ကိုဗစ်ဖြစ်ပြီးတဲ့လူနာတွေမှာ နာလန်ထလာပြီဆိုရင် လေ့ကျင့်ခန်း လုပ်ဖို့ အကြံပေးလေ့ရှိပါတယ်။ ကိုဗစ်က အဆုတ်ကို ထိတာဆိုတော့ ကိုဗစ် ဖြစ်ပြီးရင် အနည်းနဲ့ အများတော့ အဆုတ်မှာ ဒဏ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆုတ်လေ့ကျင့်ခန်းလည်း လုပ်ရပါမယ်။ ခုခေတ်စားနေတဲ့ Spirometer နဲ့ ဘယ်လို လေ့ကျင့်ရမလဲဆိုတာ ပြောပြပေးပါမယ်။
Spirometer ဆိုတာ
Spirometer က ခုမှ ပေါ်တဲ့ ပစ္စည်းမဟုတ်ပါဘူး။ ဟိုးအရင်ထဲက အဆုတ်ဝေဒနာရှင်တွေ၊ ခွဲစိတ်ပြီး အိပ်ရာထဲမှာ အကြာကြီး လှဲနေရတဲ့ လူနာတွေမှာ အဆုတ်ကျန်းမာဖို့ လုပ်ရတဲ့ လေ့ကျင့်ခန်းထဲမှာ Spirometer လည်း ပါပါတယ်။ နေပြန်ကောင်းလို့ ဆေးရုံက ဆင်းရတော့မယ်ဆိုရင်တောင် Spirometerလေးနဲ့ အိမ်မှာ လေ့ကျင့်ခန်း ဆက်လုပ်ခိုင်းလေ့ရှိပါတယ်။
Spirometerက ဘာကို တိုင်းတာပေးသလဲ။
Spirometerတပ်ပြီး လေရှူသွင်းလိုက်ရင် ဘောလုံးလေး အပေါ်ကို တက်သွားတာ တွေ့ရမှာပါ။ ဒီဘောလုံးလေးက လေဘယ်လောက် ပမာဏ ရှူနိုင်လဲဆိုတာကို ပြပါတယ်။ ဘယ်လောက်ရတဲ့ ရှူသင့်တယ်ဆိုတာကို ဆရာဝန်က သတ်မှတ်ပေးပါလိမ့်မယ်။
ဘယ်သူတွေ Spirometer သုံးကြလဲ။
ခုလို ကိုဗစ်ကာလမှာ အဆုတ်ကျန်းမာအောင် ပြန်လေ့ကျင့်ပေးတဲ့ အနေနဲ့ သုံးကြသလို အရင်ကဆိုရင်
ခွဲစိတ်ပြီး အိပ်ရာထဲမှာ အကြာကြီး နေရတဲ့ လူနာတွေမှာ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် အလုပ်ပြန်လုပ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အနေနဲ့ သုံးရပါတယ်။ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ နမိုးနီးယား၊ လေအိတ်ပြဿနာ၊ လေပြွန်ကျဉ်းတာ၊ အသက်ရှူစနစ်ချို့ယွင်းတာတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
နမိုးနီးယား လူနာတွေမှာ အဆုတ်ပိုးဝင်ထားတာကြောင့် အရည်တွေ စုနေတတ်ပါတယ်။ Spirometerနဲ့ အသက်ဝဝရှူတာက ဒီအရည်တွေ အဆုတ်ထဲမှာ ခိုအောင်းမနေအောင် လုပ်ပေးနိုင်ပါတယ်။ အရည်တစိုစိုနဲ့ အဆုတ်က ပိုးတွေ ပေါက်လွယ်ပါတယ်။
COPDလို့ ခေါ်တဲ့ နာတာရှည် အဆုတ်ရောဂါကို အမြစ်ပြတ်အောင် ကုလို့ မရပေမယ့် ဆေးလိပ်ဖြတ်တာ၊ Spirometerနဲ့ လေ့ကျင့်ခန်း လုပ်တာက ဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
အဆုတ်နဲ့ လေပြွန်မှာ ချွဲတွေ ပြည့်နေတတ်တဲ့ ဒီရောဂါမှာ Spirometerနဲ့ လေ့ကျင့်ပေးမယ်ဆိုရင် ရင်ခေါင်းထဲမှာ ဖိအားသက်သာပြီး လေပြွန်တွေ မပိအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
- တခြားအခြေအနေ
တစ်ခါတလေမှာ ပန်းနာရင်ကျပ်၊ တံဇဉ်ပုံ သွေးအားနည်းရောဂါနဲ့ လေအိတ်ရောဂါတွေမှာ Spirometerနဲ့ လေ့ကျင့်ခိုင်းလေ့ရှိပါတယ်။
Spirometerရဲ့ ကောင်းကျိုးတွေက
Spirometerနဲ့ ပတ်သက်ပြီး တိတိကျကျ လေ့လာထားတာမျိုး မရှိပေမယ့် ဒီလေ့ကျင့်ခန်းက
- အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းစေတယ်။
- အဆုတ်ထဲက အရည်တွေ၊ ချွဲတွေကို ထွက်စေတယ်။
- အိပ်ရာထဲ လဲနေတဲ့ အချိန်မှာတောင် အဆုတ်ကို ကျန်းမာစေတယ်။
- အဆုတ်ပိုးဝင်တာကို လျှော့နည်းစေတယ်လို့ သိရပါတယ်။
Spirometerနဲ့ ဘယ်လို လေ့ကျင့်ကြမလဲ။
စစချင်းဆိုရင်တော့ ဆရာဝန်၊ သူနာပြုက တစ်ခေါက်လောက် သင်ပေးနိုင်ရင် ကောင်းပါတယ်။ ဒါမှမဟုတ်လည်း အင်တာနက်ကနေ ရှာပြီး လေ့လာလို့ ရပါတယ်။
-အရင်ဆုံး စိတ်ကို လျှော့ထားပါ။
-တတ်နိုင်သမျှ မတ်မတ်ထိုင်ပါ။ မတ်မတ် မထိုင်နိုင်ရင် ခေါင်းအုံးလေး မှီပြီး ကိုယ်ကို မတ်ထားပါ။
-Spirometerကို တည့်တည့်ကိုင်ပါ။ မျက်စိနဲ့ တစ်တန်းတည်း ထားနိုင်ရင် ပိုကောင်းပါတယ်။
-အသက်ရှူထုတ်ပါ။
-Spirometerရဲ့ ပိုက်ခေါင်းကို ပါးစပ်နဲ့ ငုံလိုက်ပါ။ လုံနေအောင် ငုံပါ။ ပိုက်ဝကို လျှာနဲ့ ပိတ်မထားပါနဲ့။
-ဖြည်းဖြည်းချင်း အသက်ကို နက်နက်နဲနဲ ရှူသွင်းပါ။ ဆရာဝန်သတ်မှတ်ထားတဲ့ ဂဏန်းရှိရင် အဲ့ဂဏန်းရောက်အောင် ရှူပါ။ မရှိရင် ရှူနိုင်သလောက် ရှူပါ။
-ဘောလုံးလေးတက်လာတာကို မြင်ရပါလိမ့်မယ်။ အဲ့ဒါ ကိုယ်ရှူတဲ့ ပမာဏပါ။
-ပြီးရင် ၅စက္ကန့်လောက် အသက်အောင့်ထားပါ။ ဘောလုံးလေး တအိအိနဲ့ ပြန်ကျလာပါလိမ့်မယ်။ နောက်ဆုံးမှာ အသက်ရှူထုတ်လိုက်ပါ။
-ခဏနားပါ။ ပြီးရင် ထပ်လုပ်ပါ။
-တစ်နာရီကို ၁၀ကြိမ်လောက်လုပ်ပေးလို့ ရပါတယ်။ တစ်နေ့ကို ၃-၄ခါလောက် လုပ်ပါ။
အကြိမ်ရေ ပြည့်ရင် ချောင်းဟပ်ပြီး အဆုတ်ထဲက ချွဲတွေ၊ အရည်တွေကို ရှင်းထုတ်ပါ။
ဘယ်အချက်တွေ သတိထားရမလဲ။
-ကိုဗစ်လူနာတွေမှာ နေပြန်ကောင်းလာရင် စလုပ်လို့ ရပါပြီ။ အောက်စီဂျင် ရှူနေရသေးတယ်။ လူနာက မောနေသေးတယ်ဆို မလုပ်ပါနဲ့ဦး။ လူကြီးတွေမှာ နေတော့ပြန်ကောင်းပြီ၊ အောက်ဆီဂျင် မရှူရတော့ဘူး။ အိပ်ရာထဲမှာတော့ နေရသေးတယ်ဆိုလည်း စလုပ်လို့ ရပါပြီ။
–ဘယ်လောက် ပမာဏ ရှူရမလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားနိုင်ပါတယ်။ စစချင်းတော့ ရှူနိုင်သလောက် ရှူပါ။ ရမှတ်ကို မှတ်ထားပါ။ တဖြည်းဖြည်း တိုးပြီး ရှူကြည့်ပါ။
-ရှူနေရင်းနဲ့ မူးလာရင်၊ မောလာရင် ရပ်လိုက်ပါ။
-Spirometer ကို မျှဝေပြီး မသုံးရပါ။
-အသက်ပြင်းပြင်း ရှူသွင်းဖို့၊ အသက်အောင့်ပြီးမှ ပြန်ရှူထုတ်ဖို့ မမေ့ပါနဲ့။
[embed-health-tool-bmi]