backup og meta

အစာအဆိပ်သင့်ခြင်း အကြောင်း

အစာအဆိပ်သင့်ခြင်း အကြောင်း

အစာအဆိပ်သင့်ခြင်း ဆိုသည်မှာ

အစာအဆိပ်သင့်ခြင်း ဆိုတာက အစားအစာကနေတဆင့် ကိုယ်ထဲကို ရောဂါပိုးဝင်ရောက်ခြင်းပဲ ဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့၊ အဆိပ်သင့်တဲ့၊ ရောဂါပိုးရှိတဲ့ အစားအစာတွေကို စားမိရင် ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာများ

အစာအဆိပ်သင့်တဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ အချိန်တနာရီလောက်ကနေ ၂၈ ရက်လောက်ထိ ကြာသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံးသုံးချက်ခန့်ကို ကြုံတွေ့နိုင်ပါတယ်။

  • ဗိုက်ရစ်ပြီး နာခြင်း
  • ဝမ်းပျက်ခြင်း
  • ပျို့တက်ခြင်း
  • အစားပျက်ခြင်း
  • ငွေ့ငွေ့ဖျားခြင်း
  • အားနည်းခြင်း
  • အန်ခြင်း
  • ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။

အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းလက္ခဏာတွေကတော့

  • သုံးရက်ဆက်တိုက်ထက်ပိုပြီး ဝမ်းပျက်နေခြင်း
  • အပူချိန် ၁၀၁.၅ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ပြီး ဖျားခြင်း
  • ကောင်းကောင်းမမြင်ခြင်း၊ စကားပြောရခက်ခြင်း
  • ရေဓာတ်သိသိသာသာခမ်းခြောက်ခြင်း၊ အာခြောက်ခြင်း၊ ဆီးသွားနည်းခြင်း
  • ဆီးသွားရင်သွေးပါခြင်း

အထက်ပါလက္ခဏာတမျိုးမျိုးရှိရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အစာအဆိပ်သင့်ခြင်း ဘာကြောင့်ဖြစ်သလဲ

အဓိကအကြောင်းအရင်းသုံးခုအနက် တခုခုကြောင့် ဖြစ်တတ်ပါတယ်။

၁။ ဘက်တီးရီးယား

အစာအဆိပ်သင့်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ပါတယ်။ Salmonella ဟာ အမေရိကမှာ အစာအဆိပ်သင့်ခြင်း အများဆုံးဖြစ်စေတဲ့ ဘက်တီးရီးယားဖြစ်ပါတယ်။

၂။ ကပ်ပါးပိုး

ကပ်ပါးပိုးမွှားတွေကြောင့် အဆိပ်သင့်ခြင်းဟာ ဘက်တီးရီးယားလောက် မများပေမယ့် ဖြစ်လာပြီဆိုရင် အန္တရာယ်များပါတယ်။ Toxoplasma ဟာ အစာအဆိပ်သင့်ခြင်း အများဆုံးဖြစ်စေတဲ့ ကပ်ပါးပိုး ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လူတို့ရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ မသိရဘဲ နှစ်နဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အူလမ်းကြောင်းထဲ ကပ်ပါးပိုးရှိနေရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။

၃။ ဗိုင်းရပ်စ်ပိုးများ

ဗိုင်းရပ်စ်ပိုးကြောင့်လည်း အစာအဆိပ်သင့်ခြင်းဖြစ်တတ်ပါတယ်။ Norwalk ဗိုင်းရပ်စ်လို့ သိကြတဲ့ norovirus ဟာ နှစ်စဉ် ကမ္ဘာတလွှားမှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ Sapovirus, rotavirus နဲ့ astrovirus စတဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသည်းရောင်ရောဂါပိုး အေ ဟာလည်း အစာကနေတဆင့် ကူးစက်နိုင်ပါတယ်။

ဘယ်လိုကူးစက်သလဲ

များသောအားဖြင့် လူသားတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ရောဂါပိုးမွှားတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ချက်ပြုတ်တဲ့ မီးအပူကြောင့် ရောဂါပိုးမွှားများဟာ သေကုန်ကြပါတယ်။ ကောင်းစွာချက်ပြုတ်ထားခြင်းမရှိတဲ့ အစိမ်းစားစရာတွေကတော့ ရောဂါကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ ချက်ပြုတ်ပြင်ဆင်သူများအနေနဲ့ အစားအစာတွေကို ပြင်ဆင်ချိန်မှာ လက်ကို သေချာမဆေးရင် အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။ အသားငါး၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကနေ ကူးစက်နိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းကို ဘယ်လိုကုသနိုင်မလဲ။

ကုသနည်းတွေကတော့ လက္ခဏာတွေ ဘယ်လောက်ပြင်းထန်လဲဆိုတာရယ်၊ ဘာပိုးကြောင့်ဖြစ်တာလဲဆိုတာရယ်အပေါ် မူတည်ပါတယ်။ အများစုကတော့ ဆေးတွေနဲ့ ကုသရလောက်တဲ့အထိ မလိုအပ်ပါဘူး။ မြန်မာနိုင်ငံမှာဆို မသန့်တာတွေ စားလိုက်၊ နောက်ရက်ကျရင် ဝမ်းလျှောလိုက်နဲ့ အများကြီး ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ အလိုလိုသက်သာသွားကြပါတယ်။

ဆေးတွေ မလိုဘူးဆိုပေမယ့် အစာအဆိပ်သင့်တာကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့

  • ဓာတ်ဆားသောက်ပါ။

အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လို့ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့အခါ ဓာတ်ဆားသောက်ဖို့ လိုပါတယ်။ ဝမ်းလျှောသမျှ၊ အန်သမျှနဲ့ ကာမိအောင် လုံလုံလောက်လောက် သောက်ပေးဖို့ လိုပါတယ်။ ဓာတ်ဆားမဝင်လို့ ဓာတ်ဆားမျှခြေပျက်သွားရင် အန္တရာယ်ရှိပါတယ်။

  • ပရိုဘိုင်အိုတစ်သောက်ပါ။

ကောင်းကျိုးပြုဘက်တီးရီးယားတွေ များလာရင် ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေအတွက် အစာခြေစနစ်ထဲမှာ နေရာရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့ပြင် ဝမ်းလျှောလို့ ဆုံးရှုံးသွားတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေကိုလည်း ပြန်လည်ဖြည့်ပေးရာ ရောက်ပါတယ်။

ဒီနှစ်မျိုးကတော့ ဆရာဝန်ညွှန်ကြားချက် မလိုဘဲ ကိုယ့်ဟာကိုယ် ဝယ်သောက်နိုင်ပါတယ်။

  • ပိုးသတ်ဆေးတွေ

ဘက်တီးရီးယား ပိုးသတ်ဆေးတွေ၊ ကပ်ပါးပိုးသတ်ဆေးတွေကတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းမှာမှ ဒီဆေးတွေက အသုံးဝင်တာပါ။

  • ဝမ်းပိတ်ဆေးများ

ဝမ်းလျှောတာ သိပ်မများဘူးဆိုရင် ဝမ်းပိတ်ဆေး မသောက်လည်း ရပါတယ်။ ဒါမှ ပိုးတွေ အောင်းမနေဘဲ ဝမ်းကနေ အပြင်ကို ထွက်သွားနိုင်မှာပါ။ အထူးသဖြင့် လူနာက ဝမ်းထဲမှာ  သွေးပါတယ်။ ဖျားလည်း ဖျားတယ်ဆိုရင် ဝမ်းပိတ်ဆေး မသောက်သင့်ပါဘူး။ ဒါက ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေကြောင့်ဖြစ်လို့ ဝမ်းပိတ်ဆေးသောက်လိုက်ရင် အူထဲမှာ ပိုးတွေ အောင်းနေမှာပါ။ ကလေးတွေဆိုရင်လည်း ဝမ်းပိတ်ဆေး မတိုက်သင့်ပါဘူး။

ဒါတွေ မရှိဘူးဆိုရင်တော့ ဝမ်းပိတ်ဆေးကို ဆေးညွှန်းအတိုင်း သောက်နိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းကို ဘယ်လိုကာကွယ်မလဲ

အစားအသောက်တွေကို သန့်ရှင်းစွာ ထားရပါမယ်။ လတ်လတ်ဆတ်ဆတ် စားသောက်ရပါမယ်။ အစားအစာတချို့ကတော့ ပြင်ဆင်တဲ့ပုံစံအရကို အစာအဆိပ်သင့်ဖို့ အခွင့်အလမ်းများနေပါတယ်။ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ငါး စတာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ သေချာစွာ အပူပေးချက်ပြုတ်သင့်ပါတယ်။ ကောင်းကောင်းမကျက်ဘဲစားမိရင် အစာအဆိပ်သင့်ခြင်း ကြုံနိုင်ပါတယ်။ ဒါ့အပြင် ပြင်ဆင်ချက်ပြုတ်ချိန်မှာ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးသင့်ပါတယ်။

သေချာစွာ ထုပ်ပိုးသိုလှောင်ထားတဲ့ အစားအစာတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။ အသီးအနှံ ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်ခင် ရေသေချာဆေးပါ။ အစိမ်းစားတဲ့ အသီးအရွက်များကိုလည်း သေချာစွာ စိစစ်ဝယ်ယူပြီး ရေသေချာဆေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-poisoning Accessed Date 16 April 2020

ယခုပုံစံ

23/01/2023

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအဆိပ်သင့် နေတာလား.......

အစာအဆိပ်သင့်မှုကို သက်သာစေမယ့် သဘာဝနည်းလမ်းများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


23/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement