backup og meta

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

    နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုတာ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဆုတ်အားနည်းနေတာကြောင့် မကြာခဏလည်း ပိုးဝင်လွယ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် တစ်ချက် တစ်ချက် ထဖောက်တာမျိုးလည်း ရှိတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ကလည်း သိသာပါတယ်။

    နာတာရှည် လေပြွန်ရောင် ရောဂါလို့ သတ်မှတ်ဖို့ဆိုရင် တစ်နှစ်ကို အနည်းဆုံး ၃လလောက် ချောင်းဆိုး ချွဲကြပ်ဖြစ်ရပါမယ်။ နှစ်နှစ် ဆက်တိုက်ဖြစ်ရပါမယ်။ ဒီလိုချောင်းဆိုးတာကလည်း တီဘီတို့ တခြားအဆုတ်ရောဂါတို့ကြောင့် မဖြစ်ရပါဘူး။

    နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

    ခဏခဏ လေပြွန်ကို ထိခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် ကြာလာတဲ့ လေပြွန်ပျက်စီးပြီး အောက်ကလက္ခဏာတွေ ပေါ်လာပါတယ်။

    • ချောင်းဆိုး ချွဲကြပ်တာ

    အတွေ့ရအများဆုံး လက္ခဏာပါပဲ။ နေ့တိုင်းနီးပါးနဲ့ ၃လလောက် ဆိုးနိုင်ပါတယ်။ ဘယ်လောက်ဆိုးမှာလဲ။ ချွဲဘယ်လောက်ထွက်မှာလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ချွဲအရောင်ကလည်း အကြည်ရောင်ကနေ အဝါရောင်၊ အစိမ်းရောင်၊ တစ်ခါတလေ သွေးရောင်လေး ပါတတ်ပါတယ်။

    ဆေးလိပ်ကြောင့် ဖြစ်တာမို့လို့ ‘ဆေးလိပ်ချောင်း’ လို့လည်း ခေါ်ပါသေးတယ်။ မနက်စောစောဆိုရင် တစ်ညလုံး စုထားတဲ့ ချွဲတွေ ထွက်လာာတာကြောင့် ပျစ်ပြီး အရောင်ပါပါတယ်။ နောက်ပိုင်းကျမှ အရောင်ကြည်ပြီး ကျဲသွားပါတယ်။

    ရောဂါရင့်လာလေလေ ပိုမောလေလေပါပဲ။ လှုပ်လှုပ်ရှားရှားနေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါဆို ပိုမောပါတယ်။ နောက်ပိုင်း နာတာရှည် လေပြွန်ကျဉ်းရောဂါတို့၊ လေအိတ်ပျက်စီးတဲ့ ရောဂါတွေ ဖြစ်လာရင် အလိုလိုနေရင်းနဲ့ကို မောလာပါတယ်။

    လေပြွန်တွေ ပျက်စီးတဲ့အတွက် ကျဉ်းမြောင်းပြီး အသက်ရှူသွင်း ရှူထုတ်လုပ်လိုက်တိုင်းမှာ တရွှီရွှီအသံထွက်လာပါတယ်။

    ဒါ့ပြင်

    • နုံးတာ
    • လည်ပင်းနာတာ
    • ကြွက်သားတွေ ကိုက်ခဲတာ
    • ခေါင်းကိုက်တာ
    • နှာရည်ယိုတာတွေပါ ဖြစ်လာပါတယ်။

    နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့နောက်ဆက်တွဲ လက္ခဏာများ

    နာတာရှည် လေပြွန်ရောင်တာက သေချာမကုသဘူးဆိုရင် ကြာလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါတွေ ဝင်လာမှာပါ။ တချို့ကျတော့လည်း ရောဂါရှိမှန်းကို မသိတဲ့အတွက် မကုသဘဲ နောက်ဆက်တွဲ လက္ခဏာတွေပြမှ သိကြတာမျိုး ရှိပါတယ်။ ဒါတွေကတော့

    နာတာရှည် လေပြွန်ရောင်ရမ်းတဲ့အခါ အဆုတ်အားနည်းပြီး မကြာခဏ ပိုးဝင်လွယ်ပါတယ်။ တုပ်ကွေးရော၊ ဘတ်တီးရီးယားရော ဝင်နိုင်ပါတယ်။ ပိုးခဏခဏဝင်တဲ့အခါ အဆုတ်က ပိုအားနည်းပါတယ်။ ချောင်းဆိုးလည်း မပြတ်တဲ့အတွက် ရင်ဘတ်အောင့်လာပါတယ်။ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ် ဖြစ်နေတတ်ပါတယ်။

    • ဖျားတာ

    ပိုးဝင်လွယ်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ လူနာက ခဏခဏ ဖျားပါတယ်။ မကြာမကြာ နေမကောင်း ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်ကျသွားပါတယ်။

    • ပြာနှမ်းတာ

    နောက်ပိုင်းမှာ နာတာရှည် လေပြွန်ကျဉ်းတာကြောင့် သွေးထဲကို အောက်စီဂျင် ကောင်းကောင်း မရဘဲ နှုတ်ခမ်းတွေ ပြာတာ၊ လက်သည်းတွေ ပြာတာ ဖြစ်လာပါတယ်။

    • ဖောလာတာ

    အဆုတ်ပျက်စီးလာတာနဲ့အမျှ အဆုတ်သွေးကြောတွေမှာ ဖိအားတွေ များလာပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး နှလုံးမှာပါ လိုက်ပြီး ထိခိုက်လာပါတယ်။ နှလုံးမှာ ဖိအားတွေ များလာပြီး နှလုံးပျက်စီးတာကြောင့် မောလာတာ၊ ခြေထောက်တွေ ဖောလာတာ ဖြစ်တတ်ပါတယ်။

    နာတာရှည် လေပြွန်ရောင် ရောဂါက လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံချင်း မတူပါဘူး။ တချို့လူနာတွေက ရောဂါအစပိုင်းမှာ လက္ခဏာ ခံစားရပါတယ်။ တချို့ကျတော့လည်း နောက်ဆက်တွဲ ခံစားရမှ သိကြပါတယ်။ လက္ခဏာတွေ သိထားရင် စောစောစီးစီးကုသနိုင်မှာမို့လို့ လေ့လာထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement