ပျားလိမ္မော်၊ သကြားလိမ္မော်စတာတွေမှာ beta-carotene၊ lutein နဲ ဗီတာမင် C တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအသီးတွေကို စားသုံးပေးရင် အမျိုးသားတွေရဲ့ သုက်ရည်ဂလင်းတွေကို ပိုမိုကျန်းမာဖွံ့ဖြိုးစေနိုင်ပါတယ်။

    အစိမ်းရောင်ရှိတဲ့ အရွက်များ

    ကညွတ်၊ ကိုက်လန်တို့လို အစိမ်းရောင်ရှိတဲ့ အရွက်တွေမှာ အာဟာရဓာတ်အမျိုးအစား အစုံအလင်ပါဝင်နေပြီး အိုမင်းရင့်ရော်တာ၊ မျက်လုံးအားနည်းတာတွေကို တိုက်ထုတ်ပေးနိုင်သလို သုက်ရည်ဂလင်းတွေကိုလည်း ကျန်းမာစေမှာဖြစ်ပါတယ်။

    ကြက်ဥ၊ ဘဲဥစတဲ့ ဥတွေမှာ lutein ၊ protein နဲ့ iron ဓာတ်တွေပါဝင်နေပါတယ်။ တစ်နေ့ကို ဥတစ်လုံးစားပေးမယ်ဆိုရရင် ကျန်းမာရေးကို သိသိသာသာ အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။

    ကော်ဖီ

    ကော်ဖီကို သင့်လျော်တဲ့ ပမာဏတစ်ခုစာ နေ့စဉ် သောက်သုံးပေးမယ်ဆိုရင် နိုးကြားတက်ကြွမှုကို ခံစားရမှာဖြစ်ပြီးတော့ သကြားကို ရှောင်ရှားပြီး မှီဝဲမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement