နဂိုတည်းကလည်း ခေတ်သစ်လူနေမှု ပုံစံအရ အိပ်ချိန်မှန်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အတော့်ကို ကြိုးစားနေရတဲ့ လူ့အဖွဲ့အစည်းမှာ ကပ်ရောဂါဖြစ်လာတော့ ပိုဆိုးလာရော။ လေ့လာချက်တွေအရ ကပ်ဘေးကာလမှာ လူ၁၀ယောက်မှာ ၄ယောက်က အိပ်ရခက်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်တဲ့။ အိပ်စက်ခြင်း ပညာရှင်တွေကတော့ ကိုရိုနာကြောင့် ဖြစ်တဲ့ အိပ်မပျော်တာကို နာမည်လှလှလေး ပေးထားပါတယ်။ Corona ကြောင့်ဖြစ်တဲ့ insomia Coronasomia ပါတဲ့။
Coronasomia ဆိုတာ
Coronasomia ဆိုတာ ကပ်ဘေးကာလမှာ ကြုံရတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေကို ခေါ်တာပါ။ စိုးရိမ်စိတ်များတဲ့၊ စိတ်ကျတဲ့သူတွေက အိပ်မပျော်တာ မထူးဆန်းပေးမယ့် Coronasomia ကနည်းနည်းတော့ ဆန်းပါတယ်။ သူက COVID-19 ကပ်ရောဂါကြောင့် ဖြစ်တာပါ။
အများစုမှာ အိပ်မပျော်တဲ့ ပြဿနာက ကပ်ဘေးကာလမှာ စပြီး ကြုံရတာ ဒါမှမဟုတ် နဂိုတည်းက အိပ်မပျော်တဲ့သူတွေမှာ ပိုဆိုးလာတာကို တွေ့ရပါတယ်။ ဒီလို ဖြစ်လာရတာကလည်း နေ့စဉ်အလုပ်လုပ်ပုံတွေ ပြောင်းသွားတာကနေစလို့ ဆိုရှယ်မီဒီယာအသုံးများတာအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကို ခွဲခြမ်းကြည့်မယ်ဆိုရင်
-ငွေရေးကြေးရေး ပြဿနာ
-စိတ်ခံစားချက် ပြဿနာ
-ချစ်ခင်ရင်းနှီးသူတွေနဲ့ တွေ့ချင်သလို မတွေ့ရဘဲ အဝေးမှာ နေရတဲ့ ပြဿနာ
-ရှေ့ကို ဘာဆက်ဖြစ်မှန်းမသိတဲ့ ပြဿနာတွေကို တွေ့ရပါတယ်။
Coronasomiaရဲ့ လက္ခဏာတွေက
သူ့လက္ခဏာတွေကတော့
- တခြား အိပ်မပျောတဲ့ ရောဂါတွေလိုပဲ အိပ်ဖို့ ခက်ခဲတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ
- စိတ်ဖိစီးမှုတွေ များတာ
- စိုးရိမ်စိတ်နဲ့ စိတ်ကျတာတွေ ဖြစ်ပြီး အပျက်တွေပဲ တွေးနေမိတာ
- အိပ်ချိန်တွေ နောက်ကျတာာ၊ မမှန်တာ
- အိပ်ရေးမဝတဲ့ လက္ခဏာတွေ ဖြစ်တဲ့ နေ့ဘက်တွေမှာ အိပ်ချင်တာ၊ အာရုံစူးစိုက်မရတာ၊ စိတ်မကြည်တာတွေ ဖြစ်တတ်ပါတယ်။
လေ့လာချက်တွေအရ ကိုဗစ်ကာလမှာ အိပ်မပျော်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ကပ်ရောဂါမဖြစ်ခင်ကဆို ၂၄ရာခိုင်နှုန်းလောက်ကပဲ အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကို ခံစားရပါတယ်။ ကပ်ဘေးကာလမှာတော့ ၄၀ ရာခိုင်နှုန်းအထိ တက်လာတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ကပ်ဘေးကာလမှာ လူ၄ယောက်မှာ ၁ယောက်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားကြရပါတယ်။ ၂၀၁၉နဲ့ ယှဉ်လိုက်မယ်ဆိုရင် စိုးရိမ်ဆများတဲ့သူက ၃ဆ၊ စိတ်ကျတဲ့သူက ၄ဆလောက် တက်လာပါတယ်။
ဒါ့ပြင် လူတွေရဲ့ အိပ်စက်ပုံလည်း ပြောင်းလဲလာပါတယ်။ ညဘက်တွေဆို မအိပ်ဘဲ နေ့ဘက်တွေမှာ အိပ်နေတာ၊ ညဉ့်နက်မှ အိပ်ပြီး နေ့လယ်လောက်မှ ပြန်နိုးတာတွေ ဖြစ်လာကြပါတယ်။ ဒီတော့ ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေပါ ပြောင်းလဲကုန်တာပေါ့။
ဘယ်သူတွေ ပိုဖြစ်နိုင်သလဲ။
ကမ္ဘာ့ကပ်ဘေးဖြစ်တဲ့အတွက် လူတိုင်းကတော့ အနည်းနဲ့ အများ ခံစားရတာပါပဲ။ အဖြစ်များတဲ့သူတွေကတော့
- ကိုဗစ်ရောဂါခံစားရတဲ့သူတွေ
- ကျန်းမာရေး ဝန်ထမ်းတွေတွေ
- လူမှုကူညီရေး အသင်းဝင်တွေ
- အမျိုးသမီးတွေ
- လူငယ်တွေမှာ ပိုတွေ့ရပါတယ်။
အဖြစ်အများဆုံးကတော့ ကိုဗစ်လူနာတွေပါပဲ။ ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ မောတာ၊ ချောင်းဆိုးတာကြောင့် အိပ်မရဘူးဆိုတဲ့သူ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်တဲ့။
ဘာတွေက Coronasomia ကို ဖြစ်စေတာလဲ။
ကိုဗစ်ကပ်ရောဂါက လူ့အသက်ကိုရော နေ့စဉ်ဘဝကိုရော ခြိမ်းခြောက်နေပါတယ်။ ကလေးတွေ၊ မိဘတွေ ဆိုရင်လည်း အိမ်ကနေ စာသင်ဖို့ ပြင်ကြရသလို၊ ဝန်ထမ်းတွေကလည်း အိမ်ကနေ အလုပ်လုပ်ရတာ၊ တချို့ဆို လစာလျှော့ခံရတာ၊ ဖြုတ်ခံရတာတွေအထိ ကြုံလာကြရပါတယ်။ တချို့ကျတော့လည်း ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ရတာ၊ ချစ်ခင်ရတဲ့သူတွေ ဆုံးပါးသွားတာမျိုး ရှိပါတယ်။
ဒီလိုမျိုး ဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စတွေ၊ စိတ်ပင်ပန်းစရာတွေ၊ မရေရာ မသေချာမှုတွေကို အချိန်အကြာကြီး ခံစားနေရတဲ့အတွက် လူတွေ အိပ်မပျော်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီထဲမှာမှ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့
- စိတ်ဖိစီးမှု များတာ
ဘဝမှာ ထူးထူးခြားခြား အပြောင်းအလဲတွေ တွေ့ရတဲ့အခါ လူတွေက အိပ်စက်ပုံ ပြောင်းသွားတတ်တယ်တဲ့။ ကိုဗစ်ကလည်း ဒီလိုအပြောင်းအလဲကြီးတွေထဲက တစ်ခုပေါ့။
ဒီလို ကပ်ရောဂါမျိုး မပြောနဲ့။ နေ့စဉ်ဘဝမှာ ကြုံရတဲ့ သာမန်စိတ်ဖိစီးမှုလေးကတောင် အိပ်စက်တဲ့ ပုံစံကိုပြောင်းစေနိုင်ပါတယ်။ အိပ်မရတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ၊ အိပ်နေတုန်းပြန်ပြန်နိုးတာတွေ ဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီစောက အိပ်စက်ခြင်းဟော်မုန်း မယ်လတိုနင်နဲ့ ပြောင်းပြန်အလုပ်လုပ်ပါတယ်။ ကော်တီစောက မနက်ဆိုထွက်ပြီး ညဆို နည်းသွားပါတယ်။ ညဆို မယ်လတိုနင် ထွက်လာပြီး အိပ်ဖို့ပြင်ဆင်ပေးပါတယ်။ ကိုဗစ်လိုမျိုး နာတာရှည် စိတ်ဖိစီးနေရမယ်ဆိုရင်တော့ ကော်တီစောက တစ်နေကုန်ထွက်နေပြီး မယ်လတိုနင်ရဲ့ အလုပ်ကို အနှောင့်အယှက် ဖြစ်စေမှာပါ။
ကိုဗစ်ကပ်ရောဂါက နေ့စဉ်ဘဝကို စိတ်ဖိစီးမှုတွေ သယ်လာပေးပါတယ်။ အိမ်မှာပဲ နေနေရတာကစလို့ အိမ်ကနေပဲ အလုပ်လုပ်ရတာ၊ မိဘတွေဆိုလည်း သားသမီးကို အိမ်မှာပဲ စာသင်ပေးရတာ၊ နေ့စဉ်နေ့တိုင်း အိမ်ထဲမှာပဲ ပိတ်မိနေသလိုဖြစ်နေတတ်ပါတယ်။ ဒီလို ပိတ်မိနေတာက သဘာဝနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းလို့ ခန္ဓာကိုယ်ထဲက အိပ်စက်ခြင်း စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိမ်မှာပဲဆိုတော့ နေ့ဘက်မှာလည်း မကြာခဏ အိပ်မိတတ်ပါတယ်။
- နေ့စဉ်ဘဝ ဆုံးရှုံးသွားတာ
တတ်နိုင်သမျှ ခွာခွာနေကြ၊ လူစုလူဝေး မလုပ်ရဘူးဆိုတော့ အလိုလိုနေရင်း အထီးကျန်လာရော။ အပြင်ထွက်ပြီး ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကိုလည်း မလုပ်နိုင်တော့ပါဘူး။ အချင်းချင်း စကားပြောတာ၊ စားသောက်တာ၊ gymသွားတာ၊ လူမှုရေးပွဲတွေသွားတာ စတာတွေက ဦးနှောက်ရဲ့ အိပ်စက်ခြင်း စက်ဝန်းကို သက်ရောက်ပါတယ်တဲ့။ ခုလို ကိုဗစ်ဖြစ်လာပြီး ဒီဟာတွေလည်း လုပ်စရာ မရှိတော့ တစ်ယောက်တည်း ဖြစ်သွားတာပေါ့။
တချို့ကျတော့ အရင်လို လုပ်စရာ မယ်မယ်ရရ မရှိတာကြောင့် နောက်ကျမှအိပ်၊ နောက်ကျမှထတွေ ဖြစ်ကုန်ပါတယ်။ ဒါက အိပ်ချိန်တင်မကဘဲ ကိုယ်တွင်းကလုပ်ငန်းစဉ်တွေ (အစာခြေတာ၊ ခုခံအား၊ ခံတွင်းလိုက်တာ) ပါ ထိခိုက်လာပါတယ်။
ဒီလိုနဲ့ အိပ်ရေးမဝတာနဲ့ စိတ်ဖိစီးတာက လုံးလည်ချာလည် လိုက်နေပါတယ်။ အိပ်ရေးမဝတော့ စိတ်ဖိစီး၊ ကော်တီစောတွေထွက်၊ စိတ်မကြည်တာတွေ ဖြစ်လာပါတယ်။ တချို့က နေ့လယ်ဘက်မှာ အဝအိပ်လိုက်တော့ ညကျ မအိပ်ချင်တော့ပါဘူး။ အိပ်ရေးမဝတော့ လေ့ကျင့်ခန်းလည်း မလုပ်နိုင်သလို ကျန်းမာရေးနဲ့ မညီညွတ်တာတွေကိုပဲ အာသီသဖြစ်နေပါတော့တယ်။
- ဆိုရှယ်မီဒီယာ အသုံးများတာ
အပြင်မထွက်ရတဲ့ အခါကျတော့ ဖုန်းသည်မှာ သတင်းအချက်အလက်တို့ စုစည်းရာပေါ့။ ဒီထဲမှာ မကောင်းတဲ့ သတင်းတွေကိုပဲ တွေ့ရတဲ့အခါ စိတ်ဖိစီးတာမျိုး ဖြစ်လာပါတယ်။ သတင်းတွေကို ကြည့်လေလေ စိတ်ထဲမှာ တင်းကျပ်မှုတွေ များလေလေပါပဲ။
ပိုဆိုးတာက အိပ်ခါနီးအချိန်မှာ ဖုန်းသုံးတာပါ။ အိပ်ခါနီး သုံးလိုက်ရင် တော်တော်နဲ့ အိပ်မပျော်ဘဲ အိပ်ချိန်တွေ နောက်ကျသွားတတ်ပါတယ်။ ဖုန်းစကရင်ကထွက်တဲ့ blue lightတွေကလည်း နေရောင်ခြည်လိုပဲ လူကို လန်းနေအောင် လုပ်ပေးပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရမယ့်အစား တက်တက်ကြွကြွနဲ့ နိုးနေပါတယ်။
ကိုဗစ်ကာလမှာ အိပ်ပျော်နိုင်စေဖို့
ကံကောင်းတာက ကုမရတဲ့ ရောဂါမဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေထိုင်ပုံကို ဆင်ခြင်လိုက်ရင် ပြန်ပြီး အိပ်ပျော်လာနိုင်ပါတယ်။
- အိပ်ချိန် ထချိန် သတ်သတ်မှတ်မှတ်ထားပါ။
- အိပ်ခါနီး ဖုန်းမသုံးပါနဲ့။
- ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပါ။
- မအိပ်ခင် တရားထိုင်ပါ။
- စိတ်ဖိစီးမှု လျှော့ချပါ။
- နေ့ဘက်တွေမှာ အစီအစဉ်ဆွဲပြီး အလုပ်လုပ်ပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်ပျော်ဖို့က အရေးကြီးပါတယ်။ အိပ်ရေးမဝလို့ ခုခံအားကျလာခဲ့ရင် ကိုဗစ်ကူးနိုင်ခြေ ပိုများလို့ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။
[embed-health-tool-bmi]