တခါတရံမှာ ကြွက်သားများ၊ တစ်ရှူးများကိုပါ ရောဂါပိုးဝင်ရောက်သွားနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာနဲ့ ကပ်လျက်က တစ်ရှူးတွေကို ကူးစက်ရာကနေ ကြွက်သားများထဲထိ ရောဂါပိုးများဝင်ရောက်နိုင်ပါတယ်။
ရောဂါကုသဖို့ရည်ရွယ်ချက်နဲ့ အရေပြားအောက်မှာ ထည့်သွင်းထားတဲ့ ဆေးပစ္စည်းကိရိယာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပဋိဇီဝဆေးများနဲ့ ကုသရုံနဲ့ မလုံလောက်ရင် အနာကိုပြန်ဖွင့်ပြီး ပြည်များအရည်များကို စုပ်ထုတ်ခြင်း၊ မကောင်းသည့် တစ်ရှူးအပိုင်းအစများကို ဖယ်ရှားခြင်း စတာတွေ ပြုလုပ်ရပါတယ်။
ကိုယ်တွင်းအစိတ်အပိုင်းများ၊ အရိုးများထိ ရောဂါပိုးဝင်ရောက်ခြင်းကတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခွဲစိတ်မှုများပြုလုပ်နေစဉ်မှာ ကိုယ်တွင်းအင်္ဂါများဆီ ရောဂါပိုးဝင်ရောက်နိုင်သလို အပေါ်ယံအရေပြားရောဂါပိုးဝင်ခြင်းကို ထိရောက်စွာမကုသခဲ့ရင်လည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒီအဆင့်မှာတော့ ပဋိဇီဝဆေးများ သောက်သုံးခြင်း၊ ပြည်များ အရည်များဖယ်ရှားခြင်းအပြင် ကိုယ်တွင်းအင်္ဂါတွေကို ပြန်လည်ခွဲစိတ်ကုသဖို့ နောက်တကြိမ်ထပ်မံပြီး ခွဲစိတ်ခန်းဝင်ရနိုင်ပါတယ်။
ခွဲစိတ်ပြီး ရောဂါပိုးဝင်နိုင်ခြေကို မြင့်စေသောအကြောင်းများ
အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်ပေါ် သက်ရောက်စေမယ့် တခြားအရာတွေဖြစ်တဲ့ ဆီးချို၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရေပြားရောဂါပိုးဝင်ထားခြင်း စတဲ့ အခြေအနေတွေမှာလည်း ရောဂါပိုးဝင်နိုင်ခြေ ပိုများပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
ခွဲစိတ်မုခံယူပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားတဲ့ အထူးခန်းမှာ လူနာကိုထားပြီး အခြေအနေစောင့်ကြည့်မှာ ဖြစ်ပါတယ်။ ဆေးရုံတွင် ရှိနေစဉ်ဖြစ်စေ၊ ဆေးရုံဆင်းပြီးမှဖြစ်စေ ခွဲစိတ်ထားတဲ့နေရာမှာ နာပြီးရောင်လာရင်၊ အဖျားတက်လာရင်၊ ခွဲစိတ်တဲ့နေရာနဲ့ တပ်ထားတဲ့ ပိုက်ကနေ အနံ့မကောင်းတဲ့ အရည်တွေ ပြည်တွေ ထွက်လာရင် ဆရာဝန် ဒါမှမဟုတ် တာဝန်ရှိသူတဦးဦးကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ခွဲစိတ်ကုသခြင်းကနေ ရောဂါပိုးမဝင်အောင် ဆေးရုံခွဲစိတ်ခန်းမှ တာဝန်ရှိသူများက သန့်ရှင်းရေး၊ ရောဂါပိုးသန့်စင်ရေးကို လုပ်ဆောင်ထားပါတယ်။ ခွဲစိတ်ခန်းမဝင်မီ ဆရာဝန်ညွှန်ကြားတဲ့ ဆေးများကို သောက်သုံးခြင်း၊ ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာခြင်း စတဲ့အချက်တွေ လုပ်ဆောင်ရင် ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဆိုရင် ဆေးလိပ်ဖြတ်ထားသင့်ပါတယ်။
ခွဲစိတ်အပြီး ၄၈ နာရီအတွင်း ဆေးရုံကနေ သတ်မှတ်ပေးထားတဲ့ ပိုးသန့်စင်ပြီး ဝတ်စုံကိုသာ ဝတ်ဆင်ရပါမယ်။ ခွဲစိတ်မှုမခံယူမီနဲ့ ခွဲစိတ်ပြီးချိန်မှာ ကိုယ်ခံစွမ်းအားကောင်းအောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသောက်ရပါမယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို စနစ်တကျ သောက်သုံးရပါမယ်။ ဆေးများကို မိမိသဘောနဲ့ ရပ်တန့်ခြင်း၊ လျှော့ချခြင်းတွေ မပြုပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။