backup og meta

ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

    ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့ လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။

    မတော်တဆ ပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

    •  ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်း (Diabetic Neuropathy)
    • သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis)
    • ဝှေးစေ့တစ်ရှူး ပုပ်ခြင်း (Gangrene)
    • မုတ္တရောဂါ(Hydrocele)
    • အူကျခြင်း (Hernia)
    • ကျောက်ကပ် ကျောက်တည်ခြင်း
    • ဝှေးစေ့ရောင်ခြင်း (Orchitis)
    • သုက်ပို့ပြွန်မှာ ရေအိတ်တည်ခြင်း (Spermatocele)
    • ဝှေးစေ့ သွေးပြန်ကြောထုံးခြင်း (Varicocele)
    • အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ခလက်မီးဒီးယားရောဂါ (Chlamydia)
    • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

    ဒီရောဂါတွေကြောင့် ဝှေးစေ့အောင့်တာဆိုရင်တော့ အိမ်မှာ အလွယ်တကူကုသရုံနဲ့ ပျောက်ကင်းမှာမဟုတ်ဘဲ ဆရာဝန်ဆီ သေချာသွားပြပြီး ကုသမှုခံယူမှ အဆင်ပြေမှာပါ။

    Testicular Torsion လို့ခေါ်တဲ့ သုက်ပို့ပြွန်လိမ်တဲ့ အခြေအနေမှာဆိုရင် ဝှေးစေ့အောင့်တဲ့ နာကျင်မှုဟာ မခံမရပ်နိုင်လောက်တဲ့အထိ ပြင်းထန်နိုင်ပြီး အရေးပေါ် ဆေးကုသဖို့ လိုအပ်ပါတယ်။

    ဝှေးစေ့အောင့်ခြင်းကို သက်သာအောင် ဘယ်လိုလုပ်မလဲ။

    ပုံမှန် ဝှေးစေ့အောင့် တဲ့ ဝေဒနာကိုတော့ အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။

    ၁။ ဝှေးစေ့ကို ရေခဲဝတ်ကပ်ပေးပါ။ တစ်နေ့ကို ၂ကြိမ်လောက်လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။

    ၂။ ရေနွေးနွေးနဲ့ စိမ်ချိုးပေးပါ။ ပူလွန်းတဲ့ ရေမဟုတ်ဘဲ ရေကျက်နွေးနဲ့ နာရီဝက်ခန့် စိမ်ထားခြင်းဟာ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေပြီး အရောင်ကျသွားစေနိုင်ပါတယ်။

    ၃။ ပက်လက်လှဲအိပ်တဲ့အချိန် ဝှေးစေ့က အောက်ကို တွဲကျမနေစေဖို့ မျက်နှာသုတ်ပဝါ အသေးတစ်ထည် အောက်မှာ ခံထားပေးပါ။ အိမ်မှာနေရင် ဘောင်းဘီမဝတ်ပါနဲ့၊ ပုဆိုးပဲ ဝတ်ထားပါ။

    ၄။ အပြင်သွားတဲ့အခါ အတွင်းခံမဝတ်ဘဲ မသွားပါနဲ့။ ကိုယ့်ပစ္စည်းကို လုံလုံခြုံခြုံ ထည့်သိမ်းလို့ရပြီး အံဝင်ခွင်ကျဖြစ်မယ့် အတွင်းခံအကျပ်မျိုး ဝတ်ပြီး အပြင်ထွက်ပါ။

    ၅။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေးတွေကို ဆေးဆိုင်တွေကနေ ဝယ်သောက်လို့လည်း ရပါတယ်။

    ၆။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အလေးနည်းနည်းလျှော့ပါ။ ဝှေးစေ့အောင့်တာ မသက်သာသေးတဲ့အချိန်ထိ အောက်ပိုင်းထိုင်တာ နည်းနည်းရှောင်ပေးပါ။

    ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်လာပြီလဲ။

    အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသရာမှာ တစ်ပတ်လောက်ထိ မသက်သာဘူး၊ အောင့်တဲ့ ဒဏ်ရာ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ဝှေးစေ့မှာ အလုံးအကျိတ်တွေ စမ်းမိတာ၊ အောင့်ပြီးနောက်ပိုင်း အဖျားတက်လာတာ၊ ကပ္ပာယ်အိတ်အရေပြားက နီနေပြီး ကိုင်ကြည့်လိုက်တဲ့အခါ နွေးနေတာ၊ ပျော့စိစိဖြစ်နေတာ၊ သိသိသာသာကြီး ရောင်နေတာဆိုရင်လည်း အမြန်ဆုံး ပြကြည့်ပါ။

    ဆရာဝန်အနေနဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ကပ္ပာယ်အိတ်အနေအထားကို လက်ဖြင့် စမ်းသပ်ကြည့်ရှုစစ်ဆေးပြီးနောက်မှာ အာထရာဆောင်းရိုက်တာ၊ ဆီးစစ်တာ၊ စအိုမှတစ်ဆင့် ဆီးကျိတ်စမ်းသပ်စစ်ဆေးခြင်း၊ အူကျွံခြင်းရှိမရှိကိုလည်း ထပ်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။ အကြောင်းရင်းအမှန်ကို သိပြီးသွားမှသာလျှင် ကိုယ့်ကျန်းမာရေးအခြေအနေကို သက်သာစေမယ့် ပဋိဇီဝဆေးပေးတာ၊ ခွဲစိတ်ကုသတာ၊ အကိုက်အခဲပျောက်ဆေးပေးတာ အစရှိတဲ့ ကုထုံးတွေကို စတင်မှာဖြစ်ပါတယ်။

    များသောအားဖြင့် ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ ကုသလို့လည်း လွယ်သလို ပျောက်ဖို့လည်း အချိန်အကြာကြီး မစောင့်ရပါဘူး။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆဖို့နဲ့၊ အောင့်တယ်လို့ ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ပြဖို့ကို အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement