backup og meta

ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ

    ဆောင်းလေး အေးလာချိန်မှာ ဆောင်းရာသီရဲ့ အလှအပကို ခံစားဖို့ထက် ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူတွေ ဖျားနာမှာကို အရင် စိုးရိမ်မိနေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ကိုယ်ခံအားနည်းနေတဲ့ မိသားစုဝင်ကို တုပ်ကွေးရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ အာဟာရပြည့်ဝအောင် ဘယ်လိုလေးတွေ ပြင်ဆင်ပေးပြီး ကိုယ်ခံအား ဖြည့်ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကဲ ….. ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဘယ်လိုလူတွေကို ကိုယ်ခံအားနည်းတယ်လို့ ဆိုတာလဲ

    လူတိုင်းက ကိုယ်ခံအား ပြည့်ဝတဲ့သူတွေပဲတော့ မဟုတ်ပါဘူး။ ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊ အသက်အရွယ် ကြီးရင့်လွန်းနေတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ ရောဂါအခံ တစ်ခုခု ရှိနေတဲ့သူတွေ၊ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသူတွေထက် ကိုယ်ခံအားနည်းနေတဲ့သူတွေလို့ ဆိုရပါမယ်။ သွေးအားနည်းရောဂါရှိသူတွေ၊ ကင်ဆာရောဂါ ရှိသူတွေ၊ ကင်ဆာကုထုံး ခံယူနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေက ပုံမှန်ထက် ကိုယ်ခံအားနည်းနေသူတွေပါ။

    ကိုယ်ခံအား နည်းနေတယ်လို့ ဘယ်လို သိနိုင်မလဲ

    ကိုယ်ခံအားနည်းနေတာကို အမြင်သာဆုံး လက္ခဏာတစ်ခုကတော့ ဖျားနာလွယ်တာပါ။ မကြာခဏဆိုသလို လေပြွန်ရောင်တာ၊ ထိပ်ကပ်နာ၊ နားပိုးဝင်တာ၊ အရေပြားပိုးဝင်တာ၊ နှာစေး၊ ချောင်းဆိုးတာတွေ ဖြစ်နေတာတွေက ကိုယ်ခံအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။

    တုပ်ကွေးကို အကောင်းဆုံး ကာကွယ်နည်း =  ကိုယ်ခံအားကို အားဖြည့်ခြင်း

    တုပ်ကွေးရာသီ ရောက်လာချိန်မှာ တုပ်ကွေးကူးစက်မှု ကင်းဝေးစေဖို့ အများဆုံး လုပ်ကြတာက တုပ်ကွေး ကာကွယ်ဆေး ထိုးတာပါ။ တုပ်ကွေးကို ကာကွယ်ဆေးထိုးတာက အထိရောက်ဆုံး ကာကွယ်နည်းပဲဆိုပေမယ့် အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုရင် ကိုယ်ခံအားကို ထပ်ဆောင်း အားဖြည့်ပေးဖို့လိုပါမယ်။ ကိုယ်ခံအားကို ဘယ်လို အားဖြည့်ပေးမလဲဆိုတော့ လွယ်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားထားနေရတဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ဖြည့်ပေးတာပေါ့။

    ဒီတော့ ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်စို့နော်။ ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဖျားနာမှု ကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် D၊ ဇင့်၊ အကျိုးပြု ဘက်တီးရီးယားတွေ သင့်တင့်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလို အာဟာရတွေလည်း ပြည့်ဝ စားလို့လည်း ကောင်းစေဖို့ဆိုရင်တော့

    • အသီးအရွက်ကြော်

    အသီးအရွက်တွေကို အရောင်အသွေးစုံလင်စွာ ကြော်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဘာတွေထည့်ကြော်ပေးရမလဲဆိုတော့ မုန်လာနီ၊ ခရမ်းချဉ်သီး၊ ကိုက်လန်၊ ဗိုလ်စားပဲ၊ baby corn  စတာတွေကို ကြော်ပေးတာက အသီးအရွက် စုံစုံလင်လင်လေး စားဖြစ်စေမှာ ဖြစ်သလို အာဟာရလည်း ပြည့်ဝမျှတအောင် ရရှိစေမှာပါ။

    • ကြက်စွပ်ပြုတ်

    ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်တယ်လို့ အများက လက်ခံထားတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်စွပ်ပြုတ် ပြုတ်ပေးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ကြက်သားကို အဆီမပါ အရေခွံ မပါစေဘဲ အသားသီးသန့်ကို ပြောင်းဖူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ကြက်သွန်ဖြူ၊ အာလူး၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်း စတာတွေကို ထည့်ပြီး ကြာကြာလေး ပြုတ်ပေးပါ။ စွပ်ပြုတ်သောက်တာအပြင် ပရိုတင်းပါ ရစေဖို့ အသားပါစားပေးပါ။

  • ကြက်ဥပေါင်း
  • ကြက်ဥလေးကို မွနေအောင် ခေါက်ပြီး ငရုတ်ကောင်း၊ ဆား၊ သကြားညို နည်းနည်း၊ ကြက်သွန်မြိတ် နည်းနည်း၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီကို ပေါင်းမယ့်ခွက် အတွင်းထဲကို သုတ်ပြီး ကြက်ဥထည့်လို့ ပေါင်းခံပြီး အဆာပြေ အနေနဲ့ ဖြစ်ဖြစ် မနက်စာအနေနဲ့ ဖြစ်ဖြစ် ပြင်ဆင်ပေးလို့ ရပါတယ်။

    • ကန်စွန်းဥ နို့ပေါင်း

    ကန်စွန်းဥကို အရင်ဆုံး နူးနေအောင်ပြုတ်ပြီး ရေစစ်လို့ ကြေအောင် မွမွလေး ချေလိုက်ပါ။ ပြီးရင် နွားနို့ထဲကို ကြေနေအောင် ခြေထားတဲ့ ကန်စွန်းဥလေးရယ်၊ မွမွလေး ခေါက်ထားတဲ့ ကြက်ဥလေးရယ်၊ ဆားနည်းနည်း၊ သကြားနည်းနည်း ထည့်ခေါက်ပြီး ခွက်လေး တစ်လုံးထဲကို ထည့်ပြီး ပေါင်းခံလိုက်ပါ။ ကျက်ပြီဆိုရင် စားလို့ ရပါပြီ။

    • သီးစုံဒိန်ချဉ်

    ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယား ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ကိုယ်ခံအားကို အားဖြည့်ပေးဖို့ အာဟာရ ပြည့်ဝစွာ ထောက်ပံ့ပေးမှာပါ။ တစ်နေ့ကို ပန်းသီး၊ ဘယ်ရီသီး၊ ကီဝီသီး၊ ငှက်ပျောသီး၊ ဖရဲသီး စတာတွေကို အရွယ်တော်လေးတွေ တုံးပြီး ထည့်ပေးပါ။

    • ဟင်းနုနွယ်သုပ်

    ဘီတာကယ်လ်ရိုတင်း ကြွယ်ဝပြီး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဟင်းနုနွယ်ရွက်ကို သေချာလေး သင်ပြီး ရေနွေးဖျော်ပါ။ ပြီးရင် ရေစစ်ထားပြီး ကြက်သွန်ဖြူ ရိတ်ရိတ်လှီးလေးရယ်၊ နှမ်းဆီ နည်းနည်းရယ်၊ နှမ်းစေ့လှော်လေးရယ်၊ သံပုရာရည်၊ ဆား နည်းနည်း တို့ကို အချိုးကျထည့်ပြီး သုပ်ပေးတာကလည်း ခံတွင်းတွေ့စေမယ့် အရန်ဟင်းတစ်မျိုးပါ။

    ဒါတွေအပြင် အစေ့အဆန်တွေ၊ အခွံမာသီးတွေကိုလည်း အဆာပြေ အနေနဲ့ ပြင်ပေးလို့ ရသလို သီးစုံပဲဟင်း၊ အသားနှပ်၊ ပဲနှပ် စတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။

    အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးရင် တုပ်ကွေးရာသီမှာ ချစ်ရသူတွေကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးလို့ရပါတယ်နော်။ ဒါတွေအပြင် ကိုယ်ခံအား ကောင်းစေဖို့ ရေများများသောက်တာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှု လျှော့ချတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကိုလည်း လုပ်ဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement