backup og meta

အူအတက် ခွဲစိတ်ကုသခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thant Zin မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူအတက် ခွဲစိတ်ကုသခြင်း

    အူအတက် ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှု တစ်မျိုး ဖြစ်ပါတယ်။

    လူတိုင်းရဲ့ ဝမ်းဗိုက်ညာဘက်ထောင့်နေရာမှာ အူအတက်ရှိပါတယ်။ အူမကြီးနေရာကနေ ပြွန်လေးတခုလို ရှည်ထွက်နေတဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်ပါတယ်။ အဆိုပါ အူအတက်လေး ရောင်ရမ်းသွားချိန်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ပတ်ဝန်းကျင်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။

    အတက်နဲ့ ဝန်းကျင်နေရာတဝိုက်မှာလည်း အထိမခံနိုင်အောင် အောင့်တတ်ပါတယ်။ လမ်းလျှောက်ချိန်၊ ချောင်းဆိုးချိန်မှာ ပိုအောင့်တတ်ပါတယ်။ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေပါ ကြုံနိုင်ပါတယ်။ အူအတက်ရောင်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

    အူအတက် ခွဲစိတ်ကုသခြင်း

    အူအတက် ခွဲစိတ်ကုသခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

    အူအတက် ခွဲစိတ်မှု ပြုလုပ်ဖို့ ဘာကြောင့်လိုအပ်သလဲ

    အူအတက်ရောင်ခြင်းကို အချိန်မီမကုသရင် ရောင်နေတဲ့ အူအတက်ဟာ ပေါက်ထွက်သွားနိုင်ပါတယ်။ အူအတက်ထဲက ဘက်တီးရီးယားနဲ့ တခြားအန္တရာယ်ပေးနိုင်တဲ့ အရာဝတ္တုတွေဟာ ဝမ်းဗိုက်ထဲပျံ့သွားနိုင်ပါတယ်။ အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ကိစ္စဖြစ်ပါတယ်။ ရောင်နေတဲ့အူအတက်ကို မပေါက်သွားခင်မှာ ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။

    အူအတက်ခွဲစိတ်ခြင်းက အူအတက်ရောင်ခြင်းအတွက် အဆင်အပြေဆုံး ကုသမှုနည်းလမ်း ဖြစ်ပါတယ်။

    အူအတက်ရောင်ချိန်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

    – ဗိုက်အောင့်ခြင်း (ချက်ဝန်းကျင်တွင် စအောင့်ပြီး ဝမ်းဗိုက်ညာဘက်အောက်ပိုင်းသို့ ပျံ့သွားခြင်း)

    – ဗိုက်ဖောင်းလာခြင်း

    – ဝမ်းဗိုက်ကြွက်သားများ တောင့်တင်းနေခြင်း

    ဝမ်းချုပ်ခြင်း (သို့မဟုတ်) ဝမ်းပျက်ခြင်း

    – ပျို့အန်ခြင်း

    – အစားပျက်ခြင်း

    – ငွေ့ငွေ့ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေရှိနေရင် အူအတက်ရောင်ခြင်း ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

    အူအတက် ခွဲစိတ်ခြင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိသလား

    တခြားသော ခွဲစိတ်မှုတွေလိုပဲ ခွဲစိတ်မှုအန္တရာယ် အနည်းငယ်တော့ ရှိပါတယ်။ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဘေးပတ်ဝန်းကျင်မှ အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်နိုင်ခြေရှိခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အူအတက်ရောင်ခြင်းကို မခွဲစိတ်ဘဲ ထားလိုက်ရင် ကြုံရမယ့် အန္တရာယ်နဲ့ ယှဉ်တဲ့အခါ မပြောပလောက်ပါဘူး။

    အူအတက် ခွဲစိတ်ကုသခြင်း အတွက် ဘယ်လိုပြင်ဆင်ရမလဲ

    သင့်ကိုခွဲစိတ်မှုအတွက် သင့်တော်တယ်လို့ ဆရာဝန်က သတ်မှတ်ပြီးချိန်မှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဆရာဝန်က ပြောပြပါလိမ့်မယ်။ သင်သုံးစွဲနေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို မခြွင်းမချန် ပြောပြရပါမယ်။ ဆေးဝါးဓာတ်မတည့်ခြင်းတွေရှိရင်၊ သွေးနဲ့ပတ်သက်တဲ့ ရောဂါတမျိုးမျိုးဖြစ်ဖူးရင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။ အူအတက်ခွဲစိတ်မှု မလုပ်မီ အနည်းဆုံး ၈ နာရီခန့်အတွင်း အစားစားခြင်း၊ ရေသောက်ခြင်း မပြုဘဲ နေရပါမယ်။

    အူအတက်ခွဲစိတ်ခြင်းဟာ မေ့ဆေးပေးခွဲစိတ်ခြင်း ဖြစ်တာမို့ သင့်အနားကို အဖော်လုပ်ပေးမယ့် လူနာစောင့် လိုပါလိမ့်မယ်။ မေ့ဆေးပြယ်ပြီးချိန်မှာတောင် မူးဝေနေတတ်ပါတယ်။

    အူအတက်ခွဲစိတ်ခြင်းကို ဘယ်လိုလုပ်ဆောင်သလဲ

    သမားရိုးကျခွဲစိတ်ကုသခြင်း (Open Appendectomy) နဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသခြင်း (Laparoscopic Appendectomy) ဆိုပြီး နှစ်မျိုးရှိပါတယ်။

    သမားရိုးကျခွဲစိတ်ခြင်းမှာတော့ ဝမ်းဗိုက်ညာဘက်ထောင့်မှာ ခွဲစိတ်ရာပေးပြီး ဗိုက်ကိုဖွင့်ပါတယ်။ ရောင်နေတဲ့အူအတက်ကို ဖြတ်ထုတ်ပြီး ဝမ်းဗိုက်ကို ပြန်ချုပ်ပါတယ်။ အူအတက်ဟာ ပေါက်နေခဲ့ရင်တော့ ဝမ်းဗိုက်ကို သန့်ရှင်းရေး လုပ်ရပါတယ်။ အူအတက်ပေါက်သွားရင်ဖြစ်စေ၊ ဘေးအင်္ဂါ အစိတ်အပိုင်းဆီ ပိုးများပျံ့နေတယ်လို့ ယူဆရင်ဖြစ်စေ ဒီနည်းလမ်းနဲ့ ခွဲစိတ်ပါတယ်။ ခွဲစိတ်ရာဟာ လက်မအနည်းငယ်လောက်ပဲ ရှိပါတယ်။

    မှန်ပြောင်းသုံးခွဲစိတ်ခြင်းမှာတော့ ဆရာဝန်ဟာ ခွဲစိတ်ရာခပ်သေးသေးပေးပြီး ပြွန်ချောင်းလေးတခု ထည့်သွင်းလိုက်ပါလိမ့်မယ်။ အဆိုပါပြွန်ချောင်းမှ ဓာတ်ငွေ့ပေးပြီး ဝမ်းဗိုက်ကို ဖောင်းလာအောင် လုပ်ဆောင်ပါလိမ့်မယ်။ ပြီးရင် တခြားအပေါက်တခုမှ ကင်မရာပါတဲ့ ပြွန်ကို သွင်းပြီး ခွဲစိတ်မှုကို လုပ်ဆောင်ပါလိမ့်မယ်။

    မှန်ပြောင်းသုံးခွဲစိတ်ခြင်းဟာ အသက်ကြီးပိုင်းများနဲ့ အဝလွန်သူများအတွက် ပိုမိုသင့်တော်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ နာကျင်မှုသိပ်မရှိဘဲ နာလန်ထလည်း မြန်ပါတယ်။

    ခွဲစိတ်ပြီးချိန်မှာ ဘယ်လိုနေထိုင်ရမလဲ

    ခွဲစိတ်ပြီးချိန် ဆေးရုံမှာ နာရီပေါင်းများစွာ ဆက်နေရတတ်ပါတယ်။ မေ့ဆေးပြယ်လာချိန်ထိ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတွေကို စောင့်ကြည့်ပါလိမ့်မယ်။ ဆေးရုံပေါ်မှာကြာမယ့်အချိန်ကတော့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှု အမျိုးအစား၊ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရခြင်း ရှိမရှိပေါ် မူတည်ပါတယ်။ မှန်ပြောင်းသုံးခွဲစိတ်ခြင်းဆိုရင် အနာကျက်မြန်ပြီး ဆေးရုံမှာနေရမယ့်အချိန် နည်းပါလိမ့်မယ်။

    ခွဲစိတ်ပြီးချိန်မှာ ခွဲစိတ်ဒဏ်ရာကြောင့်ရော မေ့ဆေးအရှိန်ကြောင့်ပါ နေထိုင်မကောင်းသလို ဖြစ်တတ်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူအပြီး ရက်အနည်းငယ်အတွင်း ကားမောင်းခြင်း၊ အလေးအပင်မခြင်း၊ ပင်ပင်ပန်းပန်းလှုပ်ရှား သွားလာခြင်းတွေ ရှောင်ကြဉ်ရပါမယ်။ ဆရာဝန်ညွှန်တဲ့ဆေးတွေကို ပုံမှန်သောက်သုံးရပါမယ်။ အူအတက်ခွဲစိတ်ပြီးချိန်ကနေ လုံးဝနေပြန်ကောင်းတဲ့အထိ ရက်သတ္တပတ်ခြောက်ပတ်ခန့် ကြာနိုင်ပါတယ်။

    အကယ်၍

    – ခွဲစိတ်ရာချုပ်ရိုးဝန်းကျင်တွင် နီရဲရောင်ရမ်းခြင်း

    – အဖျားတက်ခြင်း

    – ပျို့အန်ခြင်း

    – ဗိုက်အောင့်ခြင်း

    – ဝမ်းပျက်ခြင်း (သို့) ဝမ်းချုပ်ခြင်း

    စတဲ့လက္ခဏာတွေကြုံရရင် ဆရာဝန်ကို အမြန်ဆုံးပြန်လည်ပြသသင့်ပါတယ်။

    အချုပ်ပြောရရင် အူအတက်ခွဲစိတ်ခြင်း မတိုင်မီကနေ ခွဲစိတ်မှုခံယူအပြီး လုံးလုံးနေကောင်းသည်အထိ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာဖို့ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thant Zin မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement