backup og meta

ဝမ်းဗိုက်ထဲ ကျန်ခဲ့တဲ့ဝှေးစေ့အတွက် ခွဲစိတ်ကုသခြင်း (Orchiopexy)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းဗိုက်ထဲ ကျန်ခဲ့တဲ့ဝှေးစေ့အတွက် ခွဲစိတ်ကုသခြင်း (Orchiopexy)

    ယောက်ျားလေးတွေ ဗိုက်ထဲမှာ သန္ဓေသားအဖြစ်နဲ့ ကြီးထွားလာတဲ့အခါကတည်းက ဝှေးစေ့တွေ စတင်ဖွံ့ဖြိုးလာပါတယ်။ စစချင်းမှာ ဝမ်းဗိုက်ထဲမှာသာ ဝှေးစေ့ရှိနေပြီး ကိုယ်ဝန်သက်တမ်းရင့်လာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျသွားကာ ပုံမှန်အနေအထားကို ရောက်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ဝှေးစေ့က အောက်ကို ပြုတ်ကျမလာဘဲ ဗိုက်ထဲမှာ ကျန်နေလျက်နဲ့ မွေးလာတဲ့အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါကို ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်ခဲ့ခြင်း (Undescended Testicle သို့မဟုတ် ဆေးအခေါ်အရ Cryptorchidism) လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ထဲကျန်နေခဲ့တာ ဝှေးစေ့တစ်လုံးထဲလည်း ဖြစ်နိုင်သလို ၂လုံးလုံး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

    ပုံမှန်အားဖြင့် ကလေးမွေးပြီးတဲ့အခါ ဝှေးစေ့ပြန်ကျလာခြင်း မရှိပါက ဆရာဝန်အနေနဲ့ ဒီအကြောင်းကို မိဘတွေကို ပြောပြမှာဖြစ်ပြီး တစ်နှစ်အထိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ၆လတစ်ကြိမ် ဆရာဝန်နဲ့ ပြန်ပြဖို့တော့ လိုပါတယ်။ တစ်နှစ်အထိမှ ဝှေးစေ့က လုံးဝအောက်ကို သူ့အလိုလိုပြန်မကျလာဘူးဆိုရင် ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒီခွဲစိတ်ကုထုံးကိုတော့ Orchiopexy သို့မဟုတ် Orchidopexy လို့ ခေါ်ပြီး အသက် ၅လမှ ၁၅ နှစ်ကြားအရွယ် ကလေးတွေအတွက် လိုအပ်တဲ့ ကုထုံးဖြစ်ပါတယ်။

    ဘာကြောင့် ခွဲစိတ်ကုသဖို့ လိုအပ်တာလဲ။

    Orchiopexy ခွဲစိတ်ကုထုံးဟာ ဝှေးစေ့တစ်လုံး သို့မဟုတ် နှစ်လုံးလုံး ဝမ်းဗိုက်ထဲ ကျန်နေခဲ့သလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေကို ပြုပြင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီအတိုင်း ထားထားလိုက်မယ်ဆိုရင် ကလေးကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်းကို သွားပြီးထိခိုက်စေနိုင်သလို ကိုယ်တွင်းအပူချိန်ကြောင့် ဝှေးစေ့က ပျက်စီးပြီး သုက်ပိုးထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် အူကျတာ၊ ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုခွဲစိတ်ကုသမှုခံယူဖို့ အမြန်ဆုံး စတင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ခွဲစိတ်ကုထုံးကို အများဆုံး အသက် ၃၂နှစ်အရွယ် အမျိုးသားတွေအထိ သတ်မှတ်ထားပြီး အဲ့ထက်ကြီးရင်တော့ မေ့ဆေးရဲ့ အာနိသင်ပြောင်းပြန်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးပိုများနိုင်လို့ပါ။

    ခွဲစိတ်မှုအတွက် ဘာတွေပြင်ဆင်ထားသင့်လဲ။

    အဓိကကတော့ အစာ၊ ရေသောက်တာကို ဆင်ခြင်ဖို့ပါပဲ။ ခွဲစိတ်ကုသဖို့ ရက်ချိန်းရပြီဆိုရင် ခွဲပေးမယ့်ဆရာဝန်အနေနဲ့ ဘယ်အချိန်ကို နောက်ဆုံးထားပြီး အစာစားရမယ်၊ ရေသောက်ရမယ်ဆိုတာကို ညွှန်ကြားပေးမှာဖြစ်ပြီး အဲ့အတိုင်း လိုက်နာဖို့ လိုပါတယ်။ အသက်ငယ်သေးတဲ့ ကလေးတွေမှာတော့ ဘာမှမသိသေးတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုမရှိပေမဲ့ လူကြီးတွေမှာတော့ အနည်းငယ်စိုးရိမ်စိတ်တွေ ဖြစ်တတ်ပါတယ်။

    Orchiopexy လုပ်ထုံးအဆင့်ဆင့်

    မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ခွဲစိတ်ကုသမှုခံယူဖို့ သဘောတူကြောင်းစာရွက်ကို လက်မှတ်အရင်ရေးထိုးရပါမယ်။ ပြီးသွားပြီဆိုတာနဲ့ ကလေးကို ကုသဆောင်မှာ ထားရှိပြီး လက်မောင်းနဲ့ ခြေထောက်အတွင်း IV ဆေးသွင်းမှာဖြစ်ပါတယ်။ ထိုးသွင်းကာစမှာ အနည်းငယ်နာကျင်မှုမျိုး ရှိနိုင်ပေမယ့် ခဏလေးအတွင်းမှာ ပျောက်သွားမှာပါ။

    ခွဲစိတ်ကုသဖို့ အချိန်ကြာပြီဆိုရင် မေ့ဆေးဆရာဝန်က IV အကြောဆေးသွင်းထားတဲ့ ပိုက်ထဲ မေ့ဆေးထည့်ပေးလိုက်မှာဖြစ်ပြီး ခွဲစိတ်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ ကလေးကောင်းကောင်း အိပ်ပျော်သွားစေမှာပါ။ ကလေးအိပ်ပျော်သွားတာနဲ့ ခွဲစိတ်ဖို့ စတင်မှာဖြစ်ပါတယ်။

    စစချင်းမှာ ပေါင်ခြံအတွင်း အနည်းငယ်ဖြတ်ရာပေးပြီး ဝမ်းဗိုက်ထဲမှာ ကျန်နေတဲ့ ဝှေးစေ့ကို လက်နဲ့ စမ်းပြီး အပြင်သို့ဆွဲထုတ်ကာ သုက်ပို့ပြွန်ကို လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် ဖယ်ထားမှာဖြစ်ပါတယ်။ သုက်ပို့ပြွန်ဟာ သေးလွန်းနေတဲ့အတွက် ဝှေးစေ့ကို အောက်ကိုကျမလာအောင် တင်းခံထားသလို ဘေးမှာရှိတဲ့တစ်ရှူးတွေကိုလည်း ချုံ့နိုင်၊ ဆန့်နိုင်ခြင်းနည်းသွားအောင် လုပ်လိုက်သလို ဖြစ်စေပါတယ်။

    ကပ္ပါယ်အိတ်အတွင်းမှာ ခွဲစိတ်ဓားနဲ့ ဖြတ်ရာသေးသေး ပေးပြီး ဝှေးစေ့ဝင်လာဖို့ အိတ်ငယ်လေးပုံစံဖြစ်အောင် လုပ်ပေးလိုက်မှာဖြစ်ပါတယ်။ ပြီးသွားမှသာ ဝှေးစေ့ကို ကပ္ပါယ်အိတ်အတွင်း ဖြည်းဖြည်းချင်းဝင်သွားအောင် ဆွဲမှာဖြစ်ပြီး နေရာတကျဖြစ်သွားပြီဆိုတာနဲ့ ခွဲစိတ်ဖြတ်တောက်ထားခဲ့တဲ့ နေရာတွေကို အကုန်လုံးကို ချုပ်ရိုးနဲ့ သေချာချုပ်ပေးမှာဖြစ်ပါတယ်။

    ကလေးနိုးလာပြီဆိုတာနဲ့ ဆရာဝန်က သွေးခုန်နှုန်းတွေ တိုင်းတာစစ်ဆေးပြီး ပြဿနာတစ်စုံတစ်ရာမရှိဘူးဆိုရင် အိမ်ပြန်ခေါ်သွားလို့ရပါတယ်။ ဆရာဝန်မှာကြားခဲ့တဲ့ အရာတွေကို သေချာလိုက်နာပြီး နောက်နေ့ တစ်ခေါက် ထပ်လာပြပြီး အဆင်ပြေတယ်ဆိုရင်တော့ ခွဲစိတ်မှုအောင်မြင်တယ်လို့ ဆိုနိုင်ပါပြီ။

    ခွဲစိတ်နေစဉ်မှာ ဆရာဝန်အနေနဲ့ ဝှေးစေ့က အထဲမှာ သွေးစီးဆင်းမှုမရှိဘဲ ပုပ်ပြီးပျက်စီးနေတယ်ဆိုရင်တော့ လုံးဝဖြတ်ထုတ်လိုက်မှာဖြစ်ပြီး ၂လုံးလုံး အလုပ်မလုပ်တော့ဘူးဆိုရင် နောက်ထပ် ဟော်မုန်းပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ထပ်မံကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။

    ခွဲစိတ်မှုအပြီး ဆောင်ရန်၊ ရှောင်ရန်တွေ

    လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ခွဲစိတ်ပြီးတဲ့နေ့မှာ အိမ်ပြန်နိုင်ပြီး ၂ရက်မှ ၃ရက်ထိ အိမ်မှာပဲ နားနားနေနေ နေရပါမယ်။ အလေးအပင်မတာ၊ အပြင်သွားတာ၊ လမ်းအကြာကြီးလျှောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ လုံးဝမလုပ်ရပါဘူး။ တစ်လလောက်အထိကို ဝှေးစေ့ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ လေ့ကျင့်ခန်း၊ အားကစား အကုန်ရှောင်ရပါမယ်။ ဆရာဝန်ရက်ချိန်းအတိုင်း ပုံမှန်ပြသပြီး နောက်ပိုင်းမှာ ကိုယ်တိုင် တိုင်းထွာစစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ဝှေးစေ့ကင်ဆာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေများတဲ့ လက္ခဏာတွေကိုတော့ သိထားပြီးလိုအပ်ပြီး ဒီလက္ခဏာတစ်ခုခု ပြလာပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပြန်လာပြရမှာ ဖြစ်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement