backup og meta

အိပ်မပျော်ခြင်းအတွက် ဖြည့်စွက်အာဟာရ မယ်လတိုနင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မပျော်ခြင်းအတွက် ဖြည့်စွက်အာဟာရ မယ်လတိုနင်

    အိပ်မပျော်ခြင်းဟာ ခေတ်သစ်လူနေမှုစနစ်ရဲ့ ပြဿနာတစ်ခုပါ။ ညတိုင်း လူတွေ သက်သောင့်သက်သာ အိပ်ပျော်ဖို့၊ ကြည်ကြည်လင်လင်နိုးထဖို့ အချက်ပေါင်းများစွာပေါ် မူတည်နေပါတယ်။ ဒီထဲမှာ မယ်လတိုနင် လို့ခေါ်တဲ့ ဟော်မုန်းလည်းပါပါတယ်။ ဒီဟော်မုန်းက အိပ်ခြင်း၊ နိုးခြင်းကို ထိန်းချုပ်ပေးပါတယ်။ ညဆိုအိပ်ရမယ်၊ မနက်ဆို ထရမယ်လို့ ဒီဟော်မုန်းက အချက်ပြပေးတာပါ။

    မယ်လတိုနင် ဆိုတာ

    မယ်လတိုနင်ဆိုတာ သဘာဝဟော်မုန်းဖြစ်ပြီး ဦးနှောက်ထဲက ပီနီရယ်ဂလင်းကနေထုတ်ပေးပြီး သွေးထဲကိုရောက်စေပါတယ်။ မှောင်တဲ့အခါ ပီနီရယ်ဂလင်းက ဟော်မုန်းကို ထုတ်ပေးပြီး လင်းနေရင်တော့ ထုတ်တာ ရပ်လိုက်ပါတယ်။ ဒါကြောင့်  မယ်လတိုနင်က ကိုယ်ထဲက အိပ်စက်ခြင်းကို ထိန်းချုပ်တဲ့ ဇီဝနာရီကို မှန်စေပြီး ညဆိုအိပ် နေ့ဆို ထစေတာပါ။ ဒီလိုနဲ့ လူတွေက အိပ်ချိန်မှန်၊ အိပ်ရေးဝပြီး ကြည်ကြည်လင်လင်နဲ့ နိုးလာတာပါ။

    ဒါက သဘာဝဖြစ်စဉ်ပါ။ ကိုယ်ထဲကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ မယ်လတိုနင်ရဲ့ အလုပ်လုပ်ပုံပါ။ ဒီဟော်မုန်းကို အပြင်မှာလည်း ထုတ်လို့ရပါတယ်။ ဓာတ်ခွဲခန်းတွေမှာ ထုတ်လုပ်ပြီး ဖြည့်စွက်အာဟာရအနေနဲ့ မှီဝဲနိုင်ပါတယ်။

    ဘယ်လိုလူတွေ မယ်လတိုနင်ကို မှီဝဲနိုင်သလဲ။

    အဓိကကတော့ ဇီဝနာရီ မမှန်တဲ့သူတွေပါ။ သူတို့တွေကတော့

  • အိပ်ချိန်စက်ဝန်း ပုံမှန်မရှိတဲ့သူတွေ (နေ့ဆိုင်း ညဆိုင်းသမားတွေ။ သူတို့တွေက နေ့နဲ့ ညနဲ့ အလှည့်ကျ အလုပ်လုပ်ရတဲ့အခါ အိပ်ချိန်မမှန်တာ၊ ပုံမှန်မဟုတ်တာတွေ ဖြစ်တတ်ပါတယ်။)
  • Time zoneမတူတဲ့ နေရာတွေကို မကြာခဏ ခရီးသွားနေရသူတွေ (ဥပမာ လေယာဥ်ဝန်ထမ်းတွေ။ ရောက်တဲ့အရပ်မှာ နေဝင် နေထွက်ချိန်မတူတဲ့အတွက် အိပ်ချိန်တွေပါ ခဏခဏ အပြောင်းအလဲ ဖြစ်ပါတယ်။) ဖြစ်ပါတယ်။
  • ဒါ့ပြင်

  • အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်မမှန်တဲ့သူတွေ (ဥပမာ ညဘက်တွေ ရုပ်ရှင်ကြည့်နေတာ၊ စိုးရိမ်စိတ်ကြောင့် တစ်ညလုံး အိပ်မပျော်ဘဲ လင်းအားကြီးမှ အိပ်ပျော်ပြီး အိပ်ချိန်၊ ထချိန်တွေ ကမောက်ကမဖြစ်ကုန်တာ)
  • သက်ကြီးရွယ်အိုတွေ (အသက်ကြီးတဲ့သူတွေမှာတော့ သဘာဝအရကို မယ်လတိုနင်တွေ လျော့နည်းလာတာကြောင့်ပါ)
  • မယ်လတိုနင် လား အိပ်ဆေးလား

    ခုနောက်ပိုင်းမှာ အိပ်ချိန်မမှန်လို့ အိပ်ရခက်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေမှာ အိပ်ဆေးအစား မယ်လတိုနင်ကို ပြောင်းသုံးလာကြပါပြီ။ မယ်လတိုနင်ရဲ့ အားသာချက်က

    • ဖြည့်စွက်စာ ဖြစ်တဲ့အတွက် ဆရာဝန်ဆေးစာ မလိုဘဲ ဝယ်လို့ရတယ်။
    • ဆေးစွဲတာ၊ အိပ်ဖို့ ဆေးပိုလိုလာတယ်ဆိုတာ မဖြစ်ဘူး။
    • နောက်ရက်မှာ ကြည်ကြည်လင်လင်နဲ့ နိုးလာတယ်။
    • နေ့ဘက်မှာပါ ဆက်ငိုက်နေတာမျိုး မရှိဘူး။
    • ကိုယ်အိပ်ချင်တဲ့ အချိန်ကို ညှိလို့ရတယ်။
    • အိပ်ချိန် နိုးချိန် မှန်စေတယ်။
    • ဆေးရပ်လိုက်လို့ အိပ်မပျော်တာမျိုး မဖြစ်စေဘူး။
    • အိပ်ဆေးထက်စာရင် ဘေးထွက်ဆိုးကျိုးနည်းတာကို တွေ့ရပါတယ်။

    မယ်လတိုနင်ကို ဘယ်လိုမှီဝဲမလဲ။

    မယ်လတိုနင်ကို ကိုယ်အိပ်ချင်တဲ့ အချိန်ရဲ့ ၁-၂နာရီလောက် ကြိုသောက်ပေးရပါတယ်။ ပြီးရင်တော့ မယ်လတိုနင် ကောင်းကောင်း အလုပ်လုပ်နိုင်အောင် မီးမှောင်ချပြီး အိပ်ရာထဲမှာ နေသင့်ပါတယ်။ သောက်ရမယ့် ပမာဏကိုတော့ ဆေးဘူးပေါ်မှာ ကြည့်နိုင်ပါတယ်။

    ဘေးထွက်ဆိုးကျိုး ဘာရှိသလဲ။

    ရေတိုမှာတော့ မယ်လတိုနင်က အန္တရာယ်ကင်းတဲ့ထဲမှာ ပါပါတယ်။ အများစုက ဘာမှမဖြစ်ဘဲ သောက်နိုင်ကြပါတယ်။ လူနည်းစုမှာတော့ နေ့ဘက်မှာ ငိုက်တာ၊ ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာ၊ မူးတာ ခံစားရနိုင်ပါတယ်။

    မယ်လတိုနင်ကို ရေရှည် စွဲသောက်လို့ ရမရ ဆိုတာကိုတော့ လေ့လာဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး အိပ်ချိန်လေး ပြန်မှန်လာပြီဆိုရင် ဆေးရပ်လိုက်လို့ရပါတယ်။

    မယ်လတိုနင်က တချို့ဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့အတွက် စွဲသောက်နေတဲ့ ဆေးတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

    မယ်လတိုနင်ကို ကူညီပေးမယ့် အရာများ

    အိပ်ပျော်ဖို့အတွက်  မယ်လတိုနင်လည်း သောက်ရသသလို အိပ်စက်တာကို အထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတွေ ရှိဖို့ လိုပါတယ်။ ဒါကို sleep hygieneလို့ ခေါ်ပါတယ်။ အတူတွဲလုပ်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ရလဒ်ကောင်းရနိုင်ပါတယ်။ ဒါတွေကတော့

    • နေ့လယ်မှာ နာရီဝက်ထက် ပိုမအိပ်ဖို့
    • နေ့ဘက်မှာ သဘာဝနေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့
    • အိပ်ခါနီးမှာ ရေနွေးလေးနဲ့ ရေချိုးဖို့
    • အိပ်ခါနီးမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်ဖို့
    • အိပ်ရာထဲမှာ ဖုန်းမသုံးဖို့
    • သက်သောင့်သက်သာ ရှိပြီး အလင်းရောင်နည်းတဲ့ နေရာမှာ အိပ်ဖို့
    • အိပ်ရာဝင်ချိန် ပုံမှန်သတ်မှတ်ထားဖို့
    • အိပ်ရာဝင်ခါနီး ၁၀မိနစ်လောက်  အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

    မအိပ်ခင် ၁-၂နာရီလောက်အလိုမှာ မယ်လတိုနင်လည်း သောက်မယ်။ Sleep hygieneလည်း လုပ်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။ နောက်ပိုင်းမှာ တဖြည်းဖြည်း အကျင့်ဖြစ်လာရင် အိပ်ရခက်တာ၊ အိပ်ရေးမဝတာ၊ အိပ်မပျော်တာ စတဲ့ ပြဿနာတွေ ကင်းသွားပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement